မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ဘယ်လိုလူစားဖြစ်သင့်တယ်ဆိုတာ ဆင်ခြင်ပါ

သင် ဘယ်လိုလူစားဖြစ်သင့်တယ်ဆိုတာ ဆင်ခြင်ပါ

“မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရားဆည်းကပ် သူများ ဖြစ်သင့်၏။” —၂ ပေ. ၃:၁၁

၁၊ ၂။ ဘုရားသခင့်မျက်နှာသာရဖို့ ကျွန်ုပ်တို့ ဘယ်အရာတွေလိုအပ်သလဲ။

လူတွေဟာ တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်သလဲဆိုတာကို စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့အတွက်ကတော့ ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လိုထင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ်တော်ဟာ စကြဝဠာမှာအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး “အသက်ရဲ့ပင်ရင်း” ဖြစ်တယ်။—ဆာ. ၃၆:၉ကဘ။

ယေဟောဝါရဲ့မျက်နှာသာ ရဖို့အတွက် ကျွန်ုပ်တို့ဟာ “သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားတရားဆည်းကပ်သူများ” ဖြစ်ဖို့လိုတယ်လို့ တမန်တော်ပေတရုက ပြောခဲ့တယ်။ (၂ ပေတရု ၃:၁၁ ကိုဖတ်ပါ။) ကျွန်ုပ်တို့ဟာ အဘက်ဘက်မှာ သန့်ရှင်းတဲ့ဘဝပုံစံမျိုးနဲ့ အသက်ရှင်မှသာ ကျွန်ုပ်တို့ရဲ့ “အမူအကျင့်” က သန့်ရှင်းမှာဖြစ်တယ်။ အဲဒီထဲမှာ ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ပြုမူပုံနဲ့ ဝတ်ပြုရေး ပါဝင်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်းချစ်ပြီး လေးစားခြင်းအားဖြင့် “ဘုရားတရားဆည်းကပ်သူများ” ဖြစ်ဖို့လည်းလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ အမူအကျင့်တွေသာမက ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကလည်း ကိုယ်တော့်အတွက် အရေးပါတယ်။ ယေဟောဝါဟာ “စိတ်နှလုံးကိုစစ်” တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့အမူအကျင့်တွေက သန့်ရှင်းသလား၊ ကိုယ်တော်တစ်ပါးတည်းကိုပဲ ကျွန်ုပ်တို့ ဝတ်ပြုနေသလားဆိုတာ ကိုယ်တော်သိတယ်။—၅ ရာ. ၂၉:၁၇

၃။ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

စာတန်မာရ်နတ်က ကျွန်ုပ်တို့ကို ဘုရားသခင့်မျက်နှာသာ မရစေချင်ဘူး။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ကြားမှာရှိတဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပျက်စီးသွားအောင် သူ အစွမ်းကုန်လုပ်နေတယ်။ စာတန်ဟာ ကျွန်ုပ်တို့ ယေဟောဝါကို ဝတ်မပြုတော့အောင် အလိမ်အညာတွေသုံးပြီး ကျွန်ုပ်တို့ကို အဆက်မပြတ် လှည့်ဖြားနေတယ်။ (ယော. ၈:၄၄; ၂ ကော. ၁၁:၁၃-၁၅) ဒါကြောင့် ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘လူတွေကို စာတန် ဘယ်လို လှည့်ဖြားနေသလဲ။ ယေဟောဝါနဲ့ ငါ့ရဲ့ ဆက်ဆံရေးကို ကာကွယ်ထိန်းသိမ်းဖို့ ငါ ဘာလုပ်နိုင်သလဲ။’

လူတွေကို စာတန် ဘယ်လိုလှည့်ဖြားနေသလဲ

၄။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့အတွက် စာတန် ဘာကို ပစ်မှတ်ထားသလဲ။ ဘာကြောင့်လဲ။

တပည့်ဖြစ်သူယာကုပ် ဒီလိုရေးခဲ့တယ်– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။ တစ်ဖန် အပြစ်ပြုပြီးသည့်အခါ သေခြင်းသို့ ပို့ဆောင်တတ်၏။” (ယာ. ၁:၁၄၊ ၁၅) စာတန်ဟာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဖျက်ဆီးဖို့အတွက် ကျွန်ုပ်တို့ရဲ့အလိုဆန္ဒတွေ စတင်ဖြစ်ပေါ်လာတဲ့ ကျွန်ုပ်တို့ရဲ့နှလုံးကို ပစ်မှတ်ထားတယ်။

၅၊ ၆။ (က) ကျွန်ုပ်တို့ရဲ့နှလုံးကို ဩဇာလွှမ်းမိုးဖို့ စာတန် ဘယ်လိုလုပ်သလဲ။ (ခ) ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ မသင့်တော်တဲ့အလိုဆန္ဒတွေပေါ်လာအောင် စာတန် ဘယ်အရာသုံးခုကို အသုံးပြုသလဲ။ အဲဒီအရာတွေကို အသုံးပြုရာမှာ သူ ဘယ်လောက်အတွေ့အကြုံရှိသလဲ။

ကျွန်ုပ်တို့ရဲ့နှလုံးကို ဩဇာလွှမ်းမိုးဖို့ စာတန် ဘယ်လိုလုပ်သလဲ။ “တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေ” တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၁ ယော. ၅:၁၉) စာတန်သုံးတဲ့လက်နက်ထဲမှာ “လောက၌ရှိသောအရာ” တွေပါတယ်။ (၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။) စာတန်ဟာ လူတွေကိုလှည့်ဖြားဖို့အတွက် ဒီလောကကို လိမ္မာပါးနပ်စွာနဲ့ အကွက်ဆင်ပြီး အသုံးချနေတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ ကျွန်ုပ်တို့ဟာ ဒီလောကမှာ အသက်ရှင်နေရလို့ စာတန်ရဲ့ နည်းပရိယာယ်တွေထဲ မကျရောက်သွားအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုတယ်။—ယော. ၁၇:၁၅

ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ မသင့်တော်တဲ့အလိုဆန္ဒတွေပေါ်လာအောင် စာတန် လုပ်ဆောင်နေတယ်။ အဲဒီလိုလုပ်ရာမှာ စာတန်ဟာ တမန်တော်ယောဟန် ပြောခဲ့တဲ့ “လောက၌ရှိသောအရာ” သုံးခုကိုအသုံးပြုနေတယ်။ အဲဒါတွေက (၁) “သွေးသားတပ်မက်ခြင်း၊” (၂) “မျက်စိတပ်မက်ခြင်း” နဲ့ (၃) “လောကစည်းစိမ်၌ဝါကြွားခြင်း” တို့ဖြစ်တယ်။ စာတန်ဟာ အဲဒီသုံးခုစလုံးကိုသုံးပြီး တောထဲမှာ ယေရှုကို လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်။ အဲဒီအရာတွေကို စာတန် အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ အရမ်းကျွမ်းကျင်နေပြီ၊ ဒါကြောင့် ဘယ်သူ့ကို ဘယ်အရာသုံးပြီး လှည့်ဖြားရမယ်ဆိုတာကို သူ ကောင်းကောင်းသိတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို မလေ့လာခင် မာရ်နတ်ဟာ ဘာကြောင့် ဧဝကိုလှည့်ဖြားရာမှာ အောင်မြင်ပြီး ဘုရားသခင့်သားတော်ကို လှည့်ဖြားရာမှာ မအောင်မြင်သလဲဆိုတာကို အရင်ကြည့်ကြစို့။

“သွေးသားတပ်မက်ခြင်း”

“သွေးသားတပ်မက်ခြင်း” ကြောင့် ဧဝကျၡုံးသွား (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ စာတန်ဟာ “သွေးသားတပ်မက်ခြင်း” ကိုသုံးပြီး ဧဝကို ဘယ်လိုလှည့်ဖြားခဲ့သလဲ။

လူတွေဟာ အသက်ရှင်ဖို့ အစာစားရတယ်။ ဖန်ဆင်းရှင်က မြေကြီးထဲကနေ အစားအစာ အလျှံပယ်ထွက်ရှိဖို့ ပြုလုပ်ထားတယ်။ စာတန်ဟာ ကျွန်ုပ်တို့ရဲ့ အစာစားလိုတဲ့ သဘာဝဆန္ဒကို အသုံးချပြီး ဘုရားသခင်မနှစ်သက်တဲ့အရာတွေကို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို သွေးဆောင်မှာဖြစ်တယ်။ ဒီနည်းကိုသုံးပြီး ဧဝကို စာတန် ဘယ်လို လှည့်ဖြားခဲ့သလဲဆိုတာ ကြည့်ကြစို့။ (ကမ္ဘာဦး ၃:၁-၆ ကိုဖတ်ပါ။) စာတန်က ဧဝကို ‘ကောင်းမကောင်းသိကျွမ်းရာအပင်’ ရဲ့အသီးကိုစားရင် သေမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒါကိုစားလိုက်ရင် ဘုရားလိုဖြစ်လာမယ်လို့ပြောတယ်။ (က. ၂:၉) ဧဝ ဆက်ပြီးအသက်ရှင်သန်ဖို့ ဘုရားသခင့်စကား နားထောင်စရာမလိုဘူးလို့ မာရ်နတ် ပြောနေတာဖြစ်တယ်။ အဲဒါက တကယ့်အလိမ်အညာစကားပဲ။ အဲဒီအတွေးအခေါ်ကို ဧဝရဲ့စိတ်နှလုံးထဲ စာတန်ထည့်ပေးလိုက်တဲ့အခါ ဧဝမှာ ရွေးချယ်စရာ နှစ်ခုရှိလာတယ်– အဲဒီအယူအဆကို ဧဝ ငြင်းဆန်နိုင်တယ်၊ ဒါမှမဟုတ် အသီးအကြောင်း ဆက်စဉ်းစားပြီး အသီးနဲ့ပတ်သက်တဲ့ သူ့ရဲ့အလိုဆန္ဒကို ဆက်ပြင်းပြခွင့်ပြုနိုင်တယ်။ ဧဝဟာ တခြားအပင်က ဘယ်အသီးကိုမဆို စားလို့ရပေမဲ့ ဥယျာဉ်အလယ်က အပင်အကြောင်းကိုပဲ ဆက်စဉ်းစားဖို့ ရွေးချယ်လိုက်တယ်။ ဒါနဲ့ အဲဒီအပင်ကအသီးကို သူစားလိုက်တယ်။ ဧဝရဲ့စိတ်ထဲမှာ ဖန်ဆင်းရှင်တားမြစ်ထားတဲ့ အရာတစ်ခုခုကို လိုချင်တဲ့ဆန္ဒပေါ်လာအောင် စာတန် လုပ်ဆောင်ခဲ့တယ်။

အရေးကြီးဆုံးအရာကို ယေရှု ဘယ်တော့မှမမေ့ခဲ့ (အပိုဒ် ၈ ကိုကြည့်ပါ)

၈။ စာတန်ဟာ “သွေးသားတပ်မက်ခြင်း” ကိုသုံးပြီး ယေရှုကို ဘယ်လိုလှည့်ဖြားခဲ့သလဲ။ စာတန် ဘာကြောင့် မအောင်မြင်ခဲ့သလဲ။

စာတန်ဟာ အဲဒီနည်းကိုပဲသုံးပြီး ယေရှုကို လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်။ ယေရှု ရက် ၄၀၊ ည ၄၀ အစာမစားဘဲ တောထဲမှာရှိနေတုန်း စာတန်က အစာစားချင်တဲ့ဆန္ဒကိုသုံးပြီး ယေရှုကိုလှည့်ဖြားဖို့ ကြိုးစားခဲ့တယ်။ စာတန်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ပေးလော့” လို့ ပြောခဲ့တယ်။ (လု. ၄:၁-၃) ယေရှုမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်– အစာစားလိုတဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ သူ့ရဲ့တန်ခိုးကို မသုံးဖို့ ရွေးချယ်နိုင်တယ် ဒါမှမဟုတ် သူ့ရဲ့တန်ခိုးကိုသုံးဖို့ ရွေးချယ်နိုင်တယ်။ ယေရှုဟာ မိမိရဲ့တန်ခိုးကို တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်အတွက် မသုံးသင့်ဘူးဆိုတာ သိတယ်။ ယေရှု ဆာလောင်နေတာမှန်ပေမဲ့ ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးက အစားအစာထက် ပိုအရေးကြီးတယ်။ ယေရှုက “‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” လို့ ပြန်ဖြေခဲ့တယ်။—မ. ၄:၄

“မျက်စိတပ်မက်ခြင်း”

၉။ “မျက်စိတပ်မက်ခြင်း” ဆိုတာ ဘာလဲ။ စာတန်က အဲဒါကိုသုံးပြီး ဧဝကို ဘယ်လို လှည့်ဖြားခဲ့သလဲ။

ယောဟန်ဖော်ပြခဲ့တဲ့ စာတန်ရဲ့ နောက်ထပ်လှည့်ဖြားနည်းတစ်ခုက “မျက်စိတပ်မက်ခြင်း” ဖြစ်တယ်။ လူတစ်ယောက်ဟာ အရာတစ်ခုကို ကြည့်လိုက်ရုံနဲ့ လိုချင်တပ်မက်စိတ် ပေါ်လာနိုင်တယ်။ စာတန်ဟာ အဲဒီဆန္ဒကို အသုံးချပြီး ဧဝကို သင့်ရဲ့မျက်စိ “ပွင့်လင်း” မယ်လို့ပြောခဲ့တယ်။ ဧဝဟာ တားမြစ်ထားတဲ့အသီးကို ကြည့်လေ လိုချင်တပ်မက်စိတ် ပိုပြင်းပြလေ ဖြစ်လာတယ်။ ဧဝရဲ့အမြင်မှာ အဲဒီအပင်ဟာ အဆင်းလှပြီး ရှုချင်စဖွယ် ဖြစ်လာတယ်။

၁၀။ စာတန်ဟာ “မျက်စိတပ်မက်ခြင်း” ကိုသုံးပြီး ယေရှုကို ဘယ်လို လှည့်ဖြားခဲ့သလဲ။ ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၀ စာတန်ဟာ “မျက်စိတပ်မက်ခြင်း” ကိုသုံးပြီး ယေရှုကို ဘယ်လို လှည့်ဖြားခဲ့သလဲ။ စာတန်ဟာ “လူနေရာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှကို တစ်ခဏချင်းတွင် ပြပြီးလျှင် ‘ဤအခွင့်အာဏာရှိသမျှနှင့် ထိုနိုင်ငံများ၏ ဘုန်းစည်းစိမ်ကို သင့်အား ငါပေးမည်’” လို့ ပြောခဲ့တယ်။ (လု. ၄:၅၊ ၆) ယေရှုမြင်တွေ့ခဲ့တာက တကယ့် တိုင်းနိုင်ငံတွေမဟုတ်ဘူး၊ အဲဒီတိုင်းနိုင်ငံတွေရဲ့ ဘုန်းစည်းစိမ်ကို ရူပါရုံနဲ့ပြတာကို မြင်ခဲ့ရတာဖြစ်တယ်။ စာတန်က ယေရှုဟာ မြင်တွေ့ရတဲ့အရာကြောင့် လှည့်စားခံရမယ်လို့ ယူဆခဲ့မှာဖြစ်တယ်။ စာတန်က ယေရှုကို “သင်သည် ငါ့ကို တစ်ကြိမ်သာ ကိုးကွယ်လျှင် ဤအရာရှိသမျှသည် သင်၏ဥစ္စာဖြစ်လိမ့်မည်” လို့ ပြောခဲ့တယ်။ (လု. ၄:၇) ယေရှုဟာ စာတန်ဖြစ်စေချင်တဲ့လူစားမျိုး လုံးဝ အဖြစ်မခံခဲ့ဘူး။ ချက်ချင်းပဲ “‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” လို့ ပြန်ပြောခဲ့တယ်။—လု. ၄:၈

“လောကစည်းစိမ်၌ဝါကြွားခြင်း”

၁၁။ ဧဝဟာ ဘယ်လိုနည်းနဲ့ စာတန်ရဲ့လှည့်စားမှုကို ခံလိုက်ရသလဲ။

၁၁ နောက်ဆုံးမှာ ယောဟန်က “လောကစည်းစိမ်၌ ဝါကြွားခြင်း” အကြောင်း ပြောခဲ့တယ်။ အာဒံနဲ့ဧဝ ကမ္ဘာပေါ်မှာ နှစ်ယောက်တည်းရှိခဲ့ချိန်တုန်းက သူတို့မှာရှိတဲ့အရာတွေကို တခြားသူတွေရှေ့မှာ ဝါကြွားလို့မရခဲ့ဘူး။ ဒါပေမဲ့ သူတို့ မာနကြီးလာကြတယ်။ ဧဝ ရသင့်ရထိုက်တဲ့အရာတစ်ခုခုကို ဘုရားသခင်က မပေးဘဲ ထိမ်ချန်ထားတယ်လို့ စာတန် အယုံသွင်းခဲ့တယ်။ ‘ကောင်းမကောင်းသိကျွမ်းရာအပင်’ ရဲ့အသီးကိုစားမယ်ဆိုရင် ဧဝဟာ “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” မယ်လို့ မာရ်နတ် ပြောခဲ့တယ်။ (က. ၂:၁၇; ၃:၅) ယေဟောဝါကို မှီခိုစရာမလိုဘဲ အသက်ရှင်နိုင်တယ်လို့ စာတန်က ဧဝကို ယူဆစေချင်တယ်။ အဲဒီအလိမ်အညာစကားကို ဧဝ ယုံကြည်ခဲ့တာဟာ မာနစိတ်ကြောင့်ဖြစ်မယ်။ ဧဝဟာ သူ သေမှာမဟုတ်ဘူးလို့ ယူဆပြီး တားမြစ်ထားတဲ့အသီးကို စားလိုက်တယ်။ ဧဝ တကယ်မှားသွားတယ်။

၁၂။ ယေရှုကို စာတန် လှည့်ဖြားခဲ့တဲ့ နောက်နည်းတစ်နည်းက ဘာလဲ။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၂ ယေရှုကတော့ ဧဝနဲ့မတူဘဲ နှိမ့်ချမှုပုံသက်သေပြခဲ့တယ်။ စာတန်က ယေရှုကို တခြားသူတွေ အထင်ကြီးစေမယ့်အရာတစ်ခုခုကို ပြုလုပ်ပြီး ဘုရားသခင်ကို စမ်းသပ်ဖို့ လှည့်ဖြားခဲ့တယ်။ ဒါပေမဲ့ အဲဒါက မာနကြီးတဲ့လုပ်ရပ်ဖြစ်လို့ ယေရှု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်။ ယေရှုဟာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပဲ “‘သင်၏ဘုရားသခင် ယေဟောဝါကို စမ်းသပ်ခြင်းမပြုရ’ ဟူ၍ ကျမ်းစကားရှိသည်” လို့ ပြန်ပြောခဲ့တယ်။—လုကာ ၄:၉-၁၂ ကိုဖတ်ပါ။

ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဘယ်လိုကာကွယ်နိုင်သလဲ

၁၃၊ ၁၄။ ယနေ့အချိန်မှာ ကျွန်ုပ်တို့ကိုလှည့်ဖြားဖို့ စာတန် ဘယ်လို ကြိုးစားနေသလဲ။

၁၃ ယနေ့အချိန်မှာ စာတန်ဟာ ဧဝနဲ့ ယေရှုကို လှည့်ဖြားရာမှာ သုံးခဲ့တဲ့နည်းတွေကိုပဲ ဆက်သုံးနေတယ်။ သူက “သွေးသားတပ်မက်ခြင်း” ကိုသုံးပြီး လူတွေကို အကျင့်ပျက်တဲ့အရာတစ်ခုခု ပြုလုပ်ဖို့ ဒါမှမဟုတ် လွန်လွန်ကျူးကျူး စားဖို့၊ သောက်ဖို့ လှည့်ဖြားတယ်။ စာတန်ဟာ “မျက်စိတပ်မက်ခြင်း” ကို အသုံးပြုပြီး ညစ်ညမ်းရုပ်ပုံစာပေတွေကြည့်ဖို့၊ အထူးသဖြင့် အင်တာနက်မှာကြည့်ဖို့ လှည့်ဖြားတယ်။ “လောကစည်းစိမ်၌ ဝါကြွား” လိုတဲ့ဆန္ဒကိုသုံးပြီး လူတွေ မာနကြီးလာအောင်၊ အခွင့်အာဏာ၊ နာမည်ကျော်ကြားမှုနဲ့ ဥစ္စာပစ္စည်း ရှိသထက်ရှိချင်လာအောင် လှည့်ဖြားတယ်။

ဒီအခြေအနေတွေမှာ သင် ဘယ်ကျမ်းစာမူတွေကို သတိရသင့်သလဲ (အပိုဒ် ၁၃၊ ၁၄ ကိုကြည့်ပါ)

၁၄ တံငါသည်က ငါးစာတွေကို အသုံးပြုသလိုပဲ စာတန်က “လောက၌ရှိသောအရာများ” ကို အသုံးပြုတယ်။ ငါးစာက ငါးအတွက် နှစ်သက်စရာဖြစ်ပေမဲ့ အဲဒီအထဲမှာ ငါးမျှားချိတ်ရှိတယ်။ အဲဒီလိုပဲ စာတန်ဟာ သာမန်နေ့စဉ်လိုအပ်ရာတွေလို့ လူတွေယူမှတ်တဲ့ အရာတွေကိုသုံးပြီး ဘုရားသခင့်ပညတ်တွေနဲ့ ဆန့်ကျင်တဲ့အရာတစ်ခုခု လုပ်မိအောင် ကျွန်ုပ်တို့ကို လှည့်ဖြားတယ်။ ကျွန်ုပ်တို့ရဲ့လိုအပ်ရာတွေကို အာရုံစိုက်တာ၊ ဘဝမှာ အေးအေးဆေးဆေး သက်သောင့်သက်သာ နေနိုင်အောင်လုပ်တာတွေက ဘုရားသခင့်အလိုတော်ဆောင်တာထက် ပိုအရေးကြီးတယ်လို့ စာတန်က ကျွန်ုပ်တို့ကို အယုံသွင်းတယ်။ သင် စာတန်ရဲ့လှည့်ဖြားမှုကို ခံမလား။

၁၅။ ယေရှုလိုပဲ ကျွန်ုပ်တို့လည်း စာတန်ရဲ့လှည့်ဖြားမှုကို ဆန့်ကျင်တွန်းလှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၅ ဧဝက စာတန်ရဲ့လှည့်ဖြားမှုကို ခံခဲ့ပေမဲ့ ယေရှုကတော့ မခံခဲ့ဘူး။ စာတန်လှည့်စားဖို့ ကြိုးစားတဲ့ အခါတိုင်းမှာ ယေရှုက “ကျမ်းစာ၌ရေးထားသည်” လို့ ပြန်ပြောပြီး ဖြေခဲ့တယ်။ ကျွန်ုပ်တို့ဟာ လုံ့လဝီရိယရှိတဲ့ ကျမ်းစာကျောင်းသားတွေဖြစ်မယ်ဆိုရင် ကျမ်းစာနဲ့ ကောင်းကောင်း အကျွမ်းဝင်နေမယ်၊ သွေးဆောင်ခံရတဲ့အခါမှာ ကျွန်ုပ်တို့အတွက် အကူအညီဖြစ်စေမယ့် ကျမ်းချက်တွေကို ပြန်မှတ်မိနိုင်မယ်။ (ဆာ. ၁:၁၊ ၂) ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာကို ပြန်အမှတ်ရတာက ကျွန်ုပ်တို့လည်း သူတို့လိုပဲ သစ္စာရှိဖို့ အထောက်အကူရနိုင်တယ်။ (ရော. ၁၅:၄) ယေဟောဝါကို အလွန်လေးစားခြင်း၊ ဆိုလိုတာက ကိုယ်တော်ချစ်တာကို ချစ်ပြီး ကိုယ်တော်မုန်းတဲ့အရာကို မုန်းတာက ကျွန်ုပ်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။—ဆာ. ၉၇:၁၀

၁၆၊ ၁၇။ ကျွန်ုပ်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” က ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတဲ့အချက်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

၁၆ လောကလို မစဉ်းစားဘဲ ယေဟောဝါလို စဉ်းစားတဲ့ လူစားမျိုးဖြစ်ဖို့အတွက် တမန်တော်ပေါလုက ကျွန်ုပ်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုဖို့ အားပေးတယ်။ (ရော. ၁၂:၁၊ ၂) ကျွန်ုပ်တို့ စဉ်းစားတဲ့အကြောင်းတွေကို သေချာထိန်းချုပ်ရမယ်လို့ ပေါလု သတိပေးခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ငါတို့သည် မှားယွင်းသောအတွေးအခေါ်များကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဆန့်ကျင်သည့် ထောင်လွှားသောအရာ ရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏။ အကြံအစည်ရှိသမျှကိုလည်း ထိန်းချုပ်လျက် ခရစ်တော်ကို နာခံစေကြ၏။” (၂ ကော. ၁၀:၅) ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုက ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားဖြစ်တယ်ဆိုတဲ့အပေါ် အများကြီး ဩဇာသက်ရောက်တယ်။ ဒါကြောင့် ဘုရားသခင်နှစ်သက်တဲ့အရာတွေကိုပဲ အမြဲ စဉ်းစားဖို့လိုတယ်။—ဖိ. ၄:၈

၁၇ ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်ချင်တယ်ဆိုရင် မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ အလိုဆန္ဒတွေကို ဖယ်ရှားပစ်ရမယ်။ ကျွန်ုပ်တို့ဟာ “စင်ကြယ်သောနှလုံး” နဲ့ ယေဟောဝါကို ချစ်ရမယ်။ (၁ တိ. ၁:၅) ဒါပေမဲ့ နှလုံးက စဉ်းလဲတဲ့အတွက်ကြောင့် “လောက၌ရှိသောအရာများ” က ကျွန်ုပ်တို့ကို ဘယ်လောက်အထိ ထိခိုက်နိုင်တယ်ဆိုတာကို မသိနားမလည်နိုင်ဘူး။ (ယေ. ၁၇:၉) ဒါကြောင့် “သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေကြလော့။ သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကို စစ်ကြောလျက်နေကြလော့” ဆိုတဲ့ ပေါလုရဲ့အကြံပြုချက်ကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကျမ်းစာကို ကျွန်ုပ်တို့လေ့လာတဲ့အခါမှာ ‘ငါ့ရဲ့ အတွေးအခေါ်တွေနဲ့ အလိုဆန္ဒတွေကို ဘုရားသခင်နှစ်သက်သလား’ လို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်။—၂ ကော. ၁၃:၅

၁၈၊ ၁၉။ ကျွန်ုပ်တို့ဟာ ဘာကြောင့် ယေဟောဝါဖြစ်စေချင်တဲ့ လူစားမျိုးဖြစ်ဖို့ ကြိုးစားအားထုတ်သင့်သလဲ။

၁၈ “လောက၌ရှိသောအရာများ” ကို တွန်းလှန်ရာမှာ ကျွန်ုပ်တို့အတွက် အထောက်အကူပြုမယ့်အချက် နောက်တစ်ချက်က ယောဟန်ရဲ့ ဒီစကားတွေကို အမှတ်ရခြင်းဖြစ်တယ်– “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။” (၁ ယော. ၂:၁၇) စာတန့်စနစ်က ထာဝစဉ်တည်မြဲမယ့်ပုံ ပေါက်နေတယ်။ ဒါပေမဲ့ အဲဒါက တစ်နေ့မှာ အဆုံးသတ်သွားပါလိမ့်မယ်။ လောကမှာရှိတဲ့အရာတွေက တစ်နေ့မှာ ပျက်စီးဆုံးၡုံးသွားမယ်ဆိုတာကို သတိရခြင်းက စာတန်ရဲ့လှည့်စားမှုမခံရအောင် ကူညီပေးပါလိမ့်မယ်။

၁၉ ကျွန်ုပ်တို့ဟာ “ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်း” နေတဲ့ ဘုရားသခင်နှစ်သက်တဲ့ လူစားမျိုးဖြစ်သင့်တယ်၊ “ထိုနေ့အားဖြင့် ကောင်းကင်သည် မီးဖြင့်ပျက်စီး၍ ကောင်းကင်ပေါ်ရှိအရာများသည် အလွန်ပူပြင်းသဖြင့် အရည်ပျော်ရလိမ့်မည်” လို့ တမန်တော်ပေတရု ရေးခဲ့တယ်။ (၂ ပေ. ၃:၁၂) သိပ်မကြာခင်မှာ အဲဒီနေ့ ရောက်လာပြီး ယေဟောဝါဟာ စာတန့်လောကရဲ့ အစိတ်အပိုင်းရှိသမျှကို ဖျက်ဆီးပစ်ပါတော့မယ်။ စာတန်ဟာ ဧဝနဲ့ ယေရှုကို သွေးဆောင်ခဲ့သလိုပဲ ကျွန်ုပ်တို့ကိုလည်း အဲဒီနေ့ရောက်တဲ့အထိ “လောက၌ ရှိသောအရာများ” ကိုသုံးပြီး ဆက်သွေးဆောင်နေဦးမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ဧဝနဲ့မတူရဘူး၊ ကိုယ့်အလိုဆန္ဒကို ဖြည့်ဆည်းဖို့ မကြိုးစားရဘူး။ အဲဒီလိုလုပ်တယ်ဆိုရင် စာတန်ကို ကျွန်ုပ်တို့ရဲ့ဘုရားအဖြစ် အသိအမှတ်ပြုတာနဲ့ အတူတူပဲ။ စာတန်အသုံးပြုတဲ့အရာတွေက ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိပုံပေါက်နေပါစေ ကျွန်ုပ်တို့ဟာ ယေရှုလိုပဲ အဲဒီသွေးဆောင်မှုတွေကို ငြင်းဆန်တွန်းလှန်ဖို့လိုတယ်။ ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ယေဟောဝါဖြစ်စေချင်တဲ့ လူစားမျိုးဖြစ်ဖို့ ကြိုးစားအားထုတ်ကြပါစို့။