မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုလေ့လာရတာ သင်ပျော်မွေ့သလား

ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုလေ့လာရတာ သင်ပျော်မွေ့သလား

ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုလေ့လာရတာ သင်ပျော်မွေ့သလား

“ကျွန်မ သမ္မာကျမ်းစာကို ပုံမှန်စဖတ်တုန်းက နှစ်သက်လို့မဟုတ်ဘဲ တာဝန်အရပဲဖတ်တယ်။ နားလည်ရခက်တဲ့အခါမှာ အာရုံမစူးစိုက်နိုင်တော့ဘူး” လို့ လာရိန်းက ပြောတယ်။

တခြားသူတွေကလည်း ကျမ်းစာကို သူတို့စဖတ်တုန်းက မပျော်ဘူးလို့ ဝန်ခံကြတယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ခြင်းက လုပ်သင့်လုပ်အပ်တဲ့အလုပ်ဖြစ်တယ်ဆိုတာ သူတို့သိတဲ့အတွက် ဆက်ဖတ်ကြတယ်။ မာ့ခ်က ဒီလိုပြောတယ်– “ကျမ်းစာဖတ်ရှုခြင်းနဲ့ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ အာရုံပျံ့လွင့်ဖို့ အရမ်းလွယ်တယ်။ ကျမ်းစာဖတ်ရှုခြင်းကို ပုံမှန်ပြုလုပ်ဖို့အတွက် ဆုတောင်းပြီး ကြိုးစားအားထုတ်ရတယ်။”

သမ္မာကျမ်းစာကို ပိုပြီးလေးမြတ်စိတ်ရှိလာအောင် ဘယ်လိုလုပ်နိုင်သလဲ။ ကျမ်းစာကိုဖတ်ရှုရာမှာ ပျော်မွေ့အောင် ဘယ်လိုလုပ်နိုင်သလဲ။ အောက်ပါအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။

ပန်းတိုင်များနဲ့ နည်းလမ်းများ

ကျမ်းစာစမဖတ်ခင်မှာ ဆုတောင်းပြီး အာရုံစုစည်းပါ။ ကိုယ်တော့်တရားစကားကို စိတ်အားထက်သန်စွာ လေ့လာချင်စိတ်ရှိအောင် ကူညီပေးပါလို့ ယေဟောဝါထံ တောင်းခံပါ။ ကိုယ်တော့်ဉာဏ်ပညာကို ပိုပြီးအပြည့်အဝနားလည်နိုင်အောင် စိတ်နှလုံးကိုဖွင့်ပေးပါလို့ အသနားခံပါ။ (ဆာ. ၁၁၉:၃၄) ဒီလိုမလုပ်ဘူးဆိုရင် သင့်ကျမ်းစာလေ့လာမှုက အလွယ်တကူပဲ စက်ရုပ်ဆန်လာပြီး ဆက်ဖတ်ရှုလိုစိတ် ပျောက်သွားပါလိမ့်မယ်။ လင်းက ဒီလိုပြောတယ်– “တစ်ခါတလေ ကျမ်းစာကို အလောတကြီးဖတ်လို့ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေ လွတ်သွားတယ်။ အဓိကအချက်တွေကိုတောင် အပြည့်အဝ နားမလည်လိုက်တဲ့အခါတွေရှိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းပေးပါလို့ ဆုတောင်းတယ်၊ ဒါက အာရုံမပျံ့လွင့်အောင် ကူညီပေးတယ်။”

သင် လေ့လာတဲ့အရာတွေကို တန်ဖိုးထားပါ။ သင် ထာဝရအသက်ရဖို့အတွက် ကျမ်းစာကိုနားလည်ပြီး လက်တွေ့ကျင့်သုံးဖို့ အရေးကြီးကြောင်း သတိရပါ။ ဒါကြောင့် လက်တွေ့ကျတဲ့အချက်အလက်တွေကို သိရှိအောင်လုပ်ပြီး အဲဒါတွေကို လက်တွေ့ကျင့်သုံးပါ။ “ကျွန်တော့်ရဲ့ မှားယွင်းတဲ့သဘောထားတွေကို သိမြင်စေတဲ့ အချက်အလက်တွေကို ရှာဖွေတယ်။ စာရေးသူတွေက ကျွန်တော့်ကိုတစ်ခါမှ မတွေ့ဖူးပေမဲ့ ကျွန်တော့်အတွက် အကျိုးရှိတဲ့အချက်အလက်တွေကို သမ္မာကျမ်းစာနဲ့ စာပေတွေထဲမှာဖတ်ရလို့ ကျွန်တော် တကယ်ခွန်အားရတယ်” လို့ ခရစ္စ ကပြောတယ်။

လိုက်မီနိုင်တဲ့ပန်းတိုင်တွေ ချပါ။ ကျမ်းစာဇာတ်ကောင်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအသစ်တွေကို သိရှိအောင် လေ့လာပါ။ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် ဒါမှမဟုတ် ကင်းမျှော်စင်စာပေများအညွှန်း၊ ကင်းမျှော်စင်စာကြည့်တိုက်စီဒီနဲ့ ကင်းမျှော်စင်အတွက် အကြောင်းအရာမာတိကာ တွေမှာ ရှာဖွေလေ့လာခြင်းအားဖြင့် သူတို့နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက်အလက်တွေကို သင် တွေ့ရမှာဖြစ်တယ်။ ကျမ်းစာမှာပါတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို တကယ့်ပုဂ္ဂိုလ်တွေအဖြစ်သိရှိပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ခံစားချက်တွေကို သိရှိလာတာနဲ့အမျှ သူတို့ရဲ့ပုံနမူနာတွေကနေ သင် အကျိုးရရှိလာမှာဖြစ်တယ်။

ကျမ်းချက်တွေကို တခြားရှုထောင့်နဲ့ ရှင်းပြနိုင်တဲ့နည်းတွေကို ရှာဖွေပါ။ (တ. ၁၇:၂၊ ၃) ဆဖီယာက အဲဒီအချက်ကို စိတ်ထဲထားပြီး လေ့လာတယ်။ “ကျွန်မရဲ့ဆန္ဒက ကျမ်းချက်တွေကို ရှုထောင့်အသစ်နဲ့ရှင်းပြတတ်အောင် လေ့လာချင်တယ်၊ အဲဒါမှ ဓမ္မအမှုနဲ့ တခြားအချိန်မှာတွေ့တဲ့သူတွေကို ကျမ်းစာအမှန်တရားအကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာ။ ဒီလိုလုပ်နိုင်ဖို့ ကင်းမျှော်စင်မှာ ရှင်းပြတဲ့နည်းတွေက အကောင်းဆုံးနမူနာ ဖြစ်တယ်” လို့ သူပြောတယ်။—၂ တိ. ၂:၁၅

ကျမ်းစာမှတ်တမ်းတွေကို မြင်ယောင်ပါ။ ‘ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၏’ လို့ ဟေဗြဲ ၄:၁၂ မှာ ဖော်ပြထားတယ်။ ကျမ်းစာကိုဖတ်ရှုတဲ့အခါ ကျမ်းစာဇာတ်ကောင်တွေ မြင်တာကို မြင်ယောင်ခြင်းအားဖြင့် ကျမ်းစာသတင်းစကားတွေကို အသက်ဝင်စေပါ။ သူတို့ကြားရတာတွေကို ကြားယောင်ကြည့်ပါ၊ သူတို့ခံစားရတာတွေကို ခံစားကြည့်ပါ။ သင့်ဘဝမှာ ကြုံတွေ့ခဲ့ဖူးတာတွေနဲ့ သူတို့ရဲ့အခြေအနေတွေကို ဆက်စပ်ကြည့်ပါ။ အခြေအနေတွေကို သူတို့ကိုင်တွယ်ခဲ့တဲ့နည်းလမ်းကို သင်ယူပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကျမ်းစာမှတ်တမ်းတွေကို ပိုနားလည်လာပြီး မေ့တော့မှာမဟုတ်ဘူး။

နားလည်ရခက်တဲ့ကျမ်းချက်တွေနဲ့ ရှင်းပြချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ အချိန်ယူပါ။ လေ့လာမှုတစ်ခုစီအတွက် အချိန်အလုံအလောက်ပေးပါ။ ထပ်ဆင့်ရှာဖွေဖို့လိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေကို သင်တွေ့ရပါလိမ့်မယ်။ အကျွမ်းတဝင်မရှိတဲ့ စကားလုံးတွေကို ရှာ၊ အောက်ခြေမှတ်ချက်တွေကို ဖတ်၊ ကျမ်းစာစကားလုံးများအညွှန်းနဲ့ တခြားဘာသာစကားနဲ့ရနိုင်တဲ့ အပြန်အလှန်အညွှန်းတွေကို ကြည့်ပါ။ သင် ဖတ်ရှုတဲ့အရာကို နားလည်ပြီး လက်တွေ့ကျင့်သုံးလေ၊ သမ္မာကျမ်းစာကို လေ့လာရတာ ပျော်မွေ့လေပဲ။ အဲဒီအခါ သင်လည်း ဆာလံဆရာလိုပဲ ပြောနိုင်ပါလိမ့်မယ်– “[ယေဟောဝါ၏] သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်နှလုံးရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဖို့ အစဉ်အမြဲခံယူပါ၏။”—ဆာ. ၁၁၉:၁၁၁

အလောတကြီး မဖတ်ရှုပါနဲ့။ “ဖိစီးမှုတွေများနေချိန်မှာ အာရုံစိုက်ဖို့ခက်တယ်။ အကြောင်းအရာနည်းနည်းလေးနဲ့ အချိန်တိုလေးတွေခွဲပြီး လေ့လာတဲ့အခါ အကျိုးရှိတယ်ဆိုတာ တွေ့ရတယ်” လို့ ရာကယ်ကပြောတယ်။ ခရစ္စကလည်း ဒီလိုပြောတယ်– “အလောတကြီးဖတ်တဲ့အခါ အကျိုးနည်းနည်းပဲရလို့ ကျွန်တော့်ရဲ့စိတ်က မကြည်တော့ဘူး။ အကြောင်းအရာတွေကလည်း ကျွန်တော့်နှလုံးထဲ မရောက်ဘူး။” ဒါကြောင့် အချိန်ယူပါ။ ဒါပေမဲ့ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အချိန်နဲ့ အစည်းအဝေးအတွက် ပြင်ဆင်တဲ့အချိန်ကို မျှမျှတတရှိစေပါ။

ဘုရားသခင့်တရားစကားကို လိုချင်တောင့်တစိတ် ပြင်းပြလာအောင် လုပ်ဆောင်ပါ။ တမန်တော်ပေတရုက ဒီလိုပြောတယ်– “ဖွားစသူငယ်များကဲ့သို့ တရားစကားတော်နှင့်ဆိုင်သော နို့စစ်ကို တောင့်တကြလော့။ သင်တို့သည် ကယ်တင်ခြင်းရရှိရန် ထိုနို့စစ်အားဖြင့် ကြီးထွားလာနိုင်မည်။” (၁ ပေ. ၂:၂) ကလေးငယ်တွေကို နို့ဆာလာအောင် လုပ်ဖို့မလိုဘူး။ ဒီစိတ်က အလိုအလျောက်ပေါ်လာတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ ဘုရားသခင့်တရားစကားကို တောင့်တတဲ့စိတ်ရှိလာအောင် လုပ်ရမယ်လို့ ကျမ်းစာကပြောတယ်။ သင်ဟာ ကျမ်းစာကို တစ်ရက်မှာတစ်မျက်နှာဖတ်မယ်ဆိုရင် မကြာခင် တောင့်တတဲ့စိတ်ရှိလာမှာဖြစ်တယ်။ အစပိုင်းမှာတော့ လုပ်ရခက်တယ်လို့ထင်ရပေမဲ့ သိပ်မကြာမီမှာပဲ ပျော်လာပါလိမ့်မယ်။

ကျမ်းပိုဒ်တွေကို တွေးတောဆင်ခြင်ပါ။ သင် အကျိုးရရှိဖို့ ဖတ်ရှုတဲ့အရာတွေကို တွေးတောဆင်ခြင်ဖို့လည်း လိုတယ်။ ဒါက သင် ရှာဖွေလေ့လာထားတဲ့ အကြောင်းအရာတွေ တစ်ခုနဲ့တစ်ခုဆက်စပ်မိဖို့ ကူညီပေးပါလိမ့်မယ်။ သိပ်မကြာခင်မှာ သင်ဟာ အဖိုးထိုက်တဲ့ ဉာဏ်ပညာပုလဲတစ်ကုံးကို ပိုင်ဆိုင်လာမယ်။—ဆာ. ၁၉:၁၄; သု. ၃:၃

အချိန်ပေးရကျိုးနပ်

လေ့လာမှုအကျင့်ကောင်းရှိဖို့ ကြိုးစားအားထုတ်မှုလိုအပ်တယ်၊ ဒါပေမဲ့ ရရှိတဲ့ကောင်းချီးတွေက တန်ဖိုးမဖြတ်နိုင်ဘူး။ သမ္မာကျမ်းစာကို သင် ပိုပြီးနားလည်လာမှာဖြစ်တယ်။ (ဟေဗြဲ ၅:၁၂-၁၄) သမ္မာကျမ်းစာကနေရရှိလာတဲ့ ပိုင်းခြားသိမြင်မှုနဲ့ ဉာဏ်ပညာက ပျော်ရွှင်မှု၊ သာယာမှု၊ ငြိမ်ဝပ်မှုကို ခံစားရစေတယ်။ ဘုရားသခင့်တရားစကားမှာပါတဲ့ ဉာဏ်ပညာက အဲဒါကို ကိုင်စွဲပြီး ကျင့်သုံးသူတွေအတွက် “အသက်ပင်” ဖြစ်တယ်။—သု. ၃:၁၃-၁၈

သမ္မာကျမ်းစာကို အလေးအနက်လေ့လာခြင်းက သင့်ကို ဉာဏ်ကောင်းသောသူဖြစ်စေမယ်။ (သု. ၁၅:၁၄) သမ္မာကျမ်းစာပေါ်အခြေပြုတဲ့ အကြံဉာဏ်ကောင်းတွေလည်း ပေးနိုင်မှာဖြစ်တယ်။ သင်က သမ္မာကျမ်းစာ၊ “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေတဲ့စာပေတွေကနေ ရလာတဲ့အသိပညာနဲ့အညီ ဆုံးဖြတ်မယ်ဆိုရင် ယေဟောဝါရဲ့တရားစကားတော်ကြောင့် လန်းဆန်းမှု၊ တည်ငြိမ်အေးချမ်းမှု ခံစားရမှာဖြစ်တယ်။ (မ. ၂၄:၄၅) သင်က ပိုပြီးအပြုသဘောထားရှိလာမယ်၊ အကောင်းမြင်တတ်လာမယ်၊ ကျမ်းစာနဲ့အညီပြုမူ၊ ပြောဆိုလာနိုင်မယ်။ အဲဒီအပြင် ဘုရားသခင်နဲ့သင့်ဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တိုင်း အောင်မြင်လာမယ်။—ဆာ. ၁:၂၊ ၃

ဘုရားသခင်အပေါ် စိတ်နှလုံးအကြွင်းမဲ့ချစ်တဲ့ သင့်ရဲ့မေတ္တာက သင့်ယုံကြည်ခြင်းအကြောင်း ပြောဆိုဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒါကလည်း အကျိုးဖြစ်စေတယ်။ ဆဖီယာက ကျမ်းချက်တွေကိုသတိရပြီး အိမ်ရှင်တွေရဲ့ အာရုံကိုဖမ်းစားနိုင်တဲ့ ကျမ်းချက်မျိုးစုံကိုသုံးတဲ့အခါ ခရစ်ယာန်ဓမ္မအမှုက အကျိုးဖြစ်ထွန်းပြီး စိတ်လှုပ်ရှားစရာဖြစ်လာတယ်။ “သမ္မာကျမ်းစာရှင်းပြချက်တွေကို လူတွေတုံ့ပြန်လာတာကို တွေ့ရတဲ့အခါ ပျော်စရာအလွန်ကောင်းပါတယ်” လို့ သူပြောတယ်။

ဘုရားသခင့်တရားစကားတော်ကို လေ့လာခြင်းကနေရရှိတဲ့ အကြီးမားဆုံးအကျိုးကျေးဇူးကတော့ ယေဟောဝါနဲ့ သင့်ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်တယ်။ ကျမ်းစာလေ့လာခြင်းက ကိုယ်တော့်စံနှုန်းတွေကို ပိုသိရှိစေ၊ ကိုယ်တော့်ရဲ့မေတ္တာ၊ ရက်ရောမှုနဲ့ တရားမျှတမှုကို ပိုနားလည်စေပြီး တန်ဖိုးထားလေးမြတ်လာစေတယ်။ ဒါထက်ပိုအရေးကြီးတဲ့အရာ၊ ပိုအကျိုးရှိတဲ့အရာ မရှိတော့ဘူး။ ဘုရားသခင့်တရားစကားတော်လေ့လာခြင်းမှာ အာရုံစွဲလမ်းနေပါ။ အဲဒီလိုလုပ်ခြင်းက အချိန်ပေးရကျိုးနပ်ပါတယ်။—ဆာ. ၁၉:၇-၁၁

[စာမျက်နှာ ၅ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုခြင်း– ပန်းတိုင်များနဲ့ နည်းလမ်းများ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

▪ ကျမ်းစာစမဖတ်ခင်မှာ ဆုတောင်းပြီး အာရုံစုစည်းပါ။

▪ သင် လေ့လာတဲ့အရာတွေကို တန်ဖိုးထားပါ။

▪ လိုက်မီနိုင်တဲ့ပန်းတိုင်တွေ ချပါ။

▪ ကျမ်းချက်တွေကို တခြားရှုထောင့်နဲ့ ရှင်းပြနိုင်တဲ့နည်းတွေကို ရှာဖွေပါ။

▪ ကျမ်းစာမှတ်တမ်းတွေကို မြင်ယောင်ပါ။

▪ နားလည်ရခက်တဲ့ကျမ်းချက်တွေနဲ့ ရှင်းပြချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ အချိန်ယူပါ။

▪ အလောတကြီး မဖတ်ရှုပါနဲ့။

▪ ဘုရားသခင့်တရားစကားကို လိုချင်တောင့်တစိတ် ပြင်းပြလာအောင် လုပ်ဆောင်ပါ။

▪ ကျမ်းပိုဒ်တွေကို တွေးတောဆင်ခြင်ပါ။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

ကျမ်းစာမှတ်တမ်းတစ်ခု ဖတ်ရှုတဲ့အခါ အလားတူအခြေအနေမှာ ကိုယ်ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ