မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ရှံဆုန်​သည် သူ​သတ်​လိုက်​သည့် အသေကောင်​များ​ကို ထိ​လျက်​နှင့် မည်သို့ နာဇရိ​လူ​ဆက်​ဖြစ်​နိုင်​သေး​သနည်း။

ရှေး​ဣသရေလ​နိုင်ငံ​တွင် လူတိုင်း​သည် စိတ်လို​ကိုယ်​လျောက် ကတိကဝတ်​ပြုပြီး ကာလ​အပိုင်းအခြား​တစ်ခု​ကြာ နာဇရိ​လူ​ဖြစ်လာ​နိုင်​သည်။ * ဤ​ကတိကဝတ်​ပြုသူ​လိုက်နာ​ရမည့် ကန့်သတ်ချက်​တစ်ခု​ကို ဤသို့​ပြဋ္ဌာန်း​ထား​သည်– ‘ထာဝရ​ဘုရားသခင်​အဖို့ မိမိကို​ခြားနား​စေသော​ကာလပတ်လုံး အသေကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။ မိဘ၊ ညီအစ်ကို၊ နှမ​သေ​သော်လည်း ညစ်ညူး​ခြင်း​ကို​မခံရ။’ အကယ်၍ “သူ့​အနားမှာ တစ်စုံ​တစ်ယောက်​သော​သူသည် ချက်ချင်း​သေ” သွား​လျှင်​ကော။ အသေကောင်​ကို အမှတ်တမဲ့​ထိမိ​ခြင်း​ကြောင့် သူ၏​နာဇရိ​လူ​အဖြစ်ကို ညစ်ညူး​စေ​ပေမည်။ ထို့​ကြောင့် “လွန်​သော​ကာလ​ပျောက်​ရမည်” ဟု​ဖော်ပြ​ထား​သည်။ သူသည် စင်ကြယ်​ခြင်း​အစီအစဉ်ကို ပြု​ရန်လို​ပြီး နာဇရိ​ကာလ​ကို တစ်ဖန်​ပြန်​စတင်​ရ​ပေမည်။—တောလည်ရာ ၆:၆-၁၂

သို့သော် ရှံဆုန်​၏​နာဇရိ​လူ​ဖြစ်​ခြင်း​မူ တစ်မျိုး​တစ်​ဘာသာ​ဖြစ်သည်။ ရှံဆုန်​မမွေးဖွား​မီ ယေဟောဝါ​၏​ကောင်းကင်တမန်​က မိခင်​ဖြစ်သူ​အား ဤသို့​ပြော​၏– “အကြောင်း​မူ​ကား ပဋိသန္ဓေ​ယူ၍ ဖွားမြင်​ရ​လတ္တံ့​သား​ယောက်ျား​သည် ဆံပင်​ရိတ်ခြင်း​ကို​မခံ​ဘဲ အမိဝမ်းထဲ​မှ​စ၍ ဘုရားသခင်​၏​နာဇရိ​လူ ဖြစ်​ရ​လိမ့်​မည်။ သူသည်​လည်း ဣသရေလ​အမျိုး​ကို ဖိလိတ္တိ​လူ​တို့​လက်​မှ ကယ်နုတ်​စ​ပြု​လိမ့်​မည်။” (တရားသူကြီး ၁၃:၅) ရှံဆုန်​သည် နာဇရိ​လူ​အဖြစ် ကတိ​မပြု​ခဲ့​ပေ။ သူသည် ဘုရားသခင့်​ခန့်အပ်​ချက်​ကြောင့် နာဇရိ​လူ​ဖြစ်​ရခြင်း​ဖြစ်​ပြီး ရာသက်ပန် နာဇရိ​လူ​ဖြစ်၏။ လူသေကောင်​နှင့်​မထိ​ရန် တားမြစ်ချက်​သည် သူ့​ကိစ္စရပ်​တွင် မသက်ဆိုင်​နိုင်​ပေ။ အကယ်၍ သူနှင့်​သက်​ဆိုင်၍ အသေကောင်​ကို အမှတ်တမဲ့​ထိမိ​လျှင် သူ​မွေးဖွားချိန်​ဖြင့်​စ​ခဲ့​သော ရာသက်ပန်​နာဇရိ​လူ မည်သို့​တစ်ဖန်​ပြန်လည်​စ​နိုင်​အံ့​နည်း။ သို့​ဖြစ်၍ တစ်သက်လုံး နာဇရိ​လူ​ဖြစ်သူ​တို့အတွက် တောင်းဆိုချက်​များသည် ဆန္ဒ​အလျောက် နာဇရိ​လူ​ဖြစ်သူ​တို့​နှင့် ခြားနား​သည်​မှာ ထင်ရှား​နေပါ​သည်။

ကျမ်းစာ​တွင်​ဖော်ပြ​ထားသော ရာသက်ပန် နာဇရိ​လူ​ဖြစ်​ခဲ့​သူ သုံးဦး—ရှံဆုန်၊ ရှမွေလ၊ နှစ်ခြင်း​ဆရာ​ယောဟန်—တို့အတွက် ယေဟောဝါ​၏​မိန့်မှာချက်​များ​ကို သုံးသပ်ကြည့်​ပါ။ အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သည့်​အတိုင်း ရှံဆုန်​သည် ဆံပင်​မ​ဖြတ်ဖို့ တောင်းဆို​ခံရ​သည်။ ဟန္န​သည် ရှမွေလ​ကို ကိုယ်ဝန်​မ​ဆောင်​သေး​မီ​က​ပင် ဤသို့​ကတိကဝတ်​ပြု​ခဲ့​သည်– “သူ၏​ဆံပင်​ရိတ်ခြင်း​ကို အလျှင်း​မပြု။ တစ်သက်လုံး ထာဝရ​ဘုရား[သခင်] ၏​ကျွန်​ဖြစ်စေ​ခြင်း​ငှာ ကျွန်မ​အပ်​ပါ​မည်။” (၁ ဓမ္မ​ရာဇဝင် ၁:၁၁) နှစ်ခြင်း​ဆရာ​ယောဟန်​၏​ကိစ္စ​တွင် ယေဟောဝါ​၏​ကောင်းကင်တမန်​က ဤသို့​ဆို​သည်– “စပျစ်​ရည်​နှင့်​ယစ်​မျိုးကို မ​သောက်​ဘဲ​နေ” ရမည်။ (လုကာ ၁:၁၅) ထို့​ပြင် “ထို​ယောဟန်​သည် ကုလားအုတ်​အမွေး​နှင့်​ရက်​သော​အဝတ်ကို ဝတ်​လျက်၊ ခါး​၌ သားရေ​ခါးပန်း​ကို​စည်း​လျက်၊ ကျိုင်းကောင်​နှင့် တော​၌​ဖြစ်သော​ပျားရည်​ကို စား​လျက်​နေ​၏။” (မဿဲ ၃:၄) ဤ​သူ​သုံးဦး​တွင် မည်သူမျှ အသေကောင်​အနီး မ​ချဉ်းကပ်​ရန် မိန့်မှာ​ခံရ​ခြင်း မရှိခဲ့​ချေ။

ရှံဆုန်​သည် နာဇရိ​လူတစ်ဦး​ဖြစ်သော်လည်း လုယူ​သူတို့​လက်​မှ ဣသရေလ​လူမျိုး​ကို ကယ်လွှတ်​ရန် ယေဟောဝါ​ပေါ်ထွန်း​စေတော်မူ​သော တရားသူကြီး​များ​တွင် ပါဝင်​၏။ (တရားသူကြီး ၂:၁၆) ဤ​တာဝန်​ကို ကျေပွန်​စေ​ရာ​တွင် သူသည် အသေကောင်​များနှင့် ထိ​ခဲ့​ရသည်။ တစ်ကြိမ်​တွင် ရှံဆုန်​သည် ဖိလိတ္တိ​လူ ၃၀ ကို​သတ်ဖြတ်​ပြီး သူတို့​ဥစ္စာ​များ​ကို လုယူ​ခဲ့​သည်။ နောက်ပိုင်း​တွင် သူသည် ရန်သူ​တို့ကို “ကြီးစွာ​သော​လုပ်ကြံခြင်း​အားဖြင့် တစ်ပြိုင်နက်​ရိုက်​သတ်” ခဲ့​လေ​၏။ သူသည် မြည်း​မေးရိုး​လတ်​လတ်​ကို​တွေ့​၍ ကိုင်​ယူပြီး လူ​တစ်ထောင်​တို့ကို​လည်း သတ်ခဲ့​ရသည်။ (တရားသူကြီး ၁၄:၁၉; ၁၅:၈၊ ၁၅) ရှံဆုန်​သည် ယေဟောဝါ​၏​မျက်နှာသာ​နှင့် ကူညီ​မှု​တို့​ဖြင့် ဤ​အရာအားလုံးကို ပြုလုပ်​ခဲ့​ခြင်း​ဖြစ်၏။ ကျမ်းစာ​က သူ့​အား ယုံကြည်ခြင်း​တွင် အတုယူ​ထိုက်​သူ​အဖြစ် ဖော်ညွှန်း​ထား​သည်။—ဟေဗြဲ ၁၁:၃၂; ၁၂:၁

ရှံဆုန်​သည် “ဆိတ်​သ​ငယ်​ကို ဆွဲဖြတ်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖြတ်​၏” ဟု​ဆို​ရာ​တွင် ဆိတ်​သ​ငယ်​ကို ဆွဲဖြတ်​ခြင်း​သည် သူ့​ခေတ်​က ပြု​လေ့​ပြု​ထ​ရှိသော​ထုံးစံ​တစ်ခု​ဟု ဆို​ခြင်း​လော။

ဣသရေလ​တရားသူကြီး​များ​လက်ထက်​တွင် ဆိတ်​သ​ငယ်​ကို​ဆွဲဖြတ်​ခြင်း​သည် ပြု​လေ့​ပြု​ထ​ရှိသည့် ထုံးစံ​တစ်ခု​ဖြစ်သည်​ဟူ​သည့်​အထောက်အထား မရှိပါ။ တရားသူကြီး ၁၄:၆ တွင် ဤသို့​ဖော်ပြ​သည်– ‘ထို​အခါ ရှံဆုန်​လက်၌ တစ်စုံတစ်ခု​မျှ​မပါ​သော်လည်း ထာဝရ​ဘုရားသခင်​၏​ဝိညာဉ်တော်သည် သူ့​အပေါ်မှာ​သက်ရောက်​သဖြင့် သူသည် ဆိတ်​သ​ငယ်​ကို​ဆွဲဖြတ်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖြတ်​၏။’ ဤ​ဖော်ပြချက်​သည် သရုပ်ဖော်​ချက်​တစ်ခု​သာ ဖြစ်​နိုင်​ဖွယ်​ရှိသည်။

“ခြင်္သေ့​ကို​ဆွဲဖြတ်​၏” ဟူသော​ဖော်ပြချက်​တွင် အဓိပ္ပာယ်​နှစ်မျိုး​ရှိ​နိုင်​သည်။ ရှံဆုန်​သည် ခြင်္သေ့​၏​မေးရိုး​ကို နှစ်ခြမ်း​ဆွဲဖြတ်​ခြင်း​သော်လည်း​ကောင်း၊ ခြေလက်​အင်္ဂါများ​ကို ဆွဲဖြတ်​ခြင်း​သော်လည်း​ကောင်း တစ်မျိုး​မျိုး​ဖြစ်​နိုင်​သည်။ ပထမ​နည်းဖြင့် ဆွဲဖြတ်​ခြင်း​ဖြစ်ပါ​က ဆိတ်​သ​ငယ်​ကို လူ့ ခွန်အား​နှင့် ဆွဲဆုတ်​နိုင်​သည်​ဟု နားလည်​ရသည်။ ဤ​တွင် ခြင်္သေ့​ကို ဆိတ်​ကလေး​သဖွယ် လက်​ချည်း​သက်​သက်​ဖြင့် အနိုင်​ယူဖို့ ရှံဆုန်​အတွက် မခက်ခဲ​ကြောင်းကို ဤ​နှိုင်းယှဉ်​ချက်​က ဖော်ပြ​သည်။ သို့ရာတွင် ရှံဆုန်​သည် ခြင်္သေ့​၏ ခြေလက်​အင်္ဂါများ​ကို ဆွဲဖြတ်​ကာ​သတ်​ခြင်း​ဖြစ်​မည်​ဆိုလျှင်​ကော။ ဤ​ဖော်ပြချက်​ကို ဥပစာ​သဘော​အဖြစ် ယူမှတ်​နိုင်​ပေ​သည်။ ဤ​ဥပစာ​၏​ဆိုလိုရင်း​မှာ သာမန်​ထက်​ထူးကဲ​သော​ခွန်အား​လိုအပ်​သည့် တာဝန်​တစ်ရပ်​ကို ထမ်းဆောင်​ရန် ရှံဆုန်​အပေါ် ယေဟောဝါ​၏​ဝိညာဉ်​တော် သက်ရောက်​ကြောင်း ဖော်ပြခြင်း​ဖြစ်​မည်။ မည်သည့်​နည်းဖြင့်​ပင်​ဖြစ်စေ၊ တရားသူကြီး ၁၄:၆ ပါ​ခိုင်းနှိုင်း​ချက်​က ယေဟောဝါ​၏​အကူအညီ​ကြောင့် ရှံဆုန်​အတွက် ခွန်အား​ကြီးသော​ခြင်္သေ့​တစ်ကောင်​သည် သာမန်​လူ​အတွက် ဆိတ်​သ​ငယ်​လောက်​ပင် ကြမ်းကြုတ်မှု​မရှိကြောင်း ဖော်ပြ​နေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နာဇရိ​လူ​အဖြစ် နေ​မည့်​ကာလ​ကို ကတိပြု​သူက ကိုယ်ပိုင်​ဆုံးဖြတ်​ခဲ့​ရ၏။ သို့သော် ယုဒ​ထုံးတမ်း​အရ ကတိပြု​သည့်​အနည်းဆုံး​ကာလ​မှာ ရက် ၃၀ ဖြစ်​ခဲ့​၏။ ထို​ကာလ​ထက်နည်း​သည့် ကတိပြု​ခြင်း​မျိုးကို သာမန်​အဖြစ် ယူမှတ်ခဲ့​သည်။