မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ ဖတ်ရှု​ရသည်ကို သင် သဘောကျခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ယေရှု​တွင် ညီ​များနှင့် နှမ​များ​ရှိကြောင်း အဘယ်အရာက ညွှန်ပြ​သနည်း။

ဤသို့​ရှိကြောင်း သမ္မာကျမ်းစာ​၌ မဿဲ ၁၃:၅၅၊ ၅၆ နှင့် မာကု ၆:၃ တို့​တွင် ဖော်ပြ​ထား​သည်။ ထို​ကျမ်းချက်​များ​၌ တွေ့ရ​သည့် ဂရိ​စကားလုံး (အ​ဒယ်​လ်​ဖော်​စ်) ကို “ပကတိ သို့​မဟုတ် တရားဝင်​ဆွေမျိုး​တော်စပ်​မှု​ကို သတ်မှတ်​ရန် ညီအစ်ကို​ရင်း​ချာ သို့​မဟုတ် မိတူဖကွဲ​ညီအစ်ကို​ကို​သာ” ဆိုလို​ရန် အသုံးပြု​သည်။ (သုံးလ​တစ်ကြိမ်​ထုတ် ကက်သလစ်​ကျမ်းစာ၊ ဇန်. ၁၉၉၂)—၁၂/၁၅၊ စာမျက်နှာ ၃။

အဘယ်အရာက စစ်​၏​အသွင်သဏ္ဌာန်​ကို ပြောင်းလဲ​ပစ်​ကြောင်း အထင်အရှား တွေ့ခဲ့​ရပြီး အဘယ်အရာ​တို့သည် စစ်​ဖြစ်​ရသည့် အခြေခံ​အကြောင်း​များ ဖြစ်လေ့​ရှိ​သနည်း။

မကြာသေးမီ​နှစ်များ​က လူသားတို့အား ကပ်​သင့်​စေ​ခဲ့​သည့် စစ်ပွဲ​များသည် အဓိက​အားဖြင့် တစ်နိုင်ငံ​တည်း​သားများ​ဖြစ်သော အတိုက်အခံ​အုပ်စု​များ​စပ်ကြား ဖြစ်ပွား​သည့် ပြည်တွင်းစစ်​များ ဖြစ်သည်။ လူမျိုးရေး​မုန်းတီးမှု၊ ဘာသာရေး​ကွဲပြားမှု​များ၊ မမျှတ​မှု​နှင့် နိုင်ငံရေး ဝရုန်းသုန်းကား​ဖြစ်မှု​တို့​က အခြေခံ​အကြောင်းရင်း​များ ဖြစ်​ကြသည်။ နောက်​အကြောင်းရင်း​တစ်ခု​မှာ အာဏာ​တပ်မက်မှု​နှင့် ငွေ​တပ်မက်မှု​တို့​ကြောင့်​ဖြစ်​လေ​သည်။—၁/၁၊ စာမျက်နှာ ၃၊ ၄။

ခရစ်ယာန်​များ စံပြ​ဆုတောင်းချက်​ပါ​စကား​များ​ကို ထပ်ခါတလဲ​လဲ ရွတ်ဆို​ဖို့ ယေရှု​မရည်ရွယ်ခဲ့​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

ယေရှုသည် ဤ​စံပြ​ဆုတောင်းချက်​ကို တောင်ပေါ်​တရားတော်​တွင် ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ၁၈ လ​ခန့်​ကြာပြီးနောက် ဆုတောင်းခြင်း​နှင့်​ပတ်သက်​၍ အစောပိုင်း​သွန်သင်ချက်​၏​အနှစ်သာရ​ကို ကိုယ်တော် ထပ်မံ​ပြောဆို​ခဲ့​သည်။ (မဿဲ ၆:၉-၁၃; လုကာ ၁၁:၁-၄) ကိုယ်တော်​သည် အဆိုပါ​ဆုတောင်းချက်​ကို လုံးကောက်​ပြန်​မပြောခဲ့​သည်​မှာ မှတ်သားဖွယ်​ကောင်း​သည်၊ ယင်းက အထပ်ထပ်​ရွတ်ဆို​ရသည့် ဝတ်​တက်​ဆုတောင်း​စာ ချ​ပေး​နေခြင်း​မဟုတ်​ကြောင်း ဖော်ပြ​၏။—၂/၁၊ စာမျက်နှာ ၈။

ရေလွှမ်းမိုး​ဘေး​ပြီး​နောက် သင်္ဘော​သို့ ချီယူ​လာ​သည့် သံလွင်​ရွက်​ကို ချိုးငှက် အဘယ်​မှ​ရရှိခဲ့​သနည်း။

လွှမ်းမိုး​သော​ရေ​၏ အပူချိန်​မည်မျှ​ရှိသည် သို့​မဟုတ် အငန်ဓာတ်​မည်မျှ​ပါ​သည်​တို့ကို ကျွန်ုပ်​တို့ မသိကြ​ပါ။ သို့သော် သံလွင်ပင်များ​သည် ခုတ်လှဲ​ခံရ​ပြီး​နောက်​၌​ပင် အတက် ထပ်​ပေါက်​ကြောင်း သိရှိ​ရသည်။ ထို့​ကြောင့် ရေလွှမ်းမိုး​သော်လည်း သံလွင်ပင်​တချို့ အသက်ဆက်ရှင်​ကာ ၎င်းနောက် အရွက်​များ ပေါက်​လာ​ခဲ့​ခြင်း​ဖြစ်​ပေမည်။—၂/၁၅၊ စာမျက်နှာ ၃၁။

ဘီယာ​ဖ​ရာ​ပိတ်ဆို့​မှု​ဖြစ်​ခဲ့​သော နိုင်ဂျီးရီးယား ပြည်တွင်းစစ်​အတွင်း ဝိညာဉ်​အစာကို ထို​ဒေသ​ရှိ ယေဟောဝါသက်သေ​များ မည်သို့ ရရှိခဲ့ကြ​သနည်း။

အစိုးရ​ဝန်ထမ်း​တစ်ဦး​သည် ဥရောပ​တွင် တာဝန်​ခန့်အပ်​ခံ​ခဲ့​ရပြီး နောက်​တစ်ဦး​မှာ ဘီယာ​ဖ​ရာ​လေယာဉ်ကွင်း​တွင် အလုပ်လုပ်​၏။ ၎င်း​တို့​နှစ်ဦးစလုံး သက်သေခံ​များ​ဖြစ်​ကြသည်။ သူတို့သည် ဘီယာ​ဖ​ရာ​သို့ ဝိညာဉ်​အစာ​တင်သွင်းခြင်း​တည်း​ဟူသော အရဲစွန့်​ရသည့်​အလုပ်ကို လက်ခံခဲ့​ကြသည်၊ ဤသို့ဖြင့် ၁၉၇၀ ပြည့်နှစ်​တွင် စစ်​ပြီးဆုံးချိန်​အထိ ညီအစ်ကို​များစွာ အကျိုး​ခံစား​ခဲ့​ရလေ​သည်။—၃/၁၊ စာမျက်နှာ ၂၈။

ဝက်​စ်ဖာလီ​ယာ ငြိမ်းချမ်းရေး​စာချုပ်​ကြောင့် အဘယ်အရာ အထမြောက်​ခဲ့​ပြီး ဘာသာရေး​က မည်သို့​ပါဝင်​ပတ်သက်​ခဲ့​သနည်း။

ပြုပြင်​ပြောင်းလဲရေး​ကြောင့် သာသနာစောင့် ရောမ​အင်ပါယာ​သည် ကက်သလစ်၊ လူသာ​ရင်​နှင့် ကယ်​လ်ဗင်​နစ်​ဟူ၍ အယူဝါဒ​သုံးမျိုး ကွဲ​သွားခဲ့​၏။ ပရိုတက်စတင့်​သမဂ္ဂ​နှင့် ကက်သလစ်​အသင်း​ချုပ်​တို့ကို ၁၇ ရာစု အစောပိုင်း​တွင် ဖွဲ့စည်း​ခဲ့​သည်။ ထို့နောက် ဘို​ဟီး​မီး​ယား​နိုင်ငံ​တွင် ဘာသာရေး​ပဋိပက္ခ​တစ်ခု ဖြစ်ပွား​ခဲ့​ရာ နိုင်ငံတကာ​တန်ခိုး​အာဏာ အားပြိုင်​မှု​အဖြစ်သို့ တစ်ဟုန်ထိုး ဆိုက်ရောက်​သွားခဲ့​ရသည်။ ကက်သလစ်​နှင့် ပရိုတက်စတင့် အုပ်စိုးရှင်​များသည် နိုင်ငံရေး​အာဏာ​နှင့် ကုန်သွယ်​ရေး​အမြတ်အစွန်း​တို့ကို ဝင်​လု​ကြ​တော့​၏။ အဆုံး​၌ ဂျာမနီ​နိုင်ငံ ဝက်​စ်ဖာလီ​ယာ​ခရိုင်​တွင် ငြိမ်းချမ်းရေး စေ့စပ်​ဆွေးနွေးမှု​များ ကျင်းပ​ခဲ့​ကြသည်။ ငါး​နှစ်​နီးပါး​ကြာပြီးနောက် ၁၆၄၈ တွင် ဝက်​စ်ဖာလီ​ယာ​စာချုပ်​ကို ချုပ်ဆို​လိုက်​ကြ​ရာ အနှစ်​သုံး​ဆယ်​စစ်ပွဲ အဆုံးသတ်​သွားပြီး တစ်​ထီး​တစ်​နန်း​ရှိသည့် အစိုးရ​နိုင်ငံ​များ​ပါဝင်သော ခေတ်​သစ်​ဥရောပ မွေးဖွား​လာ​ခဲ့​လေ​သည်။—၃/၁၅၊ စာမျက်နှာ ၂၀-၃။

“သားရဲ” ၏​အမှတ်​တံဆိပ်၊ သို့​မဟုတ် ၆၆၆ ဂဏန်း​၏ အဓိပ္ပာယ်​ကား အဘယ်နည်း။

အဆိုပါ​အမှတ်​တံဆိပ်​ကို ဗျာ. ၁၃:၁၆-၁၈ တွင် ဖော်ပြ​ထား​၏။ သားရဲ​သည် လူ့​အုပ်ချုပ်မှု​ကို ရည်ညွှန်း​ပြီး ၎င်း​ခံယူ​ထားသော “လူ့​ကိန်း​ဂဏန်း” သည် လူသား​တို့၏ မစုံလင်​သော​အခြေအနေ​ကို ထင်ဟပ်​သည့် အစိုးရ​များ​ကို ညွှန်ပြ​သည်။ ၆ အပေါင်း ၆၀ အပေါင်း ၆၀၀ သည် ဘုရားသခင့်​အမြင်​တွင် လုံးလုံးလျားလျား စံ​မမီ​ကြောင်း ဖော်ပြ​၏။ ဤ​အမှတ်​တံဆိပ်​ကို ခံယူ​သူတို့သည် နိုင်ငံရေး​အုပ်ချုပ်မှု​ကို ကြည်ညို​သ​မှု ဂုဏ်တင်​ပြု​ကြသည်၊ သို့​မဟုတ် ကယ်မ​ခြင်း​အတွက် ယင်းကို မျှော်လင့်​ကြသည်။—၄/၁၊ စာမျက်နှာ ၄-၇။