မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ခရစ်ယာန်​တစ်ဦး​သည် တရားရုံး​တွင် မခြွင်းမချန်​အမှန်အတိုင်း​ထွက်ဆို​ရန် သမ္မာကျမ်းစာ​အပေါ် လက်​တင်၍ ကျမ်း​ကျိန်ခြင်း​သည် ကျမ်းစာ​နှင့်​ညီ​သလော။

ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ တစ်ဦးချင်း​စီ ကိုယ်ပိုင်​ဆုံးဖြတ်ချက် ချ​ရမည်​ဖြစ်သည်။ (ဂလာတိ ၆:၅) သို့သော် တရားရုံး​တွင် အမှန်အတိုင်း​ထွက်ဆို​ရန် ကျမ်း​ကျိန်ခြင်း​ကို ကျမ်းစာ​က မ​ကန့်ကွက်​ချေ။

ကျိန်ဆို​ခြင်း​ကို နေရာတကာ​တွင် ကျင့်သုံး​ခဲ့​သည်​မှာ ကြာမြင့်​ခဲ့​ပေ​ပြီ။ ဥပမာ​ပြ​ရ​လျှင် ရှေး​အချိန်​က ဂရိ​တို့သည် ကောင်းကင်​သို့ လက်​မြှောက်၍ သို့​မဟုတ် ယဇ်ပလ္လင်ကို ကိုင်​၍ ကျိန်ဆို​ခဲ့​ကြသည်။ ရောမ​ဂျူရီ​လူကြီး​တစ်ဦး​သည် ကျမ်း​ကျိန်​သောအခါ ကျောက်တုံး​တစ်တုံး​ကို​မ​၍ ဤသို့​ကျိန်ဆို​တတ်​သည်– “ဂျူပီတာ [နတ်​ဘုရား] က​မြို့​နဲ့​ခံတပ်​တွေ​ကို ကာကွယ်​စောင့်ရှောက်​နေချိန်မှာ ကျွန်တော်​က သိလျက်နဲ့​လိမ်ပြော​မယ်​ဆိုရင် ဒီ​ကျောက်တုံး​ကို ကျွန်တော်​ပစ်လိုက်​သလို ကိုယ်တော်​လည်း ကျွန်တော့်​ကို ကောင်းကျိုး​ချမ်းသာ​မှန်သမျှ​မှ ပယ်ရှား​ပစ်​ပါစေ။”—ဂျွန် မက်ကလင်းတော့​ခ်​နှင့် ဂျိမ်းစ် စထရောင်း​တို့၏ Cyclopedia of Biblical, Theological, and Ecclesiastical Literature အတွဲ ၇၊ စာမျက်နှာ ၂၆၀။

ဤ​အပြု​အမူ​များ​က လူသားများ​ကို ကြည့်ရှု​မှတ်သား​နိုင်​ပြီး စာရင်း​ရှင်း​မည့် တန်ခိုးရှင် နတ်​ဘုရား​တစ်ပါး​ရှိ​ခြင်း​ကို လူ​တို့​အသိအမှတ်ပြု​ကြောင်း ထင်ရှားစေ​၏။ ရှေး​ကာလ​မှ​စ၍ ယေဟောဝါ​အား စစ်မှန်​စွာ​ဝတ်ပြုသူ​များသည် မိမိတို့​ပြောဆို​လုပ်ကိုင်​လေ​သမျှ​ကို ကိုယ်တော်​သိမြင်​တော်​မူ​ကြောင်း သိရှိ​ကြသည်။ (သု. ၅:၂၁; ၁၅:၃) ဘုရားသခင်​ရှေ့မှောက်​တွင် သူတို့​ကျိန်ဆို​ကြသည်၊ သို့​မဟုတ် ကိုယ်တော့်​ကို သက်သေ​အဖြစ်​ထား​ကြသည်။ ဥပမာ၊ ဗောဇ၊ ဒါဝိဒ်၊ ရှောလမုန်​နှင့် ဇေဒကိ​တို့သည် ထိုသို့​ပြု​ခဲ့​ကြ​၏။ (ရုသ ၃:၁၃; ၂ ဓမ္မ​ရာဇဝင် ၃:၃၅; ၃ ဓမ္မ​ရာဇဝင် ၂:၂၃၊ ၂၄; ယေရမိ ၃၈:၁၆) အခြားသူများ​က စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြုသူ​များ​ကို ကျိန်ဆို​စေသည့်​အခါ​တွင်​လည်း ကျိန်ဆို​ကြသည်။ အာဗြဟံ​နှင့် ယေရှု​ခရစ်​တို့သည် ထိုသို့​ပင်​ကျိန်ဆို​ခဲ့​ကြ​၏။—ကမ္ဘာဦး ၂၁:၂၂-၂၄; မဿဲ ၂၆:၆၃၊ ၆၄

ယေဟောဝါ​၏​ရှေ့မှောက်​တွင် ကျိန်ဆို​သူသည် တစ်ခါတစ်ရံ ကိုယ်ဟန်​အမူအရာ​ဖြင့် ကျိန်ဆို​တတ်ကြ​သည်။ အာဗြံ (အာဗြဟံ) က “ကောင်းကင်​မြေကြီး​အရှင်၊ အမြင့်ဆုံး​သော​ဘုရားသခင် ထာဝရ​ဘုရား​ရှေ့တော်၌ ကျွန်ုပ်​သည် လက်ကို​ချီ​၍ အဓိဋ္ဌာန်​ပြု [“ကျိန်ဆို၊” က​ဘ] ပါ​ပြီ” ဟု​သောဒုံ​မင်းကြီး​အား ပြောဆို​ခဲ့​သည်။ (ကမ္ဘာဦး ၁၄:၂၃၊ ၂၄) ပရောဖက်​ဒံယေလ​ကို စကားပြော​ဆို​နေ​သူ ကောင်းကင်တမန်​တစ်ပါး​သည် ‘လက်နှစ်ဖက်​ကို ကောင်းကင်​သို့​ချီ​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်​မူ​သော ဘုရားသခင်​ကို တိုင်တည်​၍ ကျိန်ဆို​သည်’ ဟု​ဆို​၏။ (ဒံယေလ ၁၂:၇) ဘုရားသခင်​ပင်​လျှင် ပုံဆောင်​သဘော​အရ လက်ကို​ချီ​၍ ကျိန်ဆို​သည်​ဟု ဖော်ပြ​၏။—တရားဟောရာ ၃၂:၄၀; ဟေရှာယ ၆၂:၈

ကျိန်ဆို​ခြင်း​ကို ကျမ်းစာ​က မ​ကန့်ကွက်​ထား​ချေ။ သို့သော် ခရစ်ယာန်​တစ်ဦး​သည် မိမိ​ပြောဆို​လေ​သမျှ​ကို သက်သေထူ​ရန် ကျိန်ဆို​စ​ရာ​မလို​ပေ။ ယေရှု​က “သင်၏​စကား​မှာ ဟုတ်​သည်ကို​အ​ဟုတ်၊ မဟုတ်​သည်ကို​မဟုတ် ဖြစ်စေ​လော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၅:၃၃-၃၇) တပည့်​ဖြစ်သူ​ယာကုပ်ကလည်း ထို​အတိုင်း​ပင် ဖော်ပြ​ခဲ့​သည်။ “ကျိန်ဆို​ခြင်း​ကို . . . ရှောင်​ကြလော့” ဟု​သူ​ပြော​သောအခါ ကျိန်ဆို​ခြင်း​ကို ပေါ့ပေါ့ဆဆ​သဘော​မထား​ဖို့ သတိပေး​နေခြင်း​ဖြစ်၏။ (ယာကုပ် ၅:၁၂) တရားရုံး​တွင် အမှန်အတိုင်း​ထွက်ဆို​ရန် ကျမ်း​ကျိန်ခြင်း​သည် မှား​သည်​ဟု ယေရှု​ရော၊ ယာကုပ်​ပါ မပြောခဲ့​ချေ။

သို့​ဖြစ်​လျှင် တရားရုံး​တွင် ခရစ်ယာန်​တစ်ဦး​သည် သူ၏​ထွက်ဆိုချက် မှန်ကန်ကြောင်း ကျမ်း​ကျိန်​ရန် တောင်းဆို​ခံရ​လျှင်​ကော အသို့နည်း။ ကျမ်း​ကျိန်​နိုင်​သည်​ဟု သူ​ယူမှတ်​ပေမည်။ ထိုသို့​မပြု​လိုလျှင် ယင်းအစား သူသည် မိမိ​မ​လိမ်လည်​ပါ​ဟု အခိုင်အမာ​ဝန်ခံချက် ပေး​ခွင့်​ရ​ပေမည်။—ဂလာတိ ၁:၂၀

ခရစ်ယာန်​တစ်ဦး​သည် တရားရုံး​တော်​ကျင့်ထုံး​အရ လက်ကို​မြှောက်၍​ဖြစ်စေ၊ သမ္မာကျမ်းစာ​အပေါ် လက်​တင်၍​ဖြစ်စေ ကျမ်း​ကျိန်​ရသောအခါ သူသည် လိုက်နာ​ရန် ရွေးချယ်​ပေမည်။ ကိုယ်ဟန်​အမူအရာ​ဖြင့် ကျိန်ဆို​ခဲ့​သော ကျမ်းစာ​ပုံ​နမူနာ​များ သူ၏​စိတ်ထဲ​တွင်​ရှိ​ပေမည်။ ကျမ်း​ကျိန်​သောအခါ ကိုယ်ဟန်​အမူအရာ​တစ်ခုခု ပြုလုပ်ခြင်း​ထက် ခရစ်ယာန်​တစ်ဦး​အတွက် သာ၍​အရေးကြီး​သည်​မှာ ဘုရားသခင်​ရှေ့မှောက်​တွင် အမှန်အတိုင်း​ထွက်ဆို​ရန် ကျိန်ဆို​နေခြင်း​ဖြစ်သည်​ကို သတိရ​နေရ​မည်။ ဤသို့​သော​ကျိန်ဆို​ခြင်း​သည် ကြီး​လေး​သော​ကိစ္စရပ်​တစ်ခု​ဖြစ်၏။ မှန်ပါသည်၊ ခရစ်ယာန်​တစ်ဦး​သည် ထိုသို့​သော​အခြေအနေ​မျိုး​တွင် မေးခွန်း​တစ်ခု​ကို ဖြေဆို​နိုင်​သည်၊ ဖြေဆို​အပ်​သည်​ဟု ယူမှတ်​မည်​ဆိုလျှင် မိမိသည် အမှန်အတိုင်း​ထွက်ဆို​ရန် ကျမ်း​ကျိန်​ထား​ကြောင်း​နှင့် ခရစ်ယာန်​တစ်ဦး​အဖြစ် ထိုသို့​အခါ​ခပ်သိမ်း ပြောဆို​လို​ကြောင်း စိတ်​စွဲမှတ်​ထား​သင့်​သည်။