မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အားနားလည်မှုလွဲနေသည်ဟု ခံစားရပါသလော

သင့်အားနားလည်မှုလွဲနေသည်ဟု ခံစားရပါသလော

သင့်​အား​နားလည်မှု​လွဲ​နေသည်​ဟု ခံစားရ​ပါသလော

အဲ​န်​တိုနီ​ယို​သည် စိတ်​အနှောင့်အယှက်​ဖြစ်နေ​သည်။ သူ့​သူငယ်ချင်း​ကောင်း လီ​အို​နာ​ဒို​သည် ရုတ်တရက် နားမလည်​နိုင်​လောက်​အောင် သူ့​အပေါ်​အေး​တိ​အေးစက်​ဖြစ်လာ​သည်။ * အဲ​န်​တိုနီ​ယို​၏​နှုတ်ဆက်ခြင်း​ကို အကြိမ်ကြိမ်​အသိအမှတ်​မပြု၊ အတူတူ​ရှိနေကြ​ချိန်​တွင်​လည်း နံရံ​တစ်ခု​ခြား​ထား​သည့်​အလား​ဖြစ်နေ​သည်။ မိမိ​သူငယ်ချင်း​ကို နားလည်မှု​လွဲ​စေ​ခဲ့​သော အလုပ်​တစ်ခုခု၊ စကား​တစ်ခွန်း​ခွန်း လုပ်မိ၊ ပြော​မိ​ခဲ့ပြီ​ဟု အဲ​န်​တိုနီ​ယို စိုးရိမ်​လာ​သည်။ သို့သော် အဘယ်အရာ​နည်း။

နားလည်မှု​လွဲမှားခြင်း​သည် ဖြစ်ရိုးဖြစ်စဉ်​ဖြစ်သည်။ အများ​မှာ အသေးအမွှား​ဖြစ်​ပြီး အလွယ်တကူ​ဖြေရှင်း၍​ရသည်။ အခြား​အရာ​တို့​မူ အလွန်​စိတ်ရှုပ်​ထွေး​စ​ရာ​ဖြစ်​နိုင်​သည်၊ အထူးသဖြင့် အထင်လွဲ​မှား​မှု​တို့ကို​ဖြေရှင်းရန်​ကြိုးပမ်း​သော်လည်း ရှိ​မြဲ​ရှိနေ​သည့်​အခါ​မျိုး​တွင်​ဖြစ်သည်။ နားလည်မှု​လွဲမှားခြင်း​များ အဘယ်ကြောင့်​ဖြစ်ပေါ်​ရသနည်း။ ပါဝင်​ပတ်သက်​သူတို့အား မည်သို့​အကျိုး​သက်ရောက်​စေ​သနည်း။ သင်​လုပ်​သည့်​အလုပ်​တစ်ခုခု​ကို အခြားသူများ​က နားလည်မှု​လွဲမှား​လျှင် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ အခြားသူ​တို့ သင့်​အား​မည်သို့​ယူမှတ်​စေ​ကာ​မူ အကြောင်း​လော။

ရှောင်လွှဲ​၍​မရနိုင်​သော အမှန်တရား

သူတစ်ပါး​သည် ကျွန်ုပ်​တို့၏​သဘောထား​နှင့် ကြံရွယ်ချက်​များ​ကို မသိနိုင်​ကြသော​ကြောင့် ကျွန်ုပ်​တို့၏​စကား၊ ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုများ​ကို တစ်ယောက်ယောက်​က အနှေး​နှင့်​အမြန် တလွဲ​ယူမှတ်​ပေ​လိမ့်​မည်။ နားလည်မှု​လွဲ​မှားနိုင်စရာ​အကြောင်း များစွာ​ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့၏​သဘောထားကို ရှင်းလင်း​ပြတ်သား၊ တိကျ​စွာ မဖော်​ပြ​တတ်​၍​ဖြစ်သည်။ နောက်ခံ​ဆူညံသံ​နှင့် အခြား​စိတ်​ပျံ့လွင့်​စ​ရာ​များသည် ကျွန်ုပ်​တို့​အပေါ် အခြားသူများ အပြည့်အဝ​အာရုံမစိုက်​နိုင်​ဘဲ ဖြစ်စေ​နိုင်​သည်။

အချို့​သော​နည်းလမ်းများ​နှင့်​အပြု​အမူ​များ​ကြောင့်​လည်း တလွဲ​ယူမှတ်​စေနိုင်​သည်။ ဥပမာ​အနေ​နှင့် ရှက်ကြောက်​တတ်သော​လူတစ်ယောက်​သည် အေး​တိ​အေးစက်​နိုင်​သည်၊ ဘာသိဘာသာ​နိုင်​သည်၊ သို့​မဟုတ် ဘဝင်မြင့်​သည်​ဟု မှားယွင်းစွာ​ဝေဖန်ခံ​ရနိုင်​သည်။ အတိတ်​မှ​ကိုယ်ရေးကိုယ်တာ​အတွေ့အကြုံ​များသည် အခြေအနေ​အချို့​ကို ကျိုးကြောင်း​ညီညွတ်​စွာ တုံ့ပြန်​သည်ထက် စိတ်​လှုပ်ရှားမှု​ဖြင့် တုံ့ပြန်​ပေမည်။ ယဉ်ကျေးမှု​နှင့် ဘာသာ​စကား ကွာခြားမှု​များ​ရှိ​ခြင်း​ကြောင့် နားလည်​သဘောပေါက်​မှာ​ပါ​ဟု လွယ်လွယ်​နှင့်​မယူမှတ်​နိုင်​ပေ။ ယင်း​အပေါ် မမှန်ကန်​မတိကျ​သော​သတင်းလွှင့်​ခြင်း​နှင့် အတင်းအဖျင်း​ကို ထပ်ဆင့်​လိုက်ပါ​မူ ပြောဆို​ခဲ့​သည့်​စကား၊ ပြုလုပ်​ခဲ့​သည့်​အလုပ်ကို အနက်ကောက်​ခြင်း​သည် တစ်ခါတစ်ရံ အရင်းခံ​ရည်ရွယ်ချက်​နှင့် ကွဲပြား​နေသည်​မှာ အံ့ဩစရာ​မဖြစ်​သင့်​ချေ။ မှန်ပါသည်၊ မိမိတို့၏​ကြံရွယ်ချက်​များ​ကို တလွဲ​ယူမှတ်​သွားပြီ​ဟု ရိပ်မိ​သူတို့​အတွက် အဆိုပါ​အရာအားလုံး​က စိတ်​ချမ်းသာ​စေမည်​မဟုတ်ပေ။

ဥပမာ၊ အဲ​န်​နာ​သည် သူ၏​သူငယ်ချင်း​တစ်ဦး​မရှိ​ခိုက် ထို​သူ၏ ရေပန်းစား​မှု​အကြောင်း သဘော​ရိုး​နှင့် မှတ်ချက်ချ​ခဲ့​သည်။ ထို​မှတ်ချက်​ကို အခြားသူ​တစ်ဦး​က အမှန်အတိုင်း​ပြန်​မပြောခဲ့​သည့်​အတွက် နောက်ပိုင်း​တွင် ထို​သူငယ်ချင်း​က ယောက်ျားလေး​အဖော်​တစ်ယောက်​၏​ဂရုစိုက်​မှု​ကို မိမိ​ရရှိခဲ့​၍ အဲ​န်​နာ မနာလို​ဝန်​တို​ဖြစ်​နေကြောင်း လူရှေ့​သူ​ရှေ့တွင် စိတ်ဆိုး​မာန်​ဆိုး စွပ်စွဲ​လိုက်​သည့်​အခါ အဲ​န်​နာ​သည် အံ့သြ​စိတ်ပျက်​သွားခဲ့​ရသည်။ အဲ​န်​နာ​၏​စကား​ကို လုံးဝ​အနက်ကောက်​လွဲ​ခဲ့​ကြောင်း​နှင့် ထိုသို့​မရည်ရွယ်​ပါ​ဟု သူငယ်ချင်း​အား သေသေချာချာ ကြိုးစား​ရှင်းပြ​သော်လည်း မအောင်မြင်​ခဲ့​ချေ။ ထို​အခြေအနေ​ကြောင့် အတော်လေး​ဝမ်းနည်းစရာ​ဖြစ်​ခဲ့​ပြီး ထို​နားလည်​လွဲမှား​မှု​ကို ကာလ​အတန်ကြာ​ကုန်လွန်​ပြီး​နောက်​မှ​သာ အဲ​န်​နာ ဖြေရှင်း​တင်ပြ​နိုင်​ခဲ့​သည်။

သင့်​အား သူတစ်ပါး​ဝေဖန်​ပုံ​သည် သင့်​ကြံရွယ်ချက်​ကို သူတို့​သဘောပေါက်​ပုံ​အပေါ် မူတည်​လေ့​ရှိသည်။ ထို့​ကြောင့် သင့်​သဘောထားကို လူတို့က မမှန်မကန်​အနက်ကောက်​သည့်​အခါ စိတ်ထိခိုက်​စ​ရာ​ဖြစ်သည်​မှာ ဓမ္မတာ​ပင်။ တစ်စုံ​တစ်ယောက်​သည် မိမိကို နားလည်မှု​လွဲမှား​စ​ရာ​အကြောင်း​မရှိသင့်​ဟု သင်​ခံစား​ရပြီး ခံပြင်း​၍​ဒေါသ​ထွက်​ပေမည်။ အထူးသဖြင့် အကျိုးသင့်အကြောင်းသင့်​မရှိ ဝေဖန်​ခန့်မှန်း​မှု​ပြု​နေသူတို့​၏ ထင်မြင်ချက်​ကို တန်ဖိုး​ထား​သူ​ဖြစ်​လျှင် ထိုသို့​သော​ဝေဖန်ချက်​များသည် သင့်​အမြင်​တွင် တစ်ဖက်​စောင်း​နင်း​ဖြစ်၍ အပြစ်ရှာ​ခြင်း၊ သို့​မဟုတ် လုံးဝ​မှား​နေခြင်း​ဖြစ်​ပေမည်။

သင့်ကို​လူ​တို့​စီရင်​ဆုံးဖြတ်​ပုံ​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​နိုင်​သော်လည်း အခြားသူများ​၏​ထင်မြင်ချက်​ကို အလေးဂရုပြု​ရန် လျောက်ပတ်​ပေ​သည်။ သူတစ်ပါး​စဉ်းစား​တွေးတော​ရာ​ကို ဥပေက္ခာ​ပြုခြင်း​သည် ခရစ်ယာန်မဆန်​ပါ၊ ကျွန်ုပ်​တို့၏​စကား၊ ကျွန်ုပ်​တို့၏ လုပ်ရပ်များ​ကြောင့် အခြား​သူတို့ကို အဘယ်​နည်းဖြင့်​မျှ​ဆိုးကျိုး​မပေး​လို​ပါ။ (မဿဲ ၇:၁၂; ၁ ကောရိန္သု ၈:၁၂) ထို့​ကြောင့် တစ်ခါတစ်ရံ သင်​နှင့်​ပတ်သက်​၍ တစ်စုံ​တစ်ယောက်​က အထင်မှား​နေလျှင် ကြိုးစား​ပြုပြင်ပေး​ရန် လိုအပ်​ပေမည်။ သို့ရာတွင် မျက်နှာသာ​ရ​ရန် အလွန်အမင်း​အလေးပေး​ခြင်း​သည် မလိုလား​ဖွယ်​သော​ရလဒ်​ပေါ်​စေ​၍ ကိုယ့်​သိက္ခာ​ကိုယ်​လေးစားမှု လျော့ပါး​ခြင်း၊ သို့​မဟုတ် ငြင်းပယ်​ခံရ​၏​ဟု ခံစား​ရခြင်း​တို့ ဖြစ်ပွား​စေ​သည်။ အမှန်​မှာ၊ သင်၏​တန်ဖိုး​အစစ်အမှန်​သည် အခြားသူများ​၏​အထင်အမြင်​အပေါ် မူ​မတည်​ချေ။

အခြား​တစ်ဖက်​တွင်​မူ၊ သင့်ကို​အတိုက်အခံပြု​ဝေဖန်​ခဲ့​ခြင်း​သည် ခြေမြစ်​နေကြောင်း သင်​အသိအမှတ်ပြု​ပေမည်။ ယင်းသည်​လည်း နာကြည်း​စ​ရာ​ဖြစ်စေ​နိုင်​သည်၊ သို့သော် သင်၏​မစုံလင်မှုကို လိုလိုလားလား​နှင့် ရိုးရိုးသားသား​အသိအမှတ်ပြု​လျှင် ထိုသို့​သော​တွေ့ကြုံမှု​များ​က လိုအပ်သော​ပြောင်းလဲမှု​များ​ပြုလုပ်​ရန် သင့်​အား​လှုံ့ဆော်ပေး​၍ အကျိုးပြု​နိုင်​သည်။

အပြုသဘော​မပါ​သော အကျိုးဆက်များ

နားလည်မှု​လွဲမှားခြင်း​များသည် ဆိုးရွား​သော​အကျိုး​ရလဒ်များ ဖြစ်စေ​နိုင်​သည် သို့​မဟုတ် ဖြစ်ချင်​မှ​လည်း​ဖြစ်​မည်။ ဥပမာ၊ စားသောက်​ဆိုင်​တစ်ဆိုင်​တွင် လူတစ်ယောက်က စကား​ကျယ်လောင်​စွာ​ပြောဆို​နေသည်​ကို သင်ကြား​ရ​လျှင် ထို​သူသည် ပွင့်လင်း​ဖော်ရွေ​သူ သို့​မဟုတ် ဟိတ်​ဟန်​ထုတ်​သူ​ဖြစ်သည်ဟု သင်​ကောက်ချက်​ချ​ပေမည်။ သင်​မှား​ကောင်း​မှား​နိုင်​သည်။ ထို​ပုဂ္ဂိုလ်​နှင့်​စကားပြော​နေ​သူသည် နား​လေး​ပေမည်။ သို့​မဟုတ် အရောင်း​စာရေး​တစ်ယောက်​သည် မနှစ်သက်​ဖွယ်​ကောင်း​ပုံ​ရနိုင်​ဖွယ်​ရှိသော်လည်း သူသည် နေထိုင်​မကောင်း​ဖြစ်နေ​နိုင်​သည်။ ထို​ကဲ့သို့​သော​နားလည်မှု​လွဲမှားခြင်း​များသည် အပျက်သဘော​သက်ရောက်​သွား​နိုင်​သော်လည်း ယင်း​တို့သည် အရေးပါသော သို့​မဟုတ် ရေရှည်​ကြာ​သော​အကျိုးဆက်များ ဖြစ်ပေါ်​စေ​လိမ့်​မည် မဟုတ်ပါ။ သို့​ဖြစ်စေ​ကာ​မူ နားလည်မှု​လွဲမှားခြင်း​များသည် တစ်ခါတစ်ရံ ဘေးသင့်​စေနိုင်​သည်။ ရှေး​ဣသရေလ​လူမျိုး၏ သမိုင်း​ဖြစ်ရပ်​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။

အမ္မုန်​ဘုရင်​နာ​ဟ​တ် သေဆုံး​သွား​သည့်​အခါ ဖခင်​၏​ရိုက်ရာ​ကို​ခံယူ​သူ သားတော်ဟာ​နုန်​ကို​နှစ်သိမ့်​ရန် တမန်​များ​ကို ဒါဝိဒ်​စေလွှတ်​လိုက်​သည်။ သို့သော်၊ တမန်​များ​ရောက်လာ​ခြင်း​သည် အမ္မုန်​နယ်မြေ​တွင် ရန်လို​စွာ​ထောက်လှမ်း​ရန်​အတွက်​ဖြစ်သည်ဟု တလွဲ​ယူမှတ်​ကာ ဟာ​နုန်​သည် တမန်​များ​ကို ဦးစွာ​အရှက်ခွဲ​ပြီး​နောက် ဣသရေလ​နိုင်ငံ​ကို​စစ်တိုက်​လေ​၏။ ရလဒ်​အနေ​နှင့်၊ အနည်းဆုံး လူပေါင်း ၄၇,၀၀၀ သေဆုံး​ခဲ့​ရသည်—စိတ်ရင်း​စေတနာ​ကောင်း​ဖြင့်​ပြုသော အမှု​အပေါ် နားလည်မှု​လွဲမှား​သွား​၍​သာ​ဖြစ်သည်။—၁ ရာဇဝင်ချုပ် ၁၉:၁-၁၉

ဣသရေလ​သမိုင်း အစောပိုင်း​တွင် နားလည်မှု​လွဲမှား​ခဲ့​သည့် အခြား​ကိစ္စ​တစ်ခု​ကို အတော်​ကလေး​ကွဲပြား​ခြားနား​စွာ ဖြေရှင်း​ခဲ့​သည်။ ရုဗင်​အမျိုး၊ ဂဒ်​အမျိုး​နှင့် မနာရှေ​အမျိုး​တစ်ဝက်​တို့သည် ထင်ရှားသော​ယဇ်​ပလ္လင်​တစ်ခု​ကို ယော်ဒန်​မြစ်​နား​မှာ တည်​ကြ​၏။ ထို​အမှုကို သစ္စာဖျက်​မှု၊ ယေဟောဝါ​ကို ပုန်ကန်ခြင်း​အဖြစ် ကျန်​ဣသရေလလူ​တို့​မြင်ကြ​သည်။ ထို့​ကြောင့် စစ်ချီ​တက်​ဖို့ သူတို့​စုရုံး​ကြ​လေ​သည်။ သို့သော် ပြင်းပြင်းထန်ထန်​အရေးမယူ​မီ အခြား​ဣသရေလလူ​များသည် သစ္စာဖျက်​ပုံ​ရသည့် ဤ​အမှု​ကြောင့် အမျက်ထွက်​ကြောင်း​တင်ပြ​ရန် တမန်​များ​ကို​စေလွှတ်ခဲ့​သည်။ သူတို့ ထိုသို့​ပြု​ခဲ့​ခြင်း​သည် တော်မှန်​၏၊ အကြောင်း​မူ​ကား ယဇ်ပလ္လင်ကို​တည်ဆောက်​ကြ​သူများ​က မိမိတို့သည် စင်ကြယ်သော​ဝတ်ပြုရေး​မှ​လွဲသွား​ရန် မရည်ရွယ်​ကြောင်း ရှင်းပြ​ခဲ့​သည်။ ထိုသို့​ဖြစ်​မည့်​အစား ယဇ်​ပလ္လင်​သည် ယေဟောဝါ​အပေါ် မိမိတို့​သစ္စာရှိ​ခြင်း​၏ အထိမ်းအမှတ်​သက်သေ​အဖြစ် တည်​ခြင်း​ဖြစ်သည်။ ဤ​နားလည်မှု​လွဲမှားခြင်း​သည် သွေး​ချောင်း​စီး​သတ်ဖြတ်မှု​ကို ဖြစ်ပေါ်​စေနိုင်​သည်၊ သို့သော် ဉာဏ်ပညာ​က ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​ကို ရှောင်လွှဲ​ပေး​ခဲ့​သည်။—ယောရှု ၂၂:၁၀-၃၄

မေတ္တာ​စိတ်ဖြင့် ကိစ္စရပ်​များ​ကို​ဖြေရှင်းပါ

ဤ​မှတ်တမ်းများ​ကို နှိုင်းယှဉ်​ကြည့်​ခြင်း​က ပညာပေး​သည်။ ကိစ္စ​တစ်ရပ်​ကို​ရှင်းလင်း​ခြင်း​သည် ပညာ​ရှိသော​လုပ်ရပ်​ဖြစ်သည်​မှာ အထင်အရှား​ပင်။ နောက်ဆုံး​ဆွေးနွေး​ခဲ့​သည့်​ဖြစ်ရပ်​တွင် နှစ်ဦး​နှစ်ဖက်​စကားပြော​ဆို​ခဲ့​ခြင်း​ကြောင့်​သာ မည်မျှ​လောက်​အသက်ချမ်းသာ​ရသွား​ခဲ့​ကြောင်းကို မည်သူ​သိ​မှာ​နည်း။ ကိစ္စရပ်​အများစု​တွင် တစ်ဦး​တစ်ယောက်​၏​စိတ်ရင်း​ကို သင်​မသိ​လိုက်​သဖြင့် သေရေးရှင်ရေး​ကိစ္စ​ဖြစ်သွား​မည်​မဟုတ်သော်လည်း၊ ခင်မင်မှု ပြတ်စဲ​သွား​နိုင်​သည်။ ထို့​ကြောင့် တစ်စုံ​တစ်ယောက်​သည် သင့်​အပေါ် မတော်မလျော်​ပြုမူ​ခဲ့​သည်​ဟု သင်​ခံစားရ​လျှင်၊ အရှိ​ကို​အရှိအတိုင်း သင်​တကယ်​နားလည်​ပါသလော သို့​မဟုတ် တလွဲ​ထင်မှတ်​နေပါသလော။ သူ​တစ်ဖက်သား​၏ ရည်ရွယ်ချက်များ​ကား​အဘယ်နည်း။ သူ့ကို​မေးမြန်းပါ။ နားလည်မှု​လွဲမှား​နေသည်​ဟု သင်​ခံစားရ​ပါသလော။ ယင်း​ကိစ္စ​ကို တင်ပြ​ပြောဆို​ပါ။ မာန​စိတ်၏ ဟန့်တား​မှု​ကို မခံ​ပါ​နှင့်။

ယေရှုသည် နားလည်မှု​လွဲမှားခြင်း​များ​ကို ဖြေရှင်းရန် ဤ​အကောင်းဆုံး​လှုံ့ဆော်ချက်​ပေး​ခဲ့​သည်– “သင်သည် ပူဇော်​သကာ​ကို ယဇ်​ပလ္လင်​သို့​ဆောင်ယူ​ခဲ့​လျက် သင်၏​ညီအစ်ကို​သည် သင်၌​အပြစ်တင်​ခွင့်​တစ်စုံတစ်ခု​ရှိသည်​ဟု အောက်မေ့​သတိရ​လျှင်၊ ယဇ်​ပလ္လင်​ရှေ့ မှာ ပူဇော်​သကာ​ကို​ထား​၍​သွားလော့။ ညီအစ်ကို​နှင့်​သင့်တင့်​ပြီး​မှ ပြန်၍​ပူဇော်​သကာ​ကို​တင်​လော့။” (မဿဲ ၅:၂၃၊ ၂၄) ထို့​ကြောင့် ပြုလုပ်​ရန် သင့်တင့်​လျောက်ပတ်​သော​အရာ​မှာ အခြားသူများ​မပါဘဲ ထို​သူ​ထံ​သီးသန့်​ချဉ်းကပ်​ခြင်း​ဖြစ်သည်။ အကယ်၍ သင်၏​မကျေနပ်မှု​ကို ပြစ်မှားသူ​က သူတစ်ပါး​ထံ​မှ အရင်​ကြား​လျှင် အခြေအနေ​ပို​ဆိုး​သွားပေ​လိမ့်​မည်။ (သု. ၁၇:၉) သင့်​ပန်းတိုင်​မှာ မေတ္တာ​စိတ်ဖြင့် သင့်မြတ်​ပြေငြိမ်း​စေရန် ဖြစ်​သင့်​သည်။ ပြဿနာ​ကို ပီပြင်​ပြတ်သား​စွာ ရိုးရှင်း​ပြီး​အပြစ်မတင်​သော​စကား​ဖြင့် အေးအေးဆေးဆေး​ရှင်းပြပါ။ ယင်း​အခြေအနေ​က သင့်​အား မည်သို့​ခံစား​စေ​ကြောင်း ရှင်းပြပါ။ သည့်​နောက် တစ်ဖက်သား​၏​ရှုထောင့်​ကို အရှိအတိုင်း​နားထောင်ပေး​ပါ။ ရည်ရွယ်ချက်​မှား​သည်​ဟု အလျင်စလို​မ​ယိုးစွပ်​ပါ​နှင့်။ တစ်ဖက်သား​တွင် အပျက်သဘော​မရှိပါ​ဟု ယုံကြည်ပါ။ မေတ္တာသည် “ခပ်သိမ်း​သော​အရာ​ကို​ယုံတတ်” ကြောင်း​သတိရပါ။—၁ ကောရိန္သု ၁၃:၇

နားလည်မှု​လွဲမှားခြင်း​များ​ကို ဖြေရှင်း​ပြီး​သည့်​တိုင် စိတ်နာ​ကြည်း​မှုများ သို့​မဟုတ် အပျက်သဘော​ဆောင်သော​ဆိုးကျိုး​များ ရှိ​မြဲ​ရှိနေ​ပေမည်။ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ကိစ္စရပ်​များ​ဖြေရှင်း​ရာ​တွင် လိုအပ်​မည်​ဆိုလျှင် အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ ပြုလုပ်​နိုင်​သည့် မည်သည့်​လုပ်ရပ်​နှင့်​မဆို​တွဲ၍ စိတ်ရင်းမှန်​ဖြင့် ဝန်ချ​တောင်းပန်​ခြင်း​သည် အမှန်ပင်​လျောက်ပတ်​ပေ​သည်။ ထိုသို့​သော​အခြေအနေ​များ​အားလုံး​တွင် တလွဲ​ထင်မှတ်​ခံရ​သူသည် ဤ​မှုတ်သွင်းခံ​သွန်သင်ချက်​ကို လိုက်နာသင့်​သည်– “တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊ အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ခရစ်တော်​သည် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့၊ ထို​နည်းတူ​ပြု​ကြလော့။ စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော ချစ်ခြင်း​မေတ္တာကို ထပ်၍​ယူတင်​ဝတ်ဆောင်​ကြလော့။”—ကောလောသဲ ၃:၁၃၊ ၁၄; ၁ ပေတရု ၄:၈

ကျွန်ုပ်​တို့​မစုံလင်​သမျှ​ကာလပတ်လုံး နားလည်မှု​လွဲ​ခြင်း​နှင့် စိတ်နာ​ကြည်း​ခြင်း​တို့​ရှိ​မည်​ဖြစ်သည်။ မည်သူ​မဆို အမှား​ပြု​နိုင်​သည်၊ သို့​မဟုတ် စာနာ​ထောက်ထား​မှုမရှိ၊ ကြင်နာ​မှုမရှိ ပြောဆို​ပြုမူ​နိုင်​သည်။ ကျမ်းစာ​က​ဤသို့​ထောက်ပြ​သည်– “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏။ စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား၊ စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏။” (ယာကုပ် ၃:၂) ယေဟောဝါ​ဘုရားသခင်​သည် ယင်းကို​ကောင်းစွာ​သိ​သောကြောင့် ကျွန်ုပ်​တို့အတွက် ဤ​လမ်းညွှန်ချက်များ​ကို ပေး​ခဲ့​သည်– “အမျက်ထွက်​သည်​တိုင်အောင် စိတ်​မ​တို​နှင့်။ အမျက်​သည် မိုက်​သော​သူ၏​စိတ်နှလုံး​၌ နေရာကျ​တတ်၏။ သူတစ်ပါး ပြော​သမျှ​သော​စကား​တို့ကို မ​မှတ်​နှင့်။ သို့ပြုလျှင် ကိုယ်​ကျွန် ကျိန်ဆဲ​သော​စကား​ကို ကြား​လိမ့်​မည်။ သင်သည် ကိုယ်တိုင်​သူတစ်ပါး​တို့ကို အဖန်​ဖန်​ကျိန်ဆဲ​ကြောင်းကို ကိုယ်​စိတ်နှလုံး​ထဲမှာ​သိ​၏။”—ဒေ. ၇:၉၊ ၂၁၊ ၂၂

‘ယေဟောဝါ​မူ​ကား စိတ်နှလုံး​တို့ကို ချိန်​တော်​မူ​၏’

သင့်​အား အထင်အမြင်​လွဲ​နေ​သူ၏​စိတ်​ကို ပြုပြင်​ပြောင်းလဲ​၍​မရ​ကြောင်း​ထင်ရှား​ပါ​က အသို့နည်း။ စိတ်မပျက်​ပါ​နှင့်။ သင်​တတ်နိုင်​သမျှ ခရစ်ယာန်​အရည်အသွေးများ​ကို ဆက်၍​ပြုစု​ပျိုးထောင်​ပေး​ပါ။ လိုအပ်​သည့်​နေရာတွင် တိုးတက်စေ​ရန် သင့်ကို​ကူညီ​ပေးဖို့ ယေဟောဝါ​အား​ဆုတောင်း​ပါ။ ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် သင်၏​စစ်မှန်သော​တန်ဖိုး​သည် အဆုံး​တွင် အခြား​သူတို့၏​ဆုံးဖြတ်ချက်​အပေါ် မ​မူတည်​ချေ။ ယေဟောဝါ​တစ်ပါး​တည်း​သာ​လျှင် “စိတ်နှလုံး​တို့ကို​ချိန်” နိုင်​တော်​မူ​သည်။ (သု. ၂၁:၂) ယေရှု​ကိုယ်တော်တိုင်​ပင်​လျှင် လူတို့၏​မထီမဲ့မြင်​ပြု​မှု​နှင့် အထင်အမြင်​သေး​ခြင်း​ကို​ခံ​ခဲ့​ရသည်၊ သို့သော် ယင်းက ကိုယ်တော့်​အား ယေဟောဝါ​ရှုမြင်ပုံကို မထိခိုက်​ခဲ့​ပါ။ (ဟေရှာယ ၅၃:၃) သင့်​အား လူ​အချို့​တလွဲ​ယူမှတ်​မည်​ဖြစ်သော်လည်း သင့်ကို​ယေဟောဝါ​နားလည်​ကြောင်း ယုံကြည်​စိတ်ချ​စွာ ကိုယ်တော်​အား “[သင့်] စိတ်နှလုံး​ကို​ဖွင့်ပြ” နိုင်​သည်၊ အကြောင်း​မူ​ကား “ထာဝရ​ဘုရား​သည် လူ​မြင်​သကဲ့သို့​မြင်တော်မူ​သည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်​ကို​ကြည့်ရှု​တတ်၏။ ထာဝရ​ဘုရား​မူ​ကား နှလုံးကို​ကြည့်ရှု​တတ်​သည်။” (ဆာလံ ၆၂:၈; ၁ ဓမ္မ​ရာဇဝင် ၁၆:၇) အကယ်၍ ကောင်းသော​အမှုကို သင်​အမြဲ​ပြုလုပ်​နေပါက သင့်​အား​အထင်သေး​သူတို့သည် အချိန်တန်သော် သူတို့၏​အမှား​ကို​သိ​မြင်လာ​ကြ​ပြီး သူတို့၏​ထင်မြင်ချက်​ကို ပြောင်းလဲ​ကြ​ပေမည်။—ဂလာတိ ၆:၉; ၂ တိမောသေ ၂:၁၅

ဤ​ဆောင်းပါး​၏​အစပိုင်း​တွင်​ဖော်ပြ​ထား​သည့် အဲ​န်​တိုနီ​ယို​ကို သင်​မှတ်မိ​ပါသလော။ သူသည် ကျမ်းစာ​မှ​အကြံပေး​ချက်​ကို​လိုက်နာ​ရန် သတ္တိ​မွေး​ပြီး သူ့​သူငယ်​ချင်းလီ​အို​နာ​ဒို​အား စိတ်​အနှောင့်အယှက်​ဖြစ်အောင် မိမိ​အဘယ်အရာ​ပြုလုပ်​မိ​သနည်း​ဟု မေးမြန်းခဲ့​သည်။ ရလဒ်​ကား​အဘယ်နည်း။ လီ​အို​နာ​ဒို​သည် အလွန်​အံ့သြ​သွားခဲ့သည်။ အဲ​န်​တိုနီ​ယို​သည် မိမိ​အား လုံးဝ​စိတ်​အနှောင့်အယှက်​မဖြစ်စေ​ခဲ့​ကြောင်း​နှင့် သူ့​အား​ခွဲခွဲခြားခြား​ဆက်ဆံ​ရန် မရည်ရွယ်ခဲ့​ကြောင်း ပြန်​ဖြေဆိုခဲ့သည်။ အကယ်၍ သူသည် အေး​တိ​အေးစက်​ဖြစ်​ခဲ့​ပုံ​ရှိပါက အတွေး​လွန်​နေ၍​ဖြစ်​နိုင်​သည်။ လီ​အို​နာ​ဒို​သည် သူ့​သူငယ်ချင်း​၏​စိတ်​ကို အမှတ်မထင်​ထိခိုက်​မိ​သည့်​အတွက် ခွင့်လွှတ်​ဖို့ တောင်းပန်​ခဲ့​ပြီး ဤ​ကိစ္စ​ကို သူ့​အား​တင်ပြ​ပြောဆို​သည့်​အတွက် ကျေးဇူး​တင်​စကားပြော​ခဲ့​သည်။ နောင်​တွင် အခြားသူများ​အား ထပ်တူ​တလွဲ​မထင်​စေရန် သူ​ပို​၍​ဂရုစိုက်​တော့​မည်​ဖြစ်​ကြောင်း ထပ်လောင်း​၍​ပြောဆို​ခဲ့​သည်။ တင်းမာမှု​ရှိသမျှ လုံးလုံး​ပျောက်ကွယ်​သွားခဲ့​ရာ သူငယ်ချင်း​နှစ်ယောက်​သည် ယခင်​ကဲ့သို့​ပြန်​ရင်းနှီး​ချစ်ခင်​ကြ​လေ​သည်။

နားလည်မှု​လွဲ​ခံရ​လျှင် ဘယ်တော့​မျှ​မပျော်​နိုင်​ပါ။ သို့သော်၊ ကိစ္စရပ်​များ​ကို အတတ်နိုင်ဆုံး​ဖြေရှင်း၍ ချစ်ခြင်း​မေတ္တာ​နှင့် ခွင့်လွှတ်​ခြင်း​ဆိုင်ရာ ကျမ်းစာ​မူများ​ကို ကျင့်သုံး​လိုက်ပါ​က အသင်​သည်လည်း ထပ်တူ​ရလဒ်ကောင်း​များ​ကို ရရှိ​ပေ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ဤ​ဆောင်းပါး​၌ အစားထိုး​နာမည်​အချို့​ကို အသုံးပြု​ထား​သည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကိစ္စရပ်​များ​ကို မေတ္တာ​စိတ်​နှင့် ခွင့်လွှတ်​မှု​ဖြင့် ဖြေရှင်းခြင်း​သည် ပျော်ရွှင်ဖွယ် ရလဒ်များ ဖြစ်ပေါ်​စေနိုင်