မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခြားဘာသာတရားများကို သင်စူးစမ်းသင့်သလော

အခြားဘာသာတရားများကို သင်စူးစမ်းသင့်သလော

အခြား​ဘာသာ​တရား​များ​ကို သင်​စူးစမ်း​သင့်​သလော

တောင်​အမေရိက​မှ ယခု ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ မီ​ဂေးလ်​က “ခရစ်ယာန်​အစည်းအဝေးတွေ​တက်တာ တစ်နှစ်​နီးပါး​ရှိပြီး တခြား​သူတွေကို ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ပြောပြ​ရတာ ကျွန်တော်​ပျော်​တယ်” ဟု​ဆို​သည်။ “အဲဒီနောက်​တော့ ရေဒီယို​က​လာတဲ့ ဘာသာရေး​အစီအစဉ်တွေကို စ​နားထောင်ပြီး ရုပ်မြင်သံကြားမှာ ဘာသာရေး​ဟောပြောသူတွေကို ကြည့်​ခဲ့တယ်။ ဒီ​အစီအစဉ်တွေဟာ တခြား​ဘာသာ​ကလူ​တွေ​အကြောင်း ပို​ပြီး​နားလည်​လာအောင် ကျွန်တော့်​ကို ကူညီပေး​နိုင်​မယ်​လို့​ထင်​ခဲ့တယ်။ သူတို့ရဲ့​သွန်သင်ချက်​တွေ​က ကျမ်းစာ​နဲ့​မကိုက်ညီ​ဘူးဆို​တာ ကျွန်တော်​သိခဲ့​ပေမဲ့ စပ်စု​ခဲ့တယ်။”

ထို​နိုင်ငံ​မှ​ပင် ဟော​ရ်​ဟာ​သည် စစ်မှန်သော​ဝတ်ပြုရေး​အကြောင်းကို အခြားသူများ​အား သွန်သင်ပေး​ရာ​၌ စိတ်အား​ထက်သန်​သူ​တစ်ဦး​ဖြစ်သည်။ သို့​တိုင် တစ်ခါ​သော် သူလည်း ရေဒီယို​နှင့်​ရုပ်မြင်သံကြား​မှ ဘာသာရေး​အစီအစဉ်များ​ကို စတင်​နားထောင်​ခဲ့​၏။ “တခြား​သူရဲ့ ထင်မြင်​ယူဆချက်တွေကို သိထားဖို့​လိုတယ်” ဟု​သူ​ပြော​လေ့​ရှိသည်။ မှားယွင်း​သည့်​သွန်သင်ချက်​များ​ကို ထိုသို့​နားထောင်ခြင်း​မှ ဖြစ်လာ​နိုင်​ဖွယ်​အန္တရာယ်များ​အကြောင်းကို မေး​သောအခါ သူက “ကျမ်းစာ​အမှန်တရား​သိတဲ့​သူရဲ့ ယုံကြည်ခြင်းကို ဘာကမှ မဖျက်ဆီး​နိုင်​ပါ​ဘူး” ဟု​ဖြေပါ​လိမ့်​သည်။ ယင်း​အတွေ့အကြုံ​များ​ကြောင့် အခြားသူများ​၏​ယုံကြည်ခြင်းကို နားထောင်ခြင်း​သည် ပညာရှိရာ​ကျ​ပါသလော ဟူ​သည့် အရေးကြီးသော​မေးခွန်း​တစ်ခု ပေါ်ပေါက်​လာ​သည်။

စစ်မှန်သော​ခရစ်ယာန်​ဘာသာ​ကို သိမှတ်​ခြင်း

တမန်​တော်​များ ကွယ်လွန်​ပြီး​နောက် ခရစ်ယာန်​ဘာသာ​အတုအယောင်​ပုံစံ​အမျိုးမျိုး ထွန်းကား​လာ​ခြင်း​ကြောင့် စစ်မှန်သော​ဝတ်ပြုရေးမှာ ညစ်ညမ်း​လာ​လေ​သည်။ ယေရှုသည် ၎င်းကို​ကြိုတင်​သိမြင်​သောကြောင့် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​နှင့် အတုအယောင်​ခရစ်ယာန်​ဘာသာ​အသွင်​များ​ကို ခွဲခြား​သိမြင်​နိုင်​သည့် နည်း​တစ်နည်း​ကို ဖော်ထုတ်​ပြသ​ခဲ့​သည်။ ကိုယ်တော်​သည် ဦးဆုံး​ဤသို့​သတိပေး​ခဲ့​သည်– “အတွင်း​၌ ကြမ်းတမ်းသော​ဝံပုလွေ​ဖြစ်​လျက်၊ သိုး​ရေ​ကို​ခြုံ​၍ သင်တို့ ရှိရာသို့​လာသော [မှား​သော]ပရောဖက်​တို့ကို သတိ​နှင့်​ရှောင်​ကြလော့။” ထို့နောက် ဤသို့​ထပ်ဆင့်​မိန့်ဆိုခဲ့​၏– “ထို​သူတို့၏​အသီးကို​ထောက်၍ သူတို့ကို​သိ​ကြလိမ့်မည်။” (မဿဲ ၇:၁၅-၂၃သမ္မာ) ယေရှု၏​နောက်လိုက်စစ်​များသည် ကိုယ်တော်​သွန်သင်​ပေး​ခဲ့​ရာ​များ​ကို ကျင့်သုံး​ကာ သူတို့၏​အသီး​ကောင်း​များ​ကြောင့် သူတို့ကို အလွယ်တကူ​သိရှိ​ကြသည်။ ယေရှု​ကိုယ်တိုင်​လုပ်ဆောင်​သကဲ့သို့ သူတို့သည် သမ္မာကျမ်းစာ​မှ ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို ရှင်းပြ​ရန် လူ​တို့​ထံ လည်ပတ်​ကြသည်။ ယေရှု၏​ပုံသက်သေ​ကို​လိုက်​ကာ သူတို့သည် ကမ္ဘာ့​နိုင်ငံရေး​နှင့် လူ​မူ​ရေး​အငြင်းပွားမှုများ​မှ သီးခြားနေ​ကြသည်။ သမ္မာကျမ်းစာ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အဖြစ် လက်ခံ​ကြ​ကာ အမှန်တရား​အဖြစ်​လေးမြတ်​ကြ​၏။ ဘုရားသခင်​၏​နာမတော်​ကို ထင်ရှားစေ​ကြသည်။ ထို့​ပြင် သူတို့သည် ဘုရားသခင်​သွန်သင်ပေး​သည့် ချစ်ခြင်း​ကို ကြိုးစား​ကျင့်သုံး​ကြသော​ကြောင့် စစ်ပွဲ​များ​တွင် မပါဝင်​ကြ​ချေ။ ယင်းအစား၊ တစ်ယောက်​နှင့်​တစ်ယောက် ညီအစ်ကို​ချင်း​များ​ကဲ့သို့ သဘောထား​ဆက်ဆံ​ကြသည်။—လုကာ ၄:၄၃; ၁၀:၁-၉; ယောဟန် ၁၃:၃၄၊ ၃၅; ၁၇:၁၆၊ ၁၇၊ ၂၆

ကျမ်းစာ​အဆို​အရ “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​၏​အမှုတော်ကို​ဆောင်သော​သူ၊ မ​ဆောင်သော​သူတို့ကို ပိုင်းခြား​၍​သိ” မြင်နိုင်​ပါ​သည်။ (မာလခိ ၃:၁၈) ပထမ​ရာစု​ခရစ်ယာန်​များ​ကဲ့သို့ ယနေ့ စစ်မှန်သော​ဝတ်ပြုသူ​များသည် အတွေးအခေါ်​နှင့်​အပြု​အမူ​တို့​တွင် စည်းလုံး​ညီညွတ်​ကြသည်။ (ဧဖက် ၄:၄-၆) သင်သည် ဤ​စစ်မှန်သော​ခရစ်ယာန်​အဖွဲ့ကို ခွဲခြား​သိမြင်​ပြီ​ဆိုလျှင် အခြားသူများ​၏​ယုံကြည်ချက်များ​ကို အဘယ်ကြောင့် စူးစမ်း သို့​မဟုတ် စပ်စု​သင့်​သနည်း။

မှား​သော​သွန်သင်သူ​များ​ကို သတိပြု

ကျမ်းစာ​အမှန်တရား​သိရှိပြီး​နောက်​၌​ပင် မှား​သော​သွန်သင်ချက်​များ​ကြောင့် ဝိညာဉ်​ရေး​ညစ်ညမ်းမှု​အန္တရာယ်​ရှိကြောင်း သမ္မာကျမ်းစာ​က အသိအမှတ်ပြု​သည်။ “ခရစ်တော်​၏​တရားကို​မလိုက်၊ လူ​အဆက်ဆက်​ခံ​သော နည်း​ဥပဒေသ​နှင့် လော[က]တရား​နု​ကို​လိုက်၍၊ လော[က]ပညာ​နှင့် အချည်းနှီး​သော​ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့” ဟူ၍ တမန်​တော်​ပေါလု​က သတိပေး​ခဲ့​သည်။ (ကောလောသဲ ၂:၈) ရုပ်လုံး​ပီပြင်​အောင် ဆွဲ​ပြ​ထား​သည့်​စုတ်ချက်​ပါ​တကား! သားရဲများ​သည် သင့်ကို အလုအယက်​ကိုက်ဖြတ်​လို​သကဲ့သို့ မှား​သော​သွန်သင်သူ​များသည် အမှန်ပင်​အန္တရာယ်​ပေး​နိုင်​သည်။

ပေါလု​သည် အခြားသူများ​၏​ယုံကြည်ရာ​များ​ကို အလေးထား​ခဲ့​သည်​မှာ​မှန်​၏။ တစ်ခါ​က သူသည် “အချင်း​အာသင်​လူ​တို့၊ သင်တို့သည် ခပ်သိမ်း​သော​အရာ​တို့​၌ နတ်​ဘုရား​တို့ကို အလွန်​ရိုသေ​တတ်ကြ​သည်ကို ငါ​မြင်​ပါ​၏။ လမ်း၌​သွား​၍ သင်တို့၏​ဘုရား​များ​ကို ကြည့်ရှု​သည်​တွင် ‘ငါ​တို့​မသိသော​ဘုရားသခင်​အဖို့’ ဟူ၍ အက္ခရာ​တင်သော ယဇ်​ပလ္လင်​တစ်ခု​ကို​တွေ့​ပါ​၏” ဟု​ပြောဆို​ကာ ဟောပြောချက်ကို​စတင်​ခဲ့​သည်။ (တမန်​တော် ၁၇:၂၂၊ ၂၃) သို့ရာတွင် ပေါလု​သည် ဂရိ​ဟောပြောသူများ​၏ အတွေးအခေါ်​များ​ကို မှန်မှန်​ဆည်းပူး​လေ့လာခြင်း​မျိုး​မရှိခဲ့​ချေ။

မှား​သော​ဘာသာ​တရား​များ​၏ ရင်းမြစ်​များနှင့်​ယုံကြည်ချက်များ​အကြောင်းကို သိရှိ​ထားခြင်း​သည် ယင်း​တို့ကို လေ့လာခြင်း​နှင့် တခြား​စီ​ဖြစ်သည်။ * ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို အခြေပြု​၍ သွန်သင်ပေး​ရန် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” ကို​ခန့်အပ်​ထား​၏။ (မဿဲ ၄:၄; ၂၄:၄၅သ​မ) “သခင်​ဘုရား​၏​စားပွဲ၊ နတ်ဆိုး​တို့၏​စားပွဲ​နှစ်ပါး​ကို သင်တို့​ဝင်၍ မစားနိုင်​ကြ။ သခင်​ဘုရား​အမျက်တော်​ထွက်​စေခြင်း​ငှာ ငါ​တို့​ပြု​ရ​ကြ​သလော” ဟူ၍ ပေါလု​ကိုယ်တိုင်​ရေးခဲ့​သည်။—၁ ကောရိန္သု ၁၀:၂၀-၂၂

မှား​သော​သွန်သင်သူ​အချို့​သည် ယခင်​က စစ်မှန်သော​ခရစ်ယာန်​များ​ဖြစ်​ခဲ့​ကြသော်လည်း တစ်ချိန်​တွင် သူတို့သည် အမှန်တရား​မှ မှားယွင်း​ခြင်း​သို့ လှည့်​သွားခဲ့​ကြသည်။ (ယုဒ ၄၊ ၁၁) ၎င်းကို မအံ့သြ​သင့်​ပါ။ ယေရှုသည် ဘိသိက်ခံ​ခရစ်ယာန်​များ​အဖွဲ့ကို ကိုယ်စား​ပြု​သည့် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အကြောင်းကို မိန့်ဆို​ပြီး​နောက် “ငါ့​အရှင်​လာ​ခဲ​လိမ့်​မည်” ဟု​ညည်းညူ​ကာ ကျွန်ချင်း​တို့ကို ရိုက်ပုတ်​ကြသော “ကျွန်ဆိုး” အတန်းအစား​အကြောင်းကိုလည်း မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၄၈၊ ၄၉) အဆိုပါ​လူ​တို့​နှင့် သူတို့၏​နောက်လိုက်​များ​တွင် ရှင်းလင်း​သော​သွန်သင်ချက်​မရှိ​ချေ; အခြား​သူတို့၏​ယုံကြည်ခြင်းကို ဖျက်ဆီး​ဖို့​သာ စိတ်ဝင်စား​ကြသည်။ သူတို့နှင့်​ပတ်သက်​၍ တမန်​တော်​ယောဟန်​က ဤသို့​ရေးခဲ့​၏– “ထို[တရား]တော်​မပါ​သော​သူသည် သင်တို့​ထံ​သို့​လာ​လျှင်၊ သူ့ကို သင့်​အိမ်​၌​လက်မခံ​နှင့်။ မင်္ဂလာ​ရှိစေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။”—၂ ယောဟန် ၁၀; ၂ ကောရိန္သု ၁၁:၃၊ ၄၊ ၁၃-၁၅

အမှန်တရားကို ရိုးရိုးသားသား​ရှာဖွေ​လျက်​ရှိသူ​များသည် ဘာသာ​တရား​အမျိုးမျိုး​မှ ကြားသိ​ရာ​များ​ကို သေချာ​စွာ​သုံးသပ်​လျှင် ကောင်း​ပေမည်။ အချိန်တန်သော် ဘုရားသခင်​သည် အမှန်တရားကို ရှာဖွေ​နေကြ​သော စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို ကောင်းချီး​ပေး​လိမ့်​မည်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​အကြောင်းကို ဤသို့​ဆို​သည်– “ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘ​ဏ္ဍ​ကို စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း . . . ဘုရားသခင်​ကို​သိ​သော​ဉာဏ် [“ဘုရားသခင်​ကို​သိကျွမ်းခြင်း​ပညာ၊” က​ဘ] နှင့်​ပြည့်စုံ​လိမ့်​မည်။” (သု. ၂:၄၊ ၅) သမ္မာကျမ်းစာ​နှင့် ခရစ်ယာန်​အစည်းအဝေး​တို့​မှ​တစ်ဆင့် အဆိုပါ​ဘုရားသခင်​ကို​သိကျွမ်းခြင်း​ပညာ​ကို တွေ့ ရှိပြီး ထို​အသိပညာ​၏ လမ်းညွှန်မှု​ခံရ​သူများ​အား ယေဟောဝါ​ကောင်းချီး​ပေး​ပုံ​ကို မြင်တွေ့ ကြ​ရသော​ကြောင့် စစ်မှန်သော​ခရစ်ယာန်​များသည် မှား​သော​ဘာသာရေး​သွန်သင်ချက်​များ​ကို ဆက်၍​နားမထောင်​ကြ​တော့​ချေ။—၂ တိမောသေ ၃:၁၄

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​မှ ထုတ်ဝေ​ထားသော ဘုရားသခင်​ကို လူသားများ​ရှာပုံတော် စာအုပ်​တွင် ကမ္ဘာ့​ဘာသာ​တရား​များစွာ​၏ နောက်ခံ​နှင့် သွန်သင်ချက်​များနှင့်​ပတ်သက်​၍ အခြေခံ​အချက်အလက်​ကို ဖော်ပြ​ထား​သည်။