မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့အသက်တာကို ဘယ်လို အသုံးပြုသင့်သလဲ

ငါ့အသက်တာကို ဘယ်လို အသုံးပြုသင့်သလဲ

လူငယ်များအမေး . . .

ငါ့အသက်တာကို ဘယ်လို အသုံးပြုသင့်သလဲ

“အစကတော့ ကျွန်တော့်အနာဂတ်အတွက် တွေးပူမနေဘူး။ ဒါပေမဲ့ ကျောင်းပြီးခါနီးကျတော့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတော့မယ်၊ တကယ့်လက်တွေ့ဘဝကို ရင်ဆိုင်ရတော့မယ်ဆိုတာ သိလာတယ်။”—⁠အဲလက်စ်၊ ၁၇ နှစ်။

သင်ကြီးပြင်းလာသည့်အခါ ဘာလုပ်မည်ဆိုသည်ကို ကလေးဘဝက စိတ်ကူးယဉ်ဖူးသလော။ ထိုစိတ်ကူးများနှင့်စပ်လျဉ်း၍ ယခု မည်သို့သဘောရသနည်း။ အရွယ်ရောက်သူတစ်ဦးအနေနှင့် မိမိကိုယ်ကို မည်သို့ထောက်ပံ့မည်ကိုတွေး၍ စိတ်ရှုပ်ဖူးသလော။ သို့ဆိုလျှင် သင်တစ်ဦးတည်းမဟုတ်ပါ။ သင့်ကလေးအတွက် အလုပ်အကိုင်လမ်းညွှန်စာအုပ်က “အလုပ်အကိုင်အတွက် ဆုံးဖြတ်ချက်ချခြင်းသည် လူငယ်များရင်ဆိုင်နေရသော အဓိကပြဿနာတစ်ရပ်ဖြစ်သည်” ဟုဖော်ပြ၏။

သို့သော် လောလောဆယ် သင်သည် အသက်မွေးလုပ်ငန်းအကြောင်း လုံးဝမစဉ်းစားဘဲ နေပေမည်။ ပျော်ပျော်ပါးပါးနေရသည်ကို ပို၍စိတ်ဝင်စားကောင်း စိတ်ဝင်စားပေမည်။ သမ္မာကျမ်းစာက “အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့” ဟုဆိုထားရာ ပျော်ပျော်ပါးပါးနေလိုခြင်းသည် မမှားပါ။ (ဒေ. ၁၁:၉) မည်သို့ပင်ဖြစ်စေ၊ ယခုအချိန်သည် သင့်အသက်တာကို မည်သို့အသုံးပြုမည်ကို စတင်တွေးတောရန် အကောင်းဆုံးအချိန်ဖြစ်၏။ “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုနယပုံပြင် ၁၄:၁၅ ကဆိုသည်။ သင်သွားရာလမ်းကို မည်သို့စေ့စေ့ကြည့်ရှုနိုင်မည်နည်း။

‘သွားရာလမ်းကို စူးစမ်းပါ’

သင်သည် အိမ်နှင့်မိုင်ပေါင်းများစွာဝေးသော ခရီးတစ်ခုသွားရန် ပြင်ဆင်နေသည်ဟု စိတ်ကူးကြည့်ပါ။ ဦးဆုံးအနေနှင့် မည်သည့်လမ်းက လမ်းကြောတည့်ကြောင်း သိနိုင်ရန် မြေပုံကိုကြည့်ပေမည်။ သင့်အနာဂတ်အတွက် စီစဉ်ရာတွင်လည်း အလားတူဖြစ်၏။ ယေဟောဝါသက်သေများ၏ ဌာနခွဲတစ်ခုတွင် အမှုဆောင်နေသော လူငယ်မိုက်ကယ်က “ရွေးချယ်စရာအများကြီးရှိတယ်” ဟုဆိုသည်။ ယင်းတို့ကို မည်သို့ရွေးချယ်မည်နည်း။ “ကိုယ်ပန်းတိုင်ထားရာတွေအပေါ် မူတည်တယ်” ဟုမိုက်ကယ်ပြောခဲ့သည်။

ဘဝပန်းတိုင်တစ်ခုကို သတ်မှတ်ထားသည့်ခရီးပန်းတိုင်တစ်ခုအဖြစ် စိတ်ကူးကြည့်ပါ။ ခြေဦးတည့်ရာသွားနေလျှင် ခရီးပန်းတိုင်သို့ ရောက်မည်မဟုတ်ချေ။ မြေပုံရှိထားမည်၊ သင့်ခရီးစဉ်အတွက် ကြိုတင်စီစဉ်ထားမည်ဆိုလျှင် ပို၍ကောင်းသည်။ ဤနည်းဖြင့် ‘သင်သွားရာလမ်းကို စူးစမ်းပါ’ ဟူသော နယပုံပြင် ၄:၂၆ ၏အကြံပေးချက်အတိုင်း လိုက်နာနိုင်မည်ဖြစ်သည်။

လာမည့်နှစ်များတွင် သင်သည် ဝတ်ပြုရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ မိသားစုအပြင် အခြားအရေးကြီးကိစ္စများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များစွာ ချရပေလိမ့်မည်။ ဦးဆုံး၊ သင်သွားရာလမ်းကို စူးစမ်းထားမှသာ ပညာရှိဆုံးဖြတ်ချက်များ လွယ်လင့်တကူချနိုင်ပေမည်။ ထို့ပြင် သင့်ဘဝခရီးစဉ်ကို ကြိုတင်စီစဉ်နေစဉ် လျစ်လျူမရှုသင့်သောအချက်တစ်ချက်ရှိသည်။

‘သင့်ဖန်ဆင်းရှင်ကို အောက်မေ့လော့’

သင် အမှန်တကယ်ပျော်ရွှင်လိုလျှင် ပညာရှိရှင်ဘုရင် ရှောလမုန်၏ ဤစကားများကို မှတ်ကျုံးထားရမည်– “အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။” (ဒေ. ၁၂:၁) ဘဝတွင် သင်ရွေးချယ်သော လမ်းစဉ်က ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသောဆန္ဒ လွှမ်းမိုးနေသင့်သည်။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ ဗျာ. ၄:၁၁ က ဤသို့ဆိုသည်– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။’ မှန်ပါသည်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖန်ဆင်းရှင်အား ကျေးဇူးတင်စရာအကြောင်းရှိသည်။ ကိုယ်တော်သည် သင့်အား “ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူ” သောကြောင့် ကျေးဇူးတင်သည် မဟုတ်လော။ (တမန်တော် ၁၇:⁠၂၅) သင့်ကို ကိုယ်တော်ပေးထားသည့်အရာမှန်သမျှအတွက် ကျေးဇူးတင်လေးမြတ်သည့်အနေနှင့် ကိုယ်တော်အား တစ်စုံတစ်ရာပြန်ပေးဆက်ရမည်ဟု မခံစားမိပေလော။

မိမိတို့၏ဖန်ဆင်းရှင်ကိုအောက်မေ့သော ယေဟောဝါသက်သေလူငယ်များစွာသည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို ရွေးချယ်ကြသည်။ အမှန်မှာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းသည် မွန်မြတ်သောပန်းတိုင်ဖြစ်ပြီး ကောင်းချီးများစွာရရှိစေသည်။ (မာလခိ ၃:၁၀) သို့သော် ကြိုတင်စီစဉ်ဖို့ လိုသည်။ ဥပမာ၊ “အချိန်ပြည့်အမှုဆောင်ရင်း ကိုယ့်ကိုယ်ကိုထောက်ပံ့နိုင်ဖို့ ငါ့မှာ ဘာအရည်အချင်းတွေ၊ ဘာကျွမ်းကျင်မှုတွေရှိသလဲ” ဟု သင့်ကိုယ်သင်မေးပါလေ။

ယခု အသက် ၂၇ နှစ်ရှိသော ကယ်လီသည် ငယ်ရွယ်စဉ်ကပင် အစီအစဉ်ဆွဲ လုပ်ဆောင်ခဲ့သည်။ သူသည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းသို့ ဝင်ရောက်နိုင်ရန် ပန်းတိုင်ရှိသည်။ သို့နှင့် ကယ်လီ အသက်နှစ်ဆယ်ပြည့်ခါနီးတွင် အလုပ်အကိုင်နှင့်ပတ်သက်၍ “မိမိဘဝခရီးစဉ်အတွက် ကြိုတင်စီစဉ်” ခဲ့သည်။ “အမှုဆောင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုထောက်ပံ့နိုင်မယ့် အလုပ်မျိုးရွေးချယ်ခဲ့တယ်” ဟုသူပြော၏။

ကယ်လီသည် အထက်တန်းကျောင်းတွင် အသက်မွေးလုပ်ငန်းအဖြစ် သွားဆရာဝန်အကူသင်တန်း တက်ခဲ့သည်။ ပြည်နယ်အဆင့်ပြိုင်ပွဲတွင်ပင် ဆုရရှိခဲ့သည်။ သို့သော် ထိုအောင်မြင်မှုကြောင့် သူ၏အဓိကပန်းတိုင်ကို မျက်ခြည်မပြတ်ခဲ့ပေ။ “အချိန်ပြည့်အမှုဆောင်လုပ်ငန်းကိုပဲ ကျွန်မ လုပ်ချင်တာ။ ကျန်တာတွေကို သိပ်အဓိကမထားဘူး” ဟုသူပြောသည်။ ကယ်လီသည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် ရွှင်လန်းစွာပါဝင်နေဆဲဖြစ်သည်။ “ကျွန်မ ချနိုင်တဲ့ဆုံးဖြတ်ချက်တွေထဲမှာ ဒါဟာ အကောင်းဆုံး,ဆုံးဖြတ်ချက်ပဲ” ဟုသူပြောခဲ့သည်။

လမ်းညွှန်မှု ရှာယူပါ

သင် မရောက်ဖူးသည့်ဒေသသို့ ခရီးသွားမည်ဆိုပါက ထိုဒေသမြေပုံရှိနေလျှင်ပင် တစ်ချိန်ချိန်တွင် လမ်းမေးရန် လိုပေမည်။ သင့်အနာဂတ်နှင့်ပတ်သက်၍လည်း အလားတူလုပ်ဆောင်နိုင်သည်။ အခြားသူတို့ထံမှ အကြံဉာဏ်တောင်းပါ။ နယပုံပြင် ၂၀:⁠၁၈ တွင် “သူတစ်ပါးနှင့်တိုင်ပင်လျှင် အကြံထမြောက်တတ်၏” ဟုဆိုသည်။ အမှန်မှာ၊ သင့်မိဘများသည် လမ်းညွှန်မှု၏ရင်းမြစ်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်ရေးရာဉာဏ်ပညာရှိသည့် ရင့်ကျက်သောခရစ်ယာန်များထံမှ အကြံဉာဏ်တောင်းနိုင်သည်။ “အသင်းတော်က ဒါမှမဟုတ် အနီးအနားဒေသက ပုံသက်သေကောင်းတဲ့လူကြီးတွေကို အကဲခတ်လေ့လာပါ။ သင်စဉ်းစားမိမှာမဟုတ်တဲ့အရာတွေကို သူတို့ပြောပြနိုင်တယ်” ဟု ရောဘတ်တိုက ပြောခဲ့သည်။

ထိုထက်ကား သင့်ဘဝတွင် ပျော်ရွှင်မှုအများဆုံးပေးနိုင်သည့်အရာတို့ကို ရွေးချယ်နိုင်ရန် ယေဟောဝါဘုရားသခင် ကူညီပေးလိုသည်။ ထို့ကြောင့် သင့်အနာဂတ်နှင့်ပတ်သက်၍ ‘ကိုယ်တော်၏အလိုတော်ကို ပိုင်းခြား၍သိ’ နိုင်ရန် ဆုတောင်းပါလေ။ (ဧဖက် ၅:၁၇) ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ကိုးစားမည်ဆိုလျှင် ကိုယ်တော်သည် “သင်၏လမ်းခရီးများကို ဖြောင့်စေတော်မူမည်။” —⁠သု. ၃:၅၊ ၆သမ္မာ။

ချင့်တွေးစရာ

▪ သင်၌ အဘယ်အရည်အချင်းများနှင့် ကျွမ်းကျင်မှုများရှိသနည်း။

▪ ယေဟောဝါဘုရားသခင်အား ချီးမွမ်းရာတွင် ထိုအရည်အချင်းများ အသုံးပြုနိုင်မည့်နည်းလမ်းများကို သင်စဉ်းစားမိသလော။

▪ ဤဆောင်းပါးတွင်ဖော်ပြထားသော မည်သည့်အချိန်ပြည့်လုပ်ငန်းမျိုးကို သင်နှစ်သက်သနည်း။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ပျော်ရွှင်ကျေနပ်မှုမပေးသော လမ်းစဉ်

“ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏” ဟူ၍သမ္မာကျမ်းစာတွင် ဆိုထား၏။ ချမ်းသာကြွယ်ဝလိုသောလမ်းစဉ်သည် အခက်အခဲ၊ အတားအဆီးများနှင့်သာ ပြည့်နှက်နေသည်။ ထို့ပြင် အကြွေးတင်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဝိညာဉ်ရေးကျဆုံးခြင်းဆီသို့ ဦးတည်သော ပျော်ရွှင်ကျေနပ်မှုမပေးသည့် ဘဝလမ်းစဉ်ဖြစ်၏။—⁠၁ တိမောသေ ၆:၉၊ ၁၀

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ရှေ့ဆောင်ခြင်း

ရှေ့ဆောင်တစ်ဦးအဖြစ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာသူသည် ဟောပြောခြင်းလုပ်ငန်းတွင် တစ်လလျှင် နာရီ ၇၀ ပါဝင်ရန်စီစဉ်ထားသည့် ပုံသက်သေကောင်းသော နှစ်ခြင်းခံပြီးသားခရစ်ယာန်တစ်ဦးဖြစ်သည်။ ရှေ့ဆောင်များသည် လေ့ကျင့်ခြင်းနှင့် အတွေ့အကြုံအားဖြင့် သမ္မာကျမ်းစာသင်ကြားပေးသူများအဖြစ် မိမိတို့၏စွမ်းရည်များကို ထက်မြက်စေကြသည်။

ဗေသလလုပ်ငန်း

ဗေသလမိသားစုဝင်များသည် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးများတွင် အမှုဆောင်ကြပြီး ကျမ်းစာစာပေများကို ပြင်ဆင်ခြင်း၊ ထုတ်ဝေခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းတွင် ပါဝင်ကူညီကြသည်။ ဗေသလရှိတာဝန်အသီးသီးသည် မြင့်မြတ်သော လုပ်ငန်းတော်အခွင့်ထူးများဖြစ်သည်။

သာ၍လိုအပ်သောနေရာများတွင် အမှုဆောင်ခြင်း

ရှေ့ဆောင်အချို့သည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ သာ၍လိုအပ်သောနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ အခြားသူများမူ ဘာသာခြားစကားကိုသင်ယူ၍ တိုင်းတစ်ပါးတွင်ဖြစ်စေ၊ ထိုဘာသာစကားကိုပြောသော အသင်းတော်တွင်ဖြစ်စေ အမှုဆောင်ကြသည်။

အပြည်ပြည်ဆိုင်ရာအမှုဆောင်ခြင်း

အပြည်ပြည်ဆိုင်ရာအမှုထမ်းများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် ဌာနခွဲရုံးများ ဆောက်လုပ်ရေးတွင် ပါဝင်ကူညီရန် နိုင်ငံရပ်ခြားသို့ ခရီးထွက်ကြရသည်။ ယင်းလုပ်ငန်းသည် ရှောလမုန်လက်ထက် ဝတ်ပြုရာအိမ်တော် တည်ဆောက်ခဲ့သူတို့၏ လုပ်ငန်းကဲ့သို့ မြင့်မြတ်သောအမှုတော်၏ အသွင်တစ်မျိုးဖြစ်သည်။—⁠၃ ဓမ္မရာဇဝင် ၈:၁၃-၁၈

ဓမ္မအမှုထမ်းသင်တန်းကျောင်း

အရည်အချင်းပြည့်မီသော တစ်ကိုယ်ရေအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များနှင့် လူထုရှေ့ဟောပြောခြင်းတို့ကို လေ့ကျင့်သင်ကြားပေးသော ရှစ်ပတ်ကြာ သင်တန်းဖြစ်သည်။ သင်တန်းဆင်းအချို့မှာ မိမိတို့တိုင်းပြည်တွင်ပင် အမှုဆောင်ရန် တာဝန်ရကြသည်။ အခြားသူများမှာမူ နိုင်ငံရပ်ခြားတွင်အမှုဆောင်ရန် တာဝန်ရကြသည်။

သာသနာပြုလုပ်ငန်း

ကျန်းမာရေးကောင်း၍ ခံနိုင်ရည်ရှိသော အရည်အချင်းရှိရှေ့ဆောင်များသည် နိုင်ငံရပ်ခြားတွင် အမှုဆောင်ရန် လေ့ကျင့်ခံရသည်။ သာသနာပြုများသည် စိတ်အားတက်စရာကောင်းသော၊ ကျေနပ်မှုရှိသောဘဝကို ပိုင်ဆိုင်ကြသည်။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ငါ့အသက်တာကို ဘယ်လိုအသုံးပြုမလဲ

ယေဟောဝါသက်သေများထုတ်ဝေသော ဤအစီအစဉ်တွင် ဂျာမနီ၊ ဘရာဇီး၊ ဗြိတိန်၊အမေရိကန်ပြည်ထောင်စုတို့မှ လူငယ်များနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းမှုများကိုအသားပေးထားသည်။ မကြာမီ ယင်းကို ဘာသာစကား ၈ မျိုးဖြင့် ရရှိပါလိမ့်မည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

“ကိုယ်ပန်းတိုင်ထားရာတွေအပေါ် မူတည်တယ်။”—မိုက်ကယ်၊ ဗေသလမိသားစုဝင်တစ်ဦး

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

“ကျွန်မ ချနိုင်တဲ့ဆုံးဖြတ်ချက်တွေထဲမှာ ဒါဟာ အကောင်းဆုံး,ဆုံးဖြတ်ချက်ပဲ။”—ကယ်လီ၊ ၆ နှစ်ကြာရှေ့ဆောင်လုပ်နေသူ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

“ပုံသက်သေကောင်းတဲ့သူတွေကို အကဲခတ်လေ့လာပါ။”—ရောဘတ်တို၊ ဗေသလမိသားစုဝင်