မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာသီဥတုဘေးအန္တရာယ်များ ရှိတော့မည်မဟုတ်!

ရာသီဥတုဘေးအန္တရာယ်များ ရှိတော့မည်မဟုတ်!

ရာသီဥတုဘေးအန္တရာယ်များ ရှိတော့မည်မဟုတ်!

“မျက်မှောက်ခေတ်လူသားသည် မိမိကောင်းစားရန်၊ အောင်မြင်ရန်နှင့် စီးပွားရေးအကျိုးအမြတ်ရလိုစိတ် ပြင်းပြသောကြောင့် ကမ္ဘာမြေကြီး ဝန်းကျင်အခြေအနေကို ဂရုမစိုက်ကြပါ။” ကမ္ဘာဂြိုဟ်ကိုကယ်တင်ရေးရက် ၅၀၀၀ စာအုပ်အပေါ်အဖုံးတွင် ယင်းသို့ဖတ်ရသည်။ လူတို့၏ အလိုကြီးမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များနှင့် ကျွန်ုပ်တို့ ရင်ဆိုင်နေကြရသည်။ ကမ္ဘာချီပူနွေးလာမှုနှင့်ပတ်သက်သော မည်သည့်ယူဆချက်မဆိုသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဤအချက်မှာ မှန်ကန်သေချာသည်—လူသည် လှပသောကမ္ဘာဂြိုဟ်ကို ဖျက်ဆီးနေကြသည်။ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟူသောကျမ်းစာကတိတော် ပြည့်စုံရန်ဖြစ်သည်။—ဗျာ. ၁၁:၁၈

ဘုရားသခင်သည် ဖောက်ပြန်ယိုယွင်းသော လူ့အုပ်ချုပ်မှုအစီအစဉ်စနစ်ကို အစီအစဉ်အသစ်ဖြင့် အစားထိုးတော်မူမည်။ ယင်းသည် ယုတ္တိမရှိသော ဘာသာရေးအယူအဆဖြစ်သည်ဟု ဘေးဖယ်လိုက်ခြင်းမပြုမီ ဤအချက်ကို သုံးသပ်ကြည့်ပါ– ကမ္ဘာမြေကြီး၏ ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်၍ ယင်းကိုပြုလုပ်ဖန်ဆင်းတော်မူသော အရှင်ထက် မည်သူပို၍သိရှိမည်နည်း။ ကိုယ်တော်သည် ဤကမ္ဘာဂြိုဟ်၌ ဖြစ်ပျက်ရာများကို လုံးလုံးစိတ်မဝင်စားဘဲ နေပါသလော။ ကိုယ်တော်စိတ်ဝင်စားကြောင်း သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်၊ ဟေရှာယ ၄၅:၁၈ ၌ယေဟောဝါအား ‘မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသော ဘုရားသခင်’ ဟုဖော်ပြထားသည်။ ဘုရားသခင်သည် ထိုရည်ရွယ်ချက် ပြည့်ဝအောင်မြင်စေရန် တတ်နိုင်တော်မူပြီး ကြားဝင်လုပ်ဆောင်တော်မူမည်။

ဘုရားသခင်သည် ကမ္ဘာမြေကြီးကို စီမံအုပ်စိုးရန် အုပ်ချုပ်မှုအသစ် သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ကို တည်ထောင်ခြင်းဖြင့် ယင်းကို လုပ်ဆောင်တော်မူမည်။ ခရစ်ယာန်များသည် သခင့်ဆုတောင်းချက်ပါ ‘ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပါစေသော’ ဟူ၍ဆုတောင်းသည့်အခါ ယင်းအစိုးရတည်ထောင်ရန် တောင်းလျှောက်ကြခြင်းဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် အုပ်စိုးမှုသည် ကမ္ဘာမြေကြီး၏ရှုပ်ထွေးသော သဘာဝသံသရာများကို နားလည်ကာ ယင်းနှင့်အညီ လုပ်ဆောင်တော်မူမည်။ သို့ဖြင့် ညစ်ညမ်းမှု၊ ဝန်းကျင်အလွဲသုံးစားမှုကြောင့် ပျက်စီးနေသော ကမ္ဘာ့ဒေသများကို ပြန်လည်ပြုပြင်တော်မူမည်။ ဟေရှာယ ၃၅:၁၊ တွင်ဤသို့ဆို၏– “ဆိတ်ညံသောအရပ်သည် . . . နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ . . . အကြောင်းမူကား တော၌စမ်းရေထွက်၍ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။”

ဘုရားသခင် ကြားဝင်ဆောင်ရွက်ချိန် မတိုင်မီ

၂၀၀၂ ခုနှစ်၊ ရေကြီးသည့်အန္တရာယ် ကျရောက်ပြီးနောက် အနောက်ဂျာမနီ ဝန်ကြီးချုပ်ဟောင်း ဟဲလ်မက် ရှမစ်ဒ်က ဤသို့ရေးသားခဲ့၏– “ရေကာတာတွေအပေါ် လျှံတက်နစ်မြုပ်သွားစေသော သဘာဝရေအရှိန်ကို မည်သည့်လူသားမျှ မတားဆီးနိုင်ပါ။ ဘေးအန္တရာယ်များသည် ဆက်ဖြစ်နေမည်။” မှန်ပါသည်။ ပျက်စီးဆုံးရှုံးမှုများဖြစ်စေသော ရာသီဥတုနှင့် ကြုံတွေ့ရသည့်အခါ လူများသည် မိမိတို့တတ်နိုင်သည်ထက်ပို၍ မလုပ်ဆောင်နိုင်ကြပါ။ သို့ရာတွင် ကြီးမားပြင်းထန်သော ဘေးအန္တရာယ်များရှိသော်လည်း အကျိုးသက်ရောက်မှုကောင်းတစ်ခု ရရှိနိုင်ကြသည်။ လူများကို မေတ္တာပြရန်၊ အိမ်နီးချင်းများအား စိုးရိမ်ပူပန်မှု တင်ပြနိုင်ကြသည်။ (မာကု ၁၂:၃၁) ဥပမာ၊ ဥရောပရေလွှမ်းမိုးဘေးက အချို့သူများအပေါ် ယင်းအကျိုးသက်ရောက်မှုကောင်း ရှိခဲ့ပုံရသည်။ သတင်းစာတစ်ခုတွင် ဤသို့ရေးခဲ့၏– “စိတ်တက်ကြွနေကြသော စေတနာ့ဝန်ထမ်းများသည် [ကယ်ဆယ်ရေး] လုပ်ငန်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံတစ်ဝန်းမှ ရောက်ရှိလာခဲ့ကြသည်။ ယင်းသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အကြီးကျယ်ဆုံးသော စေတနာ့ဝန်ထမ်းလုပ်ငန်းဖြစ်သည်။”

ထိုစေတနာ့ဝန်ထမ်းများထဲတွင် ယေဟောဝါသက်သေများစွာ ပါဝင်ခဲ့သည်။ နောက်ဆောင်းပါးသည် အလွန်ပြင်းထန်သော မုန်တိုင်းများတိုက်ခတ်ခဲ့သည့် နိုင်ငံလေးနိုင်ငံတွင် သက်သေခံများ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပုံကို ဖော်ပြထားသည်။ ထိုခရစ်ယာန်များ၏ လုပ်ဆောင်မှုများက အလိုကြီးခြင်းမရှိ၊ တစ်ကိုယ်ကောင်းစိတ်မရှိဘဲ မေတ္တာနှင့် ညီရင်းအစ်ကိုကဲ့သို့ချစ်ခင်စုံမက်မှုရှိမည့် ရောက်ရှိလာတော့မည့် ဘုရားသခင့် အုပ်ချုပ်မှုအောက်အသက်တာ၏ အကြိုမြင်ကွင်းတစ်ခုဖြစ်သည်။—ဟေရှာယ ၁၁:၉ *

ခရစ်ယာန်များသည် ရှေးဣသရေလလူမျိုးအား ဘုရားသခင်ပေးခဲ့သည့် ဤကတိတော်မှ နှစ်သိမ့်မှုရနိုင်ကြသည်– “အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုးရေကိုငါပေးမည်။” (တရားဟောရာ ၁၁:၁၄) ဘုရားသခင့်ကမ္ဘာသစ်—ရာသီဥတုနှင့်ဆက်နွှယ်သော ဘေးအန္တရာယ်များ ရှိတော့မည်မဟုတ်သည့် ကမ္ဘာ—တွင် အသက်ရှင်နေထိုင်ရန် အခွင့်အရေးရရှိသူများအတွက် ဤကတိတော် အမှန်ပြည့်စုံလာမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုနှင့်ပတ်သက်သော သမ္မာကျမ်းစာကတိတော်များအကြောင်း ပိုမိုသိရှိလိုလျှင် ကျေးဇူးပြု၍ ဒေသခံယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ၊ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရာသီဥတုကို အပြည့်အဝထိန်းချုပ်

ဘုရားသခင့်ကမ္ဘာသစ်တွင် ရုတ်တရက်တိုက်ခိုက်သော မုန်တိုင်းများကြောင့် မိမိတို့၏အိမ်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်စရာမလိုတော့ပါ။ (၂ ပေတရု ၃:၁၃) ဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်သည် ရာသီဥတုကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိကြောင်း သမ္မာကျမ်းစာ၌ ရှင်းလင်းစွာဖော်ပြထားသည်။ အောက်ဖော်ပြပါကျမ်းချက်များကို သုံးသပ်ကြည့်ပါ။

ကမ္ဘာဦး ၇:၄– “ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုးရွာစေမည်။”

ထွက်မြောက်ရာ ၁၄:၂၁– ‘ထာဝရဘုရားသခင်သည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကိုပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။’

၁ ဓမ္မရာဇဝင် ၁၂:၁၈– ‘ထာဝရဘုရားသခင်ကို ဆုတောင်း၍ ထိုနေ့၌ ထာဝရဘုရားသခင်သည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍ လူအပေါင်းတို့သည် ထာဝရဘုရားသခင်နှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။’

ယောန ၁:၄– ‘ထာဝရဘုရားသခင်သည်လည်း ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မူသဖြင့် ပင်လယ်၌ ကြီးစွာသောမိုးသက်မုန်တိုင်းဖြစ်၍ သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏။’

မာကု ၄:၃၉– “ကိုယ်တော် [ယေရှု] သည်ထ၍ ‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’ ဟုလေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။”

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ဘုရားသခင့်ကမ္ဘာသစ်တွင် ထိတ်လန့်ဖွယ်ကောင်းသော ရာသီဥတုအခြေအနေများဖြစ်မည်ကို စိုးရိမ်စရာမလိုတော့ပါ