မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့် | ကောင်းကင်

ကောင်းကင်

ကောင်းကင်

ကောင်းကင်နဲ့ပတ်သက်လို့ လူတွေက ထင်ကြေးအမျိုးမျိုးပေးကြပြီး အကြီးအကျယ် ငြင်းခုံခဲ့ကြတယ်။ သမ္မာကျမ်းစာသွန်သင်ချက်ကတော့ လူတွေရဲ့သွန်သင်ချက်နဲ့ တော်တော်လေးကွာခြားတယ်။

ကောင်းကင်ဆိုတာ ဘာလဲ။

လူတချို့ပြောဆိုရာ– ကောင်းကင်နဲ့ ကောင်းကင်တည်ရှိရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ယုံကြည်ချက် အမျိုးမျိုးရှိတယ်။

ဥပမာ–

  • ကောင်းကင်ဆိုတာ “သခင်ကိုယုံကြည်ပြီး သေဆုံးသွားတဲ့သူတွေအတွက် ထာဝရစံအိမ်ဖြစ်တယ်” ဆိုပြီး ကက်သလစ်စွယ်စုံကျမ်းအသစ် ရှင်းပြတာကို ခရစ်ယာန်အတော်များများ လက်ခံတယ်။

  • ဂျူးဘာသာက နောင်ဘဝထက် လက်ရှိဘဝကို ပိုပြီးအဓိကထားတယ်လို့ ရဗ္ဗိ ဘန်ဇွန် ခရယ်ဗစ် ပြောတယ်။ ဒါပေမဲ့ “ကောင်းကင်မှာ ဝိညာဉ်က လူ့ဘဝကထက် ဘုရားသခင်နဲ့ ပိုရင်းနှီးပြီး ကိုယ်တော့်အကြောင်း ပိုသိမြင်နားလည်ခွင့်ဆိုတဲ့ အကြီးမားဆုံးအခွင့်ထူး ရရှိတယ်” လို့လည်း သူပြောတယ်။ “ဂျူးဘာသာက ကောင်းကင်ကို ယုံကြည်ပေမဲ့ တိုရာကျမ်းမှာ အဲဒီအကြောင်း သိပ်မပါဘူး” ဆိုပြီး ခရယ်ဗစ် ဝန်ခံထားတယ်။

  • ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာက ကောင်းကင်မှာ ဘုံအဆင့်ဆင့်ရှိတယ်၊ အဲဒီနေရာက ခေတ္တခိုနားရာဖြစ်ပြီး လူသား အနေနဲ့ မြေကြီးပေါ်မှာ ပြန်မွေးဖွား ဒါမှမဟုတ် ကောင်းကင်ထက်ပိုမြင့်တဲ့ နိဗ္ဗာန်ကို ကူးပြောင်းသွားတယ်လို့ ယုံကြည်ကြတယ်။

  • တချို့ကျတော့ အဲဒီဘာသာရေးယုံကြည်ချက်အားလုံးကို အဓိပ္ပာယ်မရှိဘူးထင်ပြီး ငြင်းပယ်ကြတယ်။

ကောင်းကင်နဲ့ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးပေးကြ

သမ္မာကျမ်းစာသွန်သင်ရာ– ကျမ်းစာမှာ အသုံးပြုထားတဲ့ “ကောင်းကင်” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ် တစ်မျိုးထက်မက ရှိတယ်။

ဥပမာ–

  • ကမ္ဘာဦး ၁:၂၀ မှာ ငှက်တွေဟာ “မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ် ပျံ” တယ်လို့ ဖော်ပြထားတယ်။ ဒီမှာဖော်ပြထားတဲ့ “ကောင်းကင်” က လူ့သာမန်မျက်စိနဲ့ မြင်တွေ့နိုင်တဲ့နေရာ၊ ကမ္ဘာ့လေထုကို ရည်ညွှန်းတယ်။

  • ဟေရှာယ ၁၃:၁၀ မှာ “မိုးကောင်းကင်ကြယ်နက္ခတ်တို့” လို့ဖော်ပြထားပြီး ဒီမှာပါတဲ့ “ကောင်းကင်” က အာကာသကို ရည်ညွှန်းတယ်။

  • ဘုရားသခင် “ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ” နဲ့ “ကောင်းကင်တမန်” အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၃ ဓမ္မရာဇဝင် ၈:၃၀; မဿဲ ၁၈:၁၀) ဒီမှာပါတဲ့ “ကောင်းကင်” က တင်စားတဲ့စကားလုံးလောက်သာ မဟုတ်ဘဲ တကယ်တည်ရှိတဲ့နေရာဖြစ်တယ်။ *

“ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။”ဟေရှာယ ၆၃:၁၅

လူကောင်းတွေ သေတဲ့အခါ ကောင်းကင်ရောက်သွားသလား။

ကမ္ဘာမြေကြီးဟာ လူတွေ ခေတ္တခိုနားရာဖြစ်ပြီး သေသွားတဲ့အခါ ကောင်းကင်ရောက်သွားတယ်လို့ ကျမ်းစာမသွန်သင်ဘူး။ လူသားတွေအတွက် ဘုရားသခင့် ရည်ရွယ်ချက်ထဲမှာ သေခြင်းတရား မပါဘူးလို့ ကျမ်းစာက ဖော်ပြတယ်။ သုံးသပ်ကြည့်ပါ–

  • “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဆိုပြီး ဘုရားသခင်က ပထမလူသား မောင်နှံကို ပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာမြေကြီးက သူတို့ရဲ့ ထာဝရစံအိမ်ဖြစ်ပြီး ထာဝစဉ်နေထိုင်နိုင်မယ်။ သူတို့သာ ဘုရားသခင့်စကားနားထောင်မယ်ဆိုရင် သေခြင်းတရားဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင့်စကားကို နားမထောင်ခဲ့ကြဘူး။ —ကမ္ဘာဦး ၂:၁၇; ၃:၆

  • ပထမလူသားရဲ့ မနာခံမှုကြောင့် သူကိုယ်တိုင်၊ သူ့မိန်းမနဲ့ သားစဉ်မြေးဆက်အားလုံး သေဆုံးကြရတယ်။ (ရောမ ၅:၁၂) လူသားတွေအတွက် မျှော်လင့်ချက်မရှိတော့ဘူးလား။

  • “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏” လို့ ကျမ်းစာကပြောတယ်။ * (၂ ပေတရု ၃:၁၃) ဘုရားသခင်က ကိုယ်တော်ရဲ့ နိုင်ငံတော်အားဖြင့် ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ မူလရည်ရွယ်ချက်ကို ပြန်အကောင်အထည်ဖော်မှာ ဖြစ်ပြီး ‘သေခြင်း ရှိတော့မှာမဟုတ်ဘူး။’ (ဗျာဒိတ် ၂၁:၃၊ ၄) အဲဒါက ကောင်းကင်မှာဖြစ်မှာလား၊ မြေကြီးမှာဖြစ်မှာလား။ ‘ရှိတော့မှာမဟုတ်ဘူး’ ဆိုတာ အရင်ကရှိခဲ့တယ်ဆိုတဲ့ သဘောဖြစ်တယ်။ ကောင်းကင်မှာ သေခြင်းတရား မရှိဖူးဘူး။ ဒါကြောင့် လူသားတွေနေဖို့ ရည်ရွယ်ချက်ရှိတဲ့၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ကျွန်တော်တို့ နေချင်တဲ့ ဒီကမ္ဘာမြေကြီးမှာ ဖြစ်လာမယ်။ သေဆုံးသွားသူတွေ ပြန်အသက်ရှင်လာပြီး ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံစည်းကြမယ်လို့ ကျမ်းစာက ကတိပေးထားတယ်။—ယောဟန် ၅:၂၈၊ ၂၉

လူအတော်များများဟာ ကောင်းကင်နဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တကယ်သွန်သင်ရာကို သိရှိလာတဲ့အခါ သိပ်ပျော်ကြတယ်။ ကက်သလစ်ဘာသာဝင်ဖြစ်ခဲ့သူ ဂျော့ချ် ဒီလိုပြောတယ်– “ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို ကျွန်တော်ကြိုက်တယ်။ အဲဒါက ကောင်းကင်သွားမယ် ဆိုတဲ့သွန်သင်ချက်ထက် ပိုပြီးယုတ္တိရှိတယ်။” *

“ကောင်းကင်ကား ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။”ဆာလံ ၁၁၅:၁၆

^ စာပိုဒ်၊ 13 ဘုရားသခင်က သွေးသားခန္ဓာမရှိဘဲ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တယ်။ (ယောဟန် ၄:၂၄) ဒါကြောင့် ကိုယ်တော်စံမြန်းတဲ့နေရာက မျက်စိနဲ့မြင်နိုင်တဲ့နေရာ၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နေရာမဟုတ်ဘဲ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ နေထိုင်တဲ့နေရာ ဖြစ်တယ်။

^ စာပိုဒ်၊ 19 “မြေကြီးသစ်” ဆိုတာက နောက်ထပ်ကမ္ဘာတစ်လုံးကို ပြောချင်တာမဟုတ်ဘဲ မြေကြီးပေါ်မှာနေထိုင်ကြမယ့် ဘုရားနှစ်သက်မှုရတဲ့ လူ့အဖွဲ့အစည်းကို ပြောချင်တာဖြစ်တယ်။—ဆာလံ ၆၆:၄

^ စာပိုဒ်၊ 20 ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ရွေးချယ်ခံထားရတဲ့သူ ၁၄၄,၀၀၀ ပဲ ကောင်းကင်တက်မယ်လို့ ကျမ်းစာသွန်သင်တယ်။—၁ ပေတရု ၁:၃၊ ၄; ဗျာဒိတ် ၁၄:၁