မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ကောင်းကင်တမန်​တွေ တကယ်​ရှိ​ရဲ့​လား၊ သူတို့​အကြောင်း ဘာကြောင့် သိ​သင့်သလဲ

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ကောင်းကင်တမန်​တွေနဲ့​ပတ်သက်တဲ့ အမှန်တရားကို သင် သိချင်​ပါသလား။ သူတို့ ဘယ်သူ​တွေလဲ၊ ဘယ်လို​ဖြစ်လာ​တာလဲ၊ ဘာတွေ လုပ်ဆောင်ကြ​သလဲ။ ကျမ်းစာမှာ အဖြေရှာ​တာ အကောင်းဆုံး​ပါပဲ။ (၂ တိမောသေ ၃:၁၆) ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

  • ဘုရားသခင်​ဟာ ဝိညာဉ်​ပုဂ္ဂိုလ်​ဖြစ်သလို ကောင်းကင်တမန်​တွေလည်း “အရိုး​တွေ၊ အသား​တွေ” မရှိတဲ့ ဝိညာဉ်​ပုဂ္ဂိုလ်တွေ​ပဲ။ သူတို့ကို လူ့​မျက်စိ​နဲ့ မမြင်နိုင်​ဘူး။ သစ္စာရှိ​တဲ့ ကောင်းကင်တမန်​တွေဟာ ကောင်းကင်မှာ​နေ​ပြီး ဘုရားသခင်​ဆီ တိုက်ရိုက်​ချဉ်းကပ်​နိုင်ကြ​တ​ယ်။—လုကာ ၂၄:၃၉။ မဿဲ ၁၈:၁၀။ ယောဟန် ၄:၂၄

  • တစ်ခါ​တစ်ရံ၊ ကောင်းကင်တမန်​တွေဟာ လူ့​သဏ္ဌာန် ယူဆောင်​ပြီး ကမ္ဘာပေါ်မှာ ဘုရားပေး​အပ်​တဲ့ တာဝန်ကို ထမ်းဆောင်ကြတယ်။ တာဝန်​ပြီးဆုံး​တဲ့အခါ လူ့​ခန္ဓာ​ကို​စွန့်ပြီး ကောင်းကင် ပြန်​တက်​သွားတယ်။—တရားသူကြီး ၆:၁၁-၂၃။ ၁၃:၁၅-၂၀

  • ကျမ်းစာမှာ ကောင်းကင်တမန်​တွေကို ယောက်ျား​တွေအဖြစ် ပုံဖော်​ထား​ပေ​မဲ့ သူတို့ကို ကျား/မဆို​ပြီး ခွဲခြား​ထားတာ မရှိဘူး။ သူတို့ အိမ်ထောင်​မပြုဘူး၊ သားသမီး မမွေး​ဘူး။ ကမ္ဘာ​ပေါ်​က လူတွေ​လို နို့စို့အရွယ်၊ ကလေး၊ လူကြီး​ဆိုပြီး ကြီးပြင်းလာတာ​မျိုး​လည်း မရှိဘူး။ သူတို့ကို ယေဟောဝါကို​ယ်​တိုင် ဖန်ဆင်း​ထားတာ။ ဒါကြောင့် “ဘုရားသခင်ရဲ့​သားတွေ” လို့ ကျမ်းစာမှာ ခေါ်​ထားတယ်။—ယောဘ ၁:၆။ ဆာလံ ၁၄၈:၂၊ ၅

  • “လူ့​ဘာသာစကားနဲ့ ကောင်းကင်တမန် ဘာသာစကား” အကြောင်း ကျမ်းစာ​ဖော်ပြတယ်။ ဒါကြောင့် ဝိညာဉ်​ပုဂ္ဂိုလ်တွေ​မှာ ဘာသာစကား​ရှိမှန်း သိရတယ်။ ဘုရား​သခင်က ကောင်းကင်တမန်​တွေ​ကတစ်ဆင့် လူတွေနဲ့ ပြောဆိုဆက်သွယ်​ပေ​မဲ့ သူတို့ကို ကိုးကွယ်​တာ၊ ဆုတောင်း​တာ​ကိုတော့ ခွင့်မပြု​ဘူး။—၁ ကောရိန္သု ၁၃:၁။ ဗျာဒိတ် ၂၂:၈၊ ၉

  • ကောင်းကင်တမန်​တွေရဲ့ အရေအတွက်​ဟာ ကုဋေ​အ​သင်္ချေ​မက များ​တ​ယ်။—ဒံယေလ ၇:၁၀။ ဗျာဒိတ် ၅:၁၁

  • ကောင်းကင်တမန်​တွေဟာ လူတွေ​ထက် အဆပေါင်းများစွာ “တန်ခိုးကြီး” ပြီး အသိဉာဏ် ထက်မြက်​တ​ယ်။ လူတွေ စိတ်ကူး​လို့​ရနိုင်​တာ​ထက် အဆပေါင်းများစွာ သာလွန်​တဲ့ အမြန်​နှုန်း​နဲ့ သွားလာ​နိုင်ကြ​တ​ယ်။—ဆာလံ ၁၀၃:၂၀။ ဒံယေလ ၉:၂၀-၂၃

  • ကောင်းကင်တမန်​တွေဟာ အင်မတန် တန်ခိုးကြီး​ပြီး အသိဉာဏ် ထက်မြက်​ပေ​မဲ့ ကန့်သတ်ချက်​တွေ၊ သူတို့​မသိ​တဲ့​အရာတွေ ရှိ​နေတယ်။—မဿဲ ၂၄:၃၆။ ၁ ပေတရု ၁:၁၂

  • ကောင်းကင်တမန်​တွေကို လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်၊ ကိုယ်ရည်ကိုယ်သွေး​နဲ့ ဘုရားရဲ့​အရည်အသွေး​တွေ ထည့်သွင်း​ဖန်ဆင်း​ထားတယ်။ လူတွေ​လိုပဲ အမှား ဒါမှမဟုတ် အမှန်​ကို လုပ်ဆောင်​ဖို့ ရွေးချယ်​နိုင်တယ်။ ဝမ်းနည်းစရာ​က ကောင်းကင်တမန်​တချို့ ဘုရားသခင်ကို ပုန်ကန်​ဖို့ ရွေးချယ်​ခဲ့ကြတယ်။—ယုဒ ၆