အပိုင်း ၅

“ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

“ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြ”

ဒီဘရိုရှာမှာ ဆွေးနွေးခဲ့တဲ့ အခက်အခဲ တစ်ခုနှစ်ခုကို သင် ကြုံနေရသလား။ ကြုံနေရတယ်ဆိုရင် သင်တစ်ဦးတည်း မဟုတ်ပါဘူး။ ကျမ်းစာခေတ်နဲ့ အခုခေတ် ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေဟာ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြတယ်။ သူတို့ကို ဘုရားသခင် ကူညီပေးခဲ့သလို သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။

သင်ပြန်လာတဲ့အခါ ယေဟောဝါဘုရား ကြိုဆိုမှာဖြစ်

သင်ပြန်လာတာကို ယေဟောဝါ ကြိုဆိုနေတယ်ဆိုတာ ယုံကြည်စိတ်ချပါ။ စိုးရိမ်ပူပန်မှုတွေ ပြေပျောက်သွားအောင်၊ စိတ်ထိခိုက်မှုတွေ သက်သာလာအောင်၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိပြီး စိတ်ငြိမ်သက်အောင် သင့်ကို ဘုရား ကူညီပေးသွားမှာပါ။ အဲဒီနောက် ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါရဲ့အမှုတော် ပြန်ထမ်းဆောင်ချင်စိတ် ရှိလာပါလိမ့်မယ်။ “ခင်ဗျားတို့ဟာ လမ်းလွဲတဲ့သိုးတွေလို ဖြစ်ခဲ့ကြပေမဲ့ အခုတော့ ခင်ဗျားတို့ရဲ့ သိုးထိန်းဆီ၊ ကြီးကြပ်မှူးဆီ ပြန်လာကြပြီ” လို့ တမန်တော်ပေတရုပြောတဲ့ ပထမရာစုခရစ်ယာန်တွေနဲ့ သင် အခြေအနေချင်း ဆင်တူပါလိမ့်မယ်။—၁ ပေတရု ၂:၂၅

သင် လုပ်နိုင်သမျှထဲမှာ အကောင်းဆုံးအရာက ယေဟောဝါဆီ ပြန်လာခြင်းပါ။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့စိတ်ကို ပျော်ရွှင်စေမှာ ဖြစ်လို့ပါ။ (ပညာအလိမ္မာ ၂၇:၁၁) ယေဟောဝါဟာ ခံစားချက်ရှိတာမို့ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေက ဘုရားအပေါ် အကျိုးသက်ရောက်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က မိမိကို ချစ်ဖို့၊ ကိုးကွယ်ဖို့ ဖိအားမပေးပါဘူး။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားကို နှစ်နှစ်ကာကာ ချစ်တဲ့စိတ်နဲ့ ကိုးကွယ်ဖို့ ကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်တယ်။ ဒါဟာ ဘုရားအပေါ် သမာဓိရှိခြင်းဆိုတဲ့ အဖိုးတန်လက်ဆောင်ကို ပေးနေတာဖြစ်လို့ ဘုရားရဲ့စိတ်ကို အကြီးအကျယ် ရွှင်လန်းစေပါတယ်။ ယေဟောဝါတစ်ပါးတည်း ရထိုက်တဲ့ဝတ်ပြုမှုကို ပေးဆက်နေလို့ ခံစားရတဲ့ပျော်ရွှင်မှုကို ဘာနဲ့မှ အစားမထိုးနိုင်ပါဘူး။—တမန်တော် ၂၀:၃၅။ ဗျာဒိတ် ၄:၁၁

ဒါ့အပြင် ဘုရားကို ပြန်ဝတ်ပြုတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာမှာဖြစ်တယ်။ (မဿဲ ၅:၃) ဘယ်လိုနည်းနဲ့လဲ။ ‘ငါတို့ ဘာကြောင့် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကမ္ဘာတစ်ဝန်းကလူတွေ စဉ်းစားကြတယ်။ ဘဝရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို သိချင်စိတ် ပြင်းပြကြတယ်။ အကြောင်းက ယေဟောဝါဟာ လူသားတွေကို အဲဒီစိတ် ထည့်ထားပေးလို့ပါ။ ဘုရားကို ဝတ်ပြုခြင်းကနေ ကျေနပ်ပျော်ရွှင်မှုရဖို့ ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်။ ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်တဲ့စိတ်နဲ့ ဝတ်ပြုနေပါလားဆိုတဲ့ အသိကြောင့် ခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုထက် ပိုကောင်းတဲ့အရာ မရှိပါဘူး။—ဆာလံ ၆၃:၁-၅

ယေဟောဝါဘုရားက သင့်ကို ပြန်လာစေချင်တယ်ဆိုတာ သိထားပါ။ အဲဒါကို ဘယ်လို သိနိုင်မလဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ။ ဒီဘရိုရှာကို အကြိမ်ကြိမ် ဆုတောင်းပြီး အသေအချာ ပြင်ဆင်ပေးထားတာပါ။ အကြီးအကဲ ဒါမှမဟုတ် ယုံကြည်သူချင်းတစ်ဦးက သင့်ဆီ ဒီဘရိုရှာ ယူလာပေးတာ ဖြစ်နိုင်တယ်။ အဲဒီအခါ ဘရိုရှာကို ဖတ်ပြီး သိလာတဲ့အတိုင်း လုပ်ဖို့ လှုံ့ဆော်ခံရမှာ ဖြစ်တယ်။ ဒါတွေအားလုံးက သင့်ကို ယေဟောဝါဘုရား မမေ့သေးဘူးဆိုတဲ့ သက်သေပါပဲ။ မိမိဆီ ပြန်လာဖို့ သင့်ကို ဘုရား ဖိတ်ခေါ်နေတာပါ။—ယောဟန် ၆:၄၄

ပျောက်သွားတဲ့သိုးတွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့အချက်ကလည်း အားရှိစရာပါပဲ။ ဒါနာလို့ခေါ်တဲ့ ညီအစ်မတစ်ဦး အဲဒီအချက်ကို သဘောပေါက်လာတယ်။ “ကျွန်မဆို အမှန်တရားနဲ့ ဝေးမှန်းမသိ ဝေးသွားတာ။ ဒါပေမဲ့ ‘အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။ အသေအချာ ဆန်းစစ်ပြီး ပူပန်သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ’ ဆိုတဲ့ ဆာလံ ၁၃၉:၂၃၊ ၂၄ ပါစကားတွေကို ခဏခဏ အလေးအနက် စဉ်းစားတယ်။ ကျွန်မက လောကနဲ့ ပတ်သက်လို့ မရဘူး၊ ဘယ်တော့မှလည်း အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်ဘူး၊ ကျွန်မရှိနေရမယ့်နေရာက ယေဟောဝါရဲ့ အဖွဲ့အစည်းပဲဆိုတာ သိလာပါပြီ။ ကျွန်မကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ဘုရားဆီ ပြန်လာရမယ်ဆိုတာကို သဘောပေါက်လာတယ်။ ပြန်လာနိုင်ခဲ့လို့ ဝမ်းသာလို့ မဆုံးဘူး” လို့ သူပြောတယ်။

“ကျွန်မကို ယေဟောဝါဘုရား ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ဘုရားဆီ ပြန်လာရမယ်ဆိုတာကို သဘောပေါက်လာတယ်”

“ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်း” ကို သင်လည်း ပြန်ခံစားနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။ (နေဟမိ ၈:၁၀) ယေဟောဝါဘုရားဆီ ပြန်လာပါ။ သင် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။