မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ပထမရာစုအချိန်က ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြသလား

ပထမရာစုအချိန်က ခရစ်ယာန်တွေ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြသလား

▪ ယေရှု ကောင်းကင်ကို မတက်ကြွခင်မှာ ဘုရားသခင့်လုပ်ငန်းကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့တပည့်တွေကို ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ လောကနိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှမပါဘူး။ (မဿဲ ၂၈:၁၈-၂၀) အဲဒီမတိုင်ခင်ကလည်း “ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့” လို့ ယေရှု ပြောသွားပါသေးတယ်။ ဒါကြောင့် တပည့်တွေဟာ အဲဒီမူအတိုင်း ဆက်ပြီးနေထိုင်သွားခဲ့ကြတယ်။—မာကု ၁၂:၁၇

ဒီလောကထဲမှာ နေထိုင်ကြပေမဲ့လည်း လောက,က လူတွေအတိုင်း မပြုမူတဲ့ ယေရှုရဲ့နောက်လိုက်တွေကို ယေရှုပေးခဲ့တဲ့မူက ဘယ်လို ကူညီပေးခဲ့ပါသလဲ။ ဘယ်အရာတွေက လူ့အုပ်ချုပ်မှုနဲ့ ဆိုင်တယ်၊ ဘယ်အရာတွေကတော့ ဘုရားသခင်နဲ့ ဆိုင်တယ်ဆိုတာကို သူတို့ ဘယ်လို ခွဲခြားသတ်မှတ်သလဲ။

နိုင်ငံရေးမှာ ပါဝင်တာက ယေရှု ပေးခဲ့တဲ့မူနဲ့ ဆန့်ကျင်တယ်ဆိုပြီး တမန်တော်ပေါလု ဆင်ခြင်ခဲ့တယ်။ “တမန်တော်ပေါလုဟာ သူ့ကို တရားစီရင်နေတာတွေကနေ အကာအကွယ် ရဖို့အတွက် သူ့ရဲ့ရောမနိုင်ငံသားအဖြစ်ကို အသုံးပြုဖို့ အသင့်ရှိနေပေမဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘူး” ဆိုပြီး စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—Beyond Good Intentions—A Biblical View of Politics.

တမန်တော်ပေါလုဟာ မိမိရဲ့ရောင်းရင်း ခရစ်ယာန်တွေကို ဘာလမ်းညွှန်ချက်တွေ ပေးခဲ့သလဲ။ အထက်မှာဖော်ပြထားတဲ့ စာအုပ်မှာပဲ ဒီလိုဆက်ဖော်ပြထားတယ်– “ကောရိန္သု၊ ဧဖက်နဲ့ ရောမက မြို့ကြီးတွေမှာ နေထိုင်တဲ့ ယုံကြည်သူတွေဆီရေးတဲ့ ပေါလုရဲ့စာတွေထဲမှာ နိုင်ငံရေးပဋိပက္ခတွေအကြောင်း ဘာတစ်ခုမှ မဖော်ပြထားဘူး။” ဒါ့အပြင် “အစိုးရအာဏာပိုင်တွေကို လက်အောက်ခံဖို့ မိန့်မှာခဲ့တယ်၊ ဒါပေမဲ့ သူပေးပို့တဲ့စာတွေထဲမှာ ဒေသခံချာ့ခ်ျအနေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုရဲ့ ပေါ်လစီတစ်ခုကို အားပေးအားမြှောက်ပြုရမယ်လို့ မတိုက်တွန်းထားဘူး” လို့ဖော်ပြထားတယ်။—ရောမ ၁၂:၁၈။ ၁၃:၁၊ ၅-၇

တမန်တော်ပေါလု သေဆုံးပြီးတဲ့နောက် ဆယ်စုနှစ်ပေါင်းများစွာအကြာမှာ အသက်ရှင်ခဲ့တဲ့ ခရစ်ယာန်တွေလည်း ဘုရားသခင်နဲ့ လူ့အစိုးရအတွက် ထမ်းဆောင်ရမယ့်တာဝန်တွေကို အရင်အတိုင်းပဲ ခွဲခြားသတ်မှတ်ကြတယ်။ အစိုးရအာဏာပိုင်တွေကို သူတို့လေးစားသလို တစ်ချိန်တည်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ကင်းကင်းရှင်းရှင်းနေကြတယ်။ သူတို့နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (Beyond Good Intentions) မှာ ဒီလိုဖော်ပြထားတယ်– “အစောပိုင်းခရစ်ယာန်တွေဟာ အစိုးရအာဏာပိုင်တွေကို လေးစားဖို့တာဝန်ရှိတယ်ဆိုတာ အသိအမှတ်ပြုကြပေမဲ့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့တော့ မယူမှတ်ခဲ့ကြဘူး။”

ဒါပေမဲ့ ခရစ်တော်သေဆုံးပြီးနောက် အနှစ် ၃၀၀ လောက်ကြာတဲ့အခါ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ ခရစ်ယာန်ဓမ္မပညာရှင် ချားလ်စ် ဘီယာ ဘီစင်စယိုက ဒီလိုပြောတယ်– “ရောမဧကရာဇ် ကွန်စတင်တိုင်းလက်ထက်မှာ နိုင်ငံရေးအခြေခံဖွဲ့စည်းပုံဥပဒေ ပြောင်းလဲသွားတဲ့အခါ ခရစ်ယာန်အတော်များများ နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းခဲ့ကြပုံရတယ်။” (Between Christ and Caesar) ဘာအကျိုးသက်ရောက်ခဲ့သလဲ။ ခရစ်နှစ် လေးရာစုအကုန်ပိုင်းမှာ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်သွားပြီး အဲဒါက ရောမအင်ပါယာရဲ့ နိုင်ငံတော်ဘာသာ ဖြစ်လာတယ်။

ကနေ့ ခရစ်တော်နောက်ကို လိုက်တယ်လို့ ပြောကြတဲ့ ဘာသာတရားများစွာဟာ သူတို့ရဲ့အသင်းဝင်တွေကို နိုင်ငံရေးမှာ ပါဝင်ဖို့ ဆက်ပြီး အားပေးနေကြတယ်။ ဒါပေမဲ့ အဲဒီဘာသာတရားတွေဟာ ခရစ်တော်ကို တုပနေတာလည်းမဟုတ်သလို ပထမရာစုက ခရစ်ယာန်တွေရဲ့ စံနမူနာကို လိုက်လျှောက်နေတာလည်း မဟုတ်ပါဘူး။