မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်နဲ့ပတ်သက်တဲ့ အမှန်တရား

အာမဂေဒုန်နဲ့ပတ်သက်တဲ့ အမှန်တရား

အာမဂေဒုန်နဲ့ပတ်သက်တဲ့ အမှန်တရား

‘နတ်ဆိုးတို့သည် လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များထံသို့ ထွက်သွား၍ သူတို့ကို ဟေဗြဲဘာသာအားဖြင့် ဟာမဂေဒုန်ဟု ခေါ်ဆိုသောအရပ်သို့ စုရုံးစေကြ၏။’—ဗျာ. ၁၆:၁၄၊ ၁၆

အာမဂေဒုန်ကို “ဟာမဂေဒုန်” လို့လည်း ပြန်ဆိုတတ်ကြပြီး အဲဒါက အရပ်ဒေသတစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအရပ်ဒေသဟာ တကယ်တည်ရှိတဲ့နေရာ ဖြစ်ပုံမရပါဘူး။

ဒါဆိုရင် “အာမဂေဒုန်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အမှန်က ဘာလဲ။ အဲဒီစကားလုံးကို စစ်ပွဲတစ်ပွဲလိုမျိုး အဖြစ်အပျက်တစ်ခုနဲ့ ဘာကြောင့် ဆက်စပ်ဖော်ပြတတ်တာလဲ။

အာမဂေဒုန်လို့ခေါ်တဲ့ အရပ်ဒေသမှာ စုရုံးခဲ့ကြ

ဟာမဂေဒုန်ဆိုတဲ့ မူရင်းဟီဘရူးစကားလုံးကို အတိအကျပြန်ဆိုမယ်ဆိုရင် “မေဂိဒ္ဒေါတောင်” လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီလိုမျိုး ပကတိတောင် မရှိပေမဲ့လည်း မေဂိဒ္ဒေါဆိုတဲ့ နေရာတစ်ခုတော့ရှိပါတယ်။ အဲဒီနေရာက ရှေးခေတ်အစ္စရေးနိုင်ငံရဲ့ အနောက်မြောက်ဘက် မဟာဗျူဟာကျတဲ့ လမ်းဆုံတစ်ခုမှာပါ။ အနိုင်အရှုံးပေါ်မယ့် တိုက်ပွဲအတော်များများကို အဲဒီနေရာနားမှာ ဆင်နွှဲခဲ့ကြတဲ့အတွက် မေဂိဒ္ဒေါဆိုတဲ့ နာမည်က စစ်ပွဲနဲ့ ဆက်စပ်လာခဲ့တာ ဖြစ်ပါတယ်။ *

ဒါပေမဲ့ မေဂိဒ္ဒေါရဲ့ အဓိပ္ပာယ်အမှန်က ဘာတိုက်ပွဲတွေ ဆင်နွှဲခဲ့တာနဲ့မဟုတ်ဘဲ ဘာကြောင့် တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ တကယ်တော့ မေဂိဒ္ဒေါအရပ်ဟာ ရှေးခေတ်အစ္စရေးလူတွေကို ယေဟောဝါဘုရားသခင် ပေးခဲ့တဲ့ ခါနာန်ပြည်ရဲ့ တစ်စိတ်တစ်ဒေသပါ။ (ထွက်မြောက်ရာ ၃၃:၁; ယောရှု ၁၂:၇၊ ၂၁) ရှေးခေတ်အစ္စရေးလူတွေကို ရန်သူတွေရဲ့ လက်ကနေ ကာကွယ်ပေးမယ်လို့ ဘုရားသခင် ကျိန်ဆိုခဲ့ပြီး တကယ်လည်း ကာကွယ်ပေးခဲ့ပါတယ်။ (တရားဟောရာ ၆:၁၈၊ ၁၉) ဥပမာ၊ ဘုရားသခင်ဟာ မေဂိဒ္ဒေါအရပ်မှာ ရှေးခေတ်အစ္စရေးလူတွေကို ကျူးကျော်တိုက်ခိုက်လာတဲ့ ခါနာန်ဘုရင် ယာဘိန်နဲ့ သူ့ရဲ့စစ်ဗိုလ်ချုပ် သိသရတို့ရဲ့ ရန်ကနေ အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးခဲ့ပါတယ်။—တရားသူကြီး ၄:၁၄-၁၆

ဒါကြောင့် “ဟာမဂေဒုန်” ဒါမှမဟုတ် “အာမဂေဒုန်” ဆိုတဲ့ စကားလုံးက အကြီးစား ပြည့်စုံမှုတစ်ခုဖြစ်လာဖို့ ကျန်သေးတယ်ဆိုတာကို ဖော်ပြနေတယ်။ အဲဒီစကားလုံးက အင်အားကြီး စစ်တပ်နှစ်တပ် ထိပ်တိုက်ရင်ဆိုင် ဆင်နွှဲမယ့် တိုက်ပွဲတစ်ပွဲနဲ့ ဆက်စပ်နေပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တစ်ခုအကြောင်းကို သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားပါတယ်။ အဲဒါက အနာဂတ်မှာ စာတန်နဲ့ သူ့ရဲ့နောက်လိုက် နတ်ဆိုးတွေဟာ လူ့အုပ်စိုးရှင်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို စုရုံးဖို့ လှုံ့ဆော်ပေးမှာဖြစ်တယ်။ အဲဒီအခါ လူ့အုပ်စိုးရှင်တွေက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေနဲ့ သူတို့ရဲ့လုပ်ငန်းကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ရန်မူလာမှာဖြစ်တယ်။ ဘုရားသခင်က သူ့လူမျိုးကို ရန်မူလာတဲ့သူတွေကို ပြန်လည်တိုက်ခိုက် အနိုင်ယူတဲ့အချိန်မှာ လူသန်းပေါင်းများစွာ သေကျေပျက်စီးပါလိမ့်မယ်။—ဗျာ. ၁၉:၁၁-၁၈

“ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝ” တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ခေါ်ဆိုထားတဲ့ ယေဟောဝါဘုရားသခင်ဟာ အဲဒီလောက်များပြားလှတဲ့ လူတွေကို ဘာဖြစ်လို့ သေစေရတာလဲ။ (နေဟမိ ၉:၁၇) ဘုရားသခင်ရဲ့ လုပ်ရပ်တွေကို နားလည်ဖို့အတွက် ဒီမေးခွန်းသုံးခုရဲ့ အဖြေကို သိဖို့လိုအပ်ပါတယ်– (၁) အဲဒီစစ်ပွဲကို ဘယ်သူက အစပြုမှာလဲ၊ (၂) အဲဒီစစ်ပွဲမှာ ဘုရားသခင် ဘာကြောင့် ပါဝင်ပတ်သက်ရတာလဲ၊ (၃) ဒီစစ်ပွဲက ကမ္ဘာမြေကြီးနဲ့ လူသားတွေအပေါ် ဘယ်လိုရေရှည်အကျိုး သက်ရောက်မလဲ။

၁။ အဲဒီစစ်ပွဲကို ဘယ်သူက အစပြုမှာလဲ။

အာမဂေဒုန်စစ်ပွဲက ဘုရားသခင်ရဲ့ အကြောင်းမဲ့ရန်ပြုလိုတဲ့ လုပ်ရပ်တစ်ခု မဟုတ်ပါဘူး။ တကယ်တော့ အဲဒီစစ်ပွဲမှာ ဘုရားသခင်က လူကောင်းတွေဖြစ်တဲ့ မိမိကိုကိုးကွယ်တဲ့သူတွေကို ရန်သူ့လက်ကနေ ကာကွယ်ပေးမှာဖြစ်တယ်။ အာမဂေဒုန်စစ်ပွဲမှာ အစပြုတိုက်ခိုက်ကြမယ့်သူတွေဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များ” ဖြစ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလိုရန်ပြုတိုက်ခိုက်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ ကျွမ်းကျင်တဲ့ ရုပ်သေးဆရာနဲ့တူတဲ့ ဘုရားသခင့်ရန်သူကြီး စာတန်ဟာ လူ့အုပ်ချုပ်ရေးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို လိုရာကြိုးဆွဲပြီး ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေကို မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့ လှုံ့ဆော်ပေးမှာဖြစ်လို့ပါပဲ။—ဗျာ. ၁၆:၁၃၊ ၁၄; ၁၉:၁၇၊ ၁၈

ကနေ့၊ နိုင်ငံတချို့မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဝတ်ပြုကိုးကွယ်ခွင့်ကို လူတွေ တန်ဖိုးထားကြတဲ့အတွက် ဘာသာရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ ဒါမှမဟုတ် ပိတ်ပင်ဖို့ လူ့အုပ်စိုးရှင်တွေ ကြိုးစားမယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ အဲဒီလိုရန်ပြုတိုက်ခိုက်မှုတွေက ၂၀ ရာစုခေတ်အတွင်းမှာ ဖြစ်ပျက်ခဲ့ပြီး အခုလည်း ဖြစ်ပျက်နေတုန်းပါ။ * အရင်ကဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ အာမဂေဒုန်မှာ ဖြစ်ပျက်မယ့် စစ်ပွဲမှာ အဓိကကွာခြားချက်ကတော့ အနည်းဆုံး နှစ်ခုရှိပါတယ်။ ပထမ၊ တိုက်ခိုက်မှုအတိုင်းအတာက ကမ္ဘာနဲ့ချီပြီး ဖြစ်ပျက်မှာဖြစ်တယ်။ ဒုတိယ၊ ယေဟောဝါဘုရားသခင်ရဲ့ တုံ့ပြန်မှုက အရင်ကထက် ပိုပြီး ပြင်းထန်မှာဖြစ်ပါတယ်။ (ယေရမိ ၂၅:၃၂၊ ၃၃) အဲဒီစစ်ပွဲကို သမ္မာကျမ်းစာမှာ ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ လို့ဖော်ပြထားတယ်။

၂။ အဲဒီစစ်ပွဲမှာ ဘုရားသခင် ဘာကြောင့် ပါဝင်ပတ်သက်ရတာလဲ။

ယေဟောဝါဘုရားသခင်ဟာ မိမိကို ဝတ်ပြုတဲ့သူတွေကို အေးချမ်းသင့်မြတ်စွာ နေထိုင်စေလိုပြီး ရန်သူတွေကိုချစ်ဖို့ မိန့်မှာထားပါတယ်။ (မိက္ခာ ၄:၁-၃; မဿဲ ၅:၄၃၊ ၄၄; ၂၆:၅၂) ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတဲ့သူတွေဟာ ရက်စက်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်တွေကိုင်ဆောင်ပြီး ခုခံမှာမဟုတ်ပါဘူး။ သူတို့ကို ဘုရားသခင် မကာကွယ်ပေးဘူးဆိုရင်တော့ သူတို့အားလုံး အစတုံးပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီလိုသာဆိုရင် ဘုရားသခင်ရဲ့နာမည် ရှုတ်ချခံရလိမ့်မယ်။ သူတို့ကို ရန်သူတွေ ဖျက်ဆီးနိုင်တယ်ဆိုရင် ဘုရားသခင်က မေတ္တာမရှိဘူး၊ တရားမမျှတဘူး ဒါမှမဟုတ် တန်ခိုးမရှိဘူးလို့ အထင်ရောက်သွားနိုင်တယ်။ ဒါကြောင့် အဲဒီလိုမျိုးဖြစ်ဖို့ဆိုတာ ဝေးပါသေးတယ်။—ဆာလံ ၃၇:၂၈၊ ၂၉

ဘုရားသခင်ဟာ ဘယ်သူ့ကိုမှမဖျက်ဆီးချင်တဲ့အတွက် မိမိရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ကြိုတင်အသိပေးပါတယ်။ (၂ ပေတရု ၃:၉) အတိတ်တုန်းက ဘုရားသခင်ကိုဝတ်ပြုတဲ့သူတွေ တိုက်ခိုက်ခံရတဲ့အခါ ကိုယ်တော် လက်တုံ့ပြန်ပေးခဲ့တဲ့ ဖြစ်ရပ်တွေကို ကျမ်းစာမှတ်တမ်းတွေအားဖြင့် ပြန်လည်သတိရစေပါတယ်။ (၄ ရာ. ၁၉:၃၅) အနာဂတ်မှာ ဘုရားသခင်ကိုဝတ်ပြုတဲ့သူတွေကို စာတန်နဲ့ သူကြိုးဆွဲရာ လိုက်ကတဲ့သူတွေ တိုက်ခိုက်တဲ့အခါ ဒီတစ်ကြိမ်မှာလည်း ဘုရားသခင် ကြားဝင်တိုက်ခိုက်ပေးမှာ ဖြစ်တယ်လို့ ကျမ်းစာမှာ အသိပေးထားပါတယ်။ တကယ်ဆိုရင် ဆိုးသွမ်းတဲ့သူတွေကို ဘုရားသခင် ဖျက်ဆီးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတာ ကြာလှပါပြီ။ (သု. ၂:၂၁၊ ၂၂; ၂ သက်သာလောနိတ် ၁:၆-၉) အဲဒီအချိန်ရောက်ရင် ရန်ပြုတိုက်ခိုက်တဲ့သူတွေဟာ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ကို သူတို့တိုက်ခိုက်နေပါလားဆိုတာ သိလာရပါလိမ့်မယ်။—ယေဇကျေလ ၃၈:၂၁-၂၃

၃။ ဒီစစ်ပွဲက ဘယ်လိုရေရှည်အကျိုး သက်ရောက်မှာလဲ။

အာမဂေဒုန်စစ်ပွဲမှာ လူတွေ သန်းနဲ့ချီပြီး ကယ်တင်ခံရပါလိမ့်မယ်။ တကယ်တော့ အဲဒီစစ်ပွဲက ကမ္ဘာပေါ် ငြိမ်သက်အေးချမ်းမယ့်အချိန်ရဲ့ အစပဲဖြစ်ပါတယ်။—ဗျာ. ၂၁:၃၊ ၄

အာမဂေဒုန်စစ်ပွဲမှာ ကပ်ကျော်လွတ်မြောက်မယ့် မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” အကြောင်းကို သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားပါတယ်။ (ဗျာ. ၇:၉၊ ၁၄) ဘုရားသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့ဟာ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးကို သာယာလှပတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြန်လည်တည်ထောင်ပေးပါလိမ့်မယ်။

ဘုရားသခင်ကိုဝတ်ပြုတဲ့သူတွေ ဘယ်အချိန်မှာ တိုက်ခိုက်ခံရမယ်ဆိုတာ သိပါသလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အရပ်ဒေသတစ်ခုကို စစ်ပွဲနဲ့ ဆက်စပ်ဖော်ပြတာက အဆန်းတော့မဟုတ်ပါဘူး။ ဥပမာ၊ အဏုမြူဗုံး ကြဲခံခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ဟာ ကြောက်မက်ဖွယ်နျူကလီးယားစစ်ပွဲရဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်လို့နေပါတယ်။

^ အပိုဒ်၊ 13 ဘာသာရေး အုပ်စုတွေနဲ့ လူမျိုးစုတွေကို သုတ်သင်ပယ်ရှင်းဖို့ လူ့အုပ်ချုပ်မှုတစ်ခုရဲ့ ကြိုးပမ်းမှုတစ်ခုကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာပါပဲ။ ဆိုဗီယက်ခေတ်တုန်းက ရုရှားနိုင်ငံမှာရှိတဲ့ ဘာသာရေးအုပ်စုတွေလည်း ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတယ်။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၁၁၊ မေ ၁ ရက် ကင်းမျှော်စင်မှာပါတဲ့ “အေးချမ်းသင့်မြတ်စွာ နေလိုသူများ မိမိတို့ရဲ့ နာမည်ကောင်းကို ကာကွယ်” ဆိုတဲ့ဆောင်းပါးကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အတိတ်တုန်းက မိမိကိုဝတ်ပြုတဲ့သူတွေကို ယေဟောဝါဘုရားသခင် ကာကွယ်ပေးခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အာမဂေဒုန်စစ်ပွဲမှာလည်း မိမိကိုဝတ်ပြုတဲ့သူတွေကို ယေဟောဝါဘုရားသခင် ကာကွယ်ပေးမှာဖြစ်