မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ဝင်ငွေအလိုက် နေထိုင်ပါ—နေထိုင်နိုင်တဲ့ နည်းလမ်းများ

ကိုယ့်ဝင်ငွေအလိုက် နေထိုင်ပါ—နေထိုင်နိုင်တဲ့ နည်းလမ်းများ

ကိုယ့်ဝင်ငွေအလိုက် နေထိုင်ပါ—နေထိုင်နိုင်တဲ့ နည်းလမ်းများ

သင့်ဆီမှာ ရေအပြည့်ဖြည့်ထားတဲ့ အိုးတစ်လုံးရှိတယ် ဆိုပါစို့။ အဲဒီအိုးထဲမှာ ရေအမြဲပြည့်နေဖို့က သင့်ရဲ့တာဝန် ဖြစ်တယ်။ ရေအမြဲ ပြည့်နေအောင် သင် ဘယ်လိုလုပ်မလဲ။ အသုံးပြုလိုက်တဲ့ရေကို ပြန်ဖြည့်ပေးလိုက်ရုံပဲပေါ့။ ကိုယ်သုံးလိုက်တဲ့ ရေပမာဏအလိုက် ပြန်ဖြည့်ပေးနေသရွေ့ အိုးထဲမှာ ရေအမြဲ ပြည့်နေမှာပါ။

သင့်ရဲ့ဝင်ငွေကို အိုးထဲမှာပြည့်နေတဲ့ ရေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ သင့်ရဲ့အသုံးစရိတ်က သင် သုံးလိုက်တဲ့ရေနဲ့ တူတယ်။ ဝင်ငွေထက် အသုံးစရိတ် မများသွားဖို့ဆိုတာ စိန်ခေါ်ချက် ဖြစ်နိုင်ပါတယ်။

ကိုယ့်ဝင်ငွေအလိုက် နေထိုင်ဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရခက်ပါတယ်။ ကိုယ့်ဝင်ငွေအလိုက် ကြိုးစားနေထိုင်မှသာ ငွေကြေးပြဿနာ များစွာကို ရှောင်ကြဉ်နိုင်မှာပါ။ အဲဒီလို ဘယ်လိုနေထိုင်ကြမလဲ။ အဲဒီအတွက် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကို ဘယ်မှာရှာတွေ့နိုင်မလဲ။ သမ္မာကျမ်းစာမှာ တွေ့ရှိနိုင်ပါတယ်။ အဲဒီကျမ်းစာလမ်းညွှန်ချက်တွေကို အတိုချုပ် သုံးသပ်ကြည့်ရအောင်။

အထောက်အကူပြုမယ့် ကျမ်းစာမူများ

ငွေသုံးစွဲတတ်အောင် သင့်ကို ကူညီပေးနိုင်တဲ့ လက်တွေ့ကျမူတွေ ကျမ်းစာမှာ ပါရှိပါတယ်။ အဲဒီအထဲက အနည်းငယ်ကို ဆန်းစစ်ကြည့်ကြမယ်။ သင့်ရဲ့ဝင်ငွေအလိုက် နေထိုင်တတ်အောင် အဲဒီမူတွေက ကူညီပေးနိုင်တယ်ဆိုတာကို သင် တွေ့ရပါလိမ့်မယ်။

ဘတ်ဂျက်ထားပါ။ ငွေကို ချင့်ချင့်ချိန်ချိန် သုံးစွဲတတ်အောင် သင့်ရဲ့ဝင်ငွေက ဘယ်လောက်၊ ထွက်ငွေက ဘယ်လောက်ဆိုတာကို သိထားဖို့လိုတယ်။ “သေချာစွာ ကြိုတင်စဉ်းစားစီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူသည် ချမ်းသာကြွယ်ဝလိမ့်မည်။ အလျင်စလို ပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့၍ နေလိမ့်မည်” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၂၁:၅ခမ) တချို့က ငွေကို စာအိတ်ထဲထည့်ပြီး သုံးစွဲတဲ့စနစ်ကို အသုံးပြုကြတယ်။ ဥပမာ၊ “အစားအသောက်ဝယ်ဖို့၊” “ငှားရမ်းခပေးဖို့၊” “အဝတ်အစားဝယ်ဖို့” ဆိုပြီး စာအိတ်တွေထဲ သတ်သတ်စီ ဖယ်ထားကြတယ်။ ဒီလိုရိုးရှင်းတဲ့ စနစ်ပဲဖြစ်ဖြစ်၊ ပိုပြီးအသေးစိတ်ကျတဲ့ စနစ်ပဲဖြစ်ဖြစ် ဘယ်စနစ်ကိုပဲ သင် အသုံးပြုပါစေ အရေးကြီးဆုံးက ဘယ်နေရာမှာ ငွေကုန်သွားတယ်ဆိုတာကို သင် သိထားရပါမယ်။ အဲလိုလုပ်တဲ့အခါ လိုချင်ရာကိုမဟုတ်ဘဲ လိုအပ်ရာကို သင် အမြဲ ဦးစားထားနေပါလိမ့်မယ်။

သူများကို အားမကျပါနဲ့။ ဖွံ့ဖြိုးဆဲနိုင်ငံက လူအတော်များများဟာ စက်မှုထွန်းကားတဲ့နိုင်ငံက လူတွေမှာရှိတဲ့ ပိုင်ဆိုင်ရာတွေကို လိုချင်ကြတယ်။ တစ်ဦးချင်းစီကျတော့လည်း မိတ်ဆွေတွေ ထုတ်ကြွားတဲ့ပစ္စည်းတွေကို လိုချင်ကြတယ်။ အဲဒါက သင့်အတွက် ထောင်ချောက် ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတွေက ပစ္စည်းတွေကို အကြွေးနဲ့ဝယ်ထားတယ်ဆိုတာ သင် သိချင်မှသိမှာပါ။ ဉာဏ်ပညာမရှိလို့ ငွေကြေးအခက်အခဲနဲ့ နိဂုံးချုပ်သွားရတဲ့ တခြားသူတွေလိုမျိုး ဘာကြောင့် အဖြစ်ခံရမှာလဲ။ ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “ငွေကိုတပ်မက်သောသူသည် ကြွယ်ဝခြင်းငှာ အလျင်အမြန် ပြုတတ်၏။ နောက်တစ်ဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။”—သု. ၂၈:၂၂သမ္မာ။

သင့်ဘဝကို ရိုးရှင်းစေပါ။ မျက်စိကို “ရိုးရှင်း” စွာထားဖို့ နောက်လိုက်တွေကို ယေရှု အကြံပေးခဲ့တယ်။ (မဿဲ ၆:၂၂) ငါးခြောက်ဆီဆမ်းလောက်ပဲ စားနိုင်တာကို ပုစွန်တုပ်ဆီပြန်ဟင်း ချက်စားမယ်ဆိုရင် ငွေကြေးပြဿနာပေါ်လာနိုင်စရာ အကြောင်းရှိတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံသား သုံးပုံတစ်ပုံနီးပါးနဲ့ အိန္ဒိယနိုင်ငံသား ထက်ဝက်ကျော်ဟာ အခြေခံစားဝတ်နေရေးအတွက် အနည်းဆုံး လိုအပ်တဲ့ဝင်ငွေ (အာရှတိုက်အတွက် သတ်မှတ်ချက်) ကိုတောင် မရရှိကြဘူး။ သူတို့ရဲ့ဝင်ငွေဟာ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁.၃၅ လောက်ပဲရှိတာ။ လူတွေဟာ ဝင်ငွေ မစို့မပို့လေးပဲ ရရှိတဲ့အတွက် အခြေခံလိုအပ်ရာတွေကို ဝယ်သုံးတာက ပညာရှိရာကျတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ နေထိုင်တဲ့သူတွေကလည်း ဘဝကို ရိုးရှင်းစွာထားမယ်ဆိုရင် ငွေကြေးပြဿနာ ကြုံရမှာမဟုတ်ပါဘူး။

အမှန်တကယ် လိုအပ်ရာတွေနဲ့ ကျေနပ်ရောင့်ရဲပါ။ ဒီအကြံပြုချက်က သင့်ဘဝကို ရိုးရှင်းစွာထားပါဆိုတဲ့ အကြံပြုချက်နဲ့ အတူတူပါပဲ။ ကျမ်းစာမှာ ဒီလိုအကြံပြုထားတယ်– “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိမောသေ ၆:၈) ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူတချို့ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ ရှိတာလေးနဲ့ ကျေနပ်ရောင့်ရဲကြတယ်။ ရုပ်ပစ္စည်း မကြွယ်ဝပေမဲ့ သူတို့မှာ ချစ်ခင်စည်းလုံးတဲ့ မိသားစုရှိတဲ့အပြင် မိတ်ဆွေကောင်းတွေရှိကြတယ်။—သု. ၁၅:၁၇

မလိုအပ်ဘဲ အကြွေးမယူပါနဲ့။ “ကြွယ်ဝသောသူသည် ဆင်းရဲသောသူတို့အပေါ်တွင် အုပ်စိုးရ၏။ ချေးယူသောသူသည် ချေးပေးသောသူထံ၌ ကျွန်ခံရ၏” ဆိုတဲ့ ကျမ်းစကားက မှန်တယ် မဟုတ်လား။ (သု. ၂၂:၇သမ္မာ) မလွှဲသာလို့ အကြွေးယူရတဲ့ အခြေအနေတွေ ရှိနိုင်ပေမဲ့လည်း ကိုယ်လိုချင်ရာကို ဝယ်ယူဖို့အတွက်နဲ့ မလိုအပ်ဘဲ အကြွေးယူတဲ့သူတွေဟာ အကြွေးနွံထဲ နစ်သွားတတ်ကြတယ်။ အဲဒီအချက်က အကြွေးဝယ်ကတ် အသုံးပြုသူတွေအတွက် အထူးသဖြင့် မှန်ကန်တယ်။ တိုင်းမ်မဂ္ဂဇင်းမှာ ဒီလိုဖော်ပြထားတယ်– “ကျွန်တော်တို့မှာ အကြွေးဝယ်ကတ် ရှိလိုက်တာနဲ့ စိတ်ကူးပေါက်ရာ လျှောက်ဝယ်တတ်တဲ့အကျင့်ရှိသွားနိုင်တယ်။” ဖိလစ်ပိုင်နိုင်ငံသား အဲရစ်က ဒီလိုပြောပြတယ်– “ကျွန်တော် အကြွေးဝယ်ကတ် အသုံးပြုတဲ့အခါ ငွေသားနဲ့ဝယ်တာထက် ပိုပြီးဝယ်မိတယ်။ ငွေတောင်းခံလွှာရောက်လာလို့ ငွေချေတဲ့အခါ ကျွန်တော့်ဘတ်ဂျက် ထိခိုက်သွားတာကို သိလိုက်ရတယ်။” ဒီကိစ္စမှာ အလွန်သတိရှိမယ်ဆိုရင် ပညာရှိရာရောက်တယ်။—၄ ရာ. ၄:၁; မဿဲ ၁၈:၂၅

ဈေးမဝယ်ခင် ငွေအရင်စုပါ။ ဈေးမဝယ်ခင် ငွေကို အရင်စုထားတာက ခေတ်နောက်ကျတယ်လို့ ထင်စရာရှိပေမဲ့ တကယ်တော့ အဲဒါက ပညာအရှိဆုံး လမ်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ငွေကြေးပြဿနာ မရှိတော့ဘူး။ အကြွေးမတင်တော့ဘူး။ အတိုးကြီးကြီးနဲ့ ငွေပြန်ဆပ်လိုက်ရလို့ ကိုယ်ဝယ်တဲ့ပစ္စည်းတန်ဖိုးထက် များသွားတာမျိုးစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း မခံစားရတော့ဘူး။ ကျမ်းစာမှာ ပုရွက်ဆိတ်ကို “ပညာရှိ” အဖြစ် ပုံဖော်ထားတယ်။ ဘာကြောင့်လဲဆိုရင် ပုရွက်ဆိတ်ဟာ နောင်စားဖို့အတွက် “စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်” လို့ဖြစ်တယ်။—သု. ၆:၆-၈; ၃၀:၂၄၊ ၂၅

တခြားသူတွေရဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာယူပါ

ကျွန်ုပ်တို့ သုံးသပ်ခဲ့တဲ့ ကျမ်းစာမူအားလုံးက အလွန်ကောင်းပေမဲ့ လူတွေကို သူတို့ရဲ့ဝင်ငွေနဲ့အညီ နေထိုင်တတ်အောင် အထောက်အကူပြုပါသလား။ ကျမ်းစာအကြံပြုချက်တွေကို လိုက်လျှောက်ပြီး ငွေကြေးပြဿနာတွေကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သူတချို့ရဲ့ တွေ့ကြုံမှုတွေကို ဆန်းစစ်ကြည့်ရအောင်။

မကြာသေးခင်က ငွေကြေးအကျပ်အတည်းကြောင့် မိသားစုလိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ ပိုပြီးအခက်တွေ့ခဲ့ရတယ်လို့ သားသမီးလေးယောက်ဖခင် ဒီအိုစ်ဒါဒိုက ပြောပြတယ်။ ဘတ်ဂျက်ထားခြင်းရဲ့ တန်ဖိုးကို သူ အသိအမှတ်ပြုတယ်။ “ကျွန်တော့်ရဲ့ဝင်ငွေအားလုံးကို ဘတ်ဂျက်လုပ်ထားတယ်” လို့သူက ဆိုတယ်။ ဒါနီလိုလည်း အဲဒီလိုလုပ်ခဲ့တယ်။ သူတို့ဇနီးမောင်နှံဟာ စီးပွားပျက်သွားခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ သေသေချာချာ ဘတ်ဂျက်ဆွဲထားတဲ့အတွက် လိုအပ်ရာတွေကို ဝယ်နိုင်ခဲ့ကြတယ်။ “လစဉ် ငွေ ဘယ်လောက် ဝင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားတဲ့အပြင် ငွေ ဘယ်လောက် ထွက်သွားတယ်ဆိုတာကိုလည်း သိထားကြတယ်။ ဒါကိုအခြေခံပြီး ငွေဘယ်လောက် သုံးစွဲကြမလဲဆိုတာကို အသေးစိတ် ဆွေးနွေးသုံးသပ်တယ်” ဆိုပြီး ဒါနီလိုက ပြောပြတယ်။

လူတချို့ဟာ ဘတ်ဂျက်အတိုင်း သုံးစွဲနိုင်ဖို့အတွက် ကဏ္ဍတချို့မှာ ငွေအများကြီးမသုံးမိဖို့ လိုအပ်တယ်ဆိုတာကို သိမြင်လာကြတယ်။ ကလေးသုံးယောက်မိခင် မုဆိုးမဖြစ်သူ မာနာက ဒီလိုပြောပြတယ်– “အရင်တုန်းက ခရစ်ယာန်အစည်းအဝေးတွေကို ကလေးတွေနဲ့အတူ ဘတ်စကားနဲ့သွားခဲ့ပေမဲ့ အခုတော့ လမ်းလျှောက်ပြီး သွားကြတယ်။” မာနာဟာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ခြင်းရဲ့တန်ဖိုးကို ကလေးတွေသိလာအောင် ကူညီပေးဖို့ အားထုတ်ခဲ့တယ်။ “၁ တိမောသေ ၆:၈-၁၀ မှာပါတဲ့မူကို ကျင့်သုံးတဲ့နေရာမှာ စံနမူနာကောင်းပြဖို့ ကျွန်မကြိုးစားတယ်။ အဲဒီကျမ်းချက်မှာ ကိုယ့်မှာရှိတာလေးနဲ့ ကျေနပ်ရောင့်ရဲဖို့ အရေးကြီးတယ်ဆိုပြီး ဖော်ပြထားတယ်” လို့သူပြောပြတယ်။

ကလေးနှစ်ယောက်ဖခင်ဖြစ်သူ ဂျရယ်လ်လည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။ သူက ဒီလိုပြောတယ်– “ကျွန်တော်တို့ မိသားစုကျမ်းစာသင်အံမှု လုပ်နေချိန်အတွင်းမှာ ဘုရားသခင်နဲ့ရင်းနှီးမှုရှိဖို့ပဲ အဓိကအာရုံစိုက်ခဲ့တဲ့ ခရစ်ယာန်တွေရဲ့ တွေ့ကြုံမှုတွေကို ဆွေးနွေးကြတယ်။ ရရှိတဲ့ အကျိုးကျေးဇူးကတော့ အရမ်းအားရစရာကောင်းတယ်။ နောက်ပိုင်းမှာ ကလေးတွေက သိပ်အရေးမကြီးတဲ့ အရာတွေကို မတောင်းဆိုကြတော့ဘူး။”

တစ်ကိုယ်ရေနေထိုင်တဲ့ ဂျဲနက်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်း ကျမ်းစာသင်ပေးသူအဖြစ် အချိန်ပြည့် အမှုဆောင်နေပါတယ်။ မကြာသေးခင်က သူအလုပ်ပြုတ်သွားပေမဲ့ ရှိတာလေးနဲ့ ချွေတာပြီးနေခဲ့တယ်။ သူက ဒီလိုပြောပြတယ်– “ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပြီး ငွေကို သုံးသင့်တဲ့နေရာမှာပဲ သုံးတယ်။ စတိုးဆိုင်ကြီးတွေမှာ ဈေးဝယ်မယ့်အစား ဈေးနှုန်းချိုသာတဲ့ ဆိုင်တွေမှာပဲ ဝယ်တယ်။ ဈေးပေါပေါနဲ့ ရနိုင်တဲ့အရာတွေကို ဘာကြောင့် ဈေးကြီးပေးပြီး ဝယ်ရမှာလဲ။ ကြိုတင်မစဉ်းစားဘဲနဲ့ စိတ်ကူးပေါက်ရာ လျှောက်မဝယ်ဘူး။” ပစ္စည်းဝယ်ရင် ငွေအရင်စုထားတာက ပညာရှိရာရောက်တယ်ဆိုတာ ဂျဲနက် သိမြင်လာတယ်။ သူက ဒီလိုဆိုတယ်– “ကျွန်မမှာ ငွေပိုငွေလျှံ နည်းနည်းလေးပဲဖြစ်ဖြစ် ရှိနေရင်တောင် မသုံးပစ်ဘူး။ အဲဒီငွေတွေကို စုထားလိုက်တဲ့အခါ မျှော်လင့်မထားတဲ့ ကုန်ကျစရိတ်တွေအတွက် ပေးစရာရှိသွားတယ်။”

အကြွေးဝယ်ကတ်နဲ့ပတ်သက်ပြီး အထက်မှာဖော်ပြခဲ့တဲ့ အဲရစ်က ဒီလိုပြောတယ်– “အရေးပေါ်ကိစ္စကလွဲရင် အကြွေးဝယ်ကတ်ကို မသုံးဘူးဆိုပြီး ချုပ်တည်းထားလိုက်တယ်။” ဒီအိုစဒါဒိုက ဒီလိုဆိုတယ်– “ကျွန်တော်ကျတော့ အကြွေးဝယ်ကတ်ကို လွယ်လွယ်မသုံးမိအောင် ချုပ်တည်းတဲ့အနေနဲ့ ရုံးခန်းမှာပဲ ထားလိုက်တယ်။”

ကိုယ့်ဝင်ငွေအလိုက် နေထိုင်နိုင်

သမ္မာကျမ်းစာဟာ လူတွေကို ဘုရားသခင်နဲ့ရင်းနှီးမှုရှိအောင် အဓိက လမ်းညွှန်ပေးတဲ့အပြင် ရုပ်ပိုင်းအရလည်း လမ်းညွှန်ပေးတဲ့ စာအုပ်ဖြစ်တယ်ဆိုတာကို လူအများ သိမြင်လာနေကြပါပြီ။ (သု. ၂:၆ခမ; မဿဲ ၆:၂၅-၃၄) ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ ကျမ်းစာမူတွေကို လိုက်နာကျင့်သုံးပါ။ အဲဒီမူတွေကို လိုက်နာကျင့်သုံးလို့ အကျိုးကျေးဇူးတွေ ခံစားခဲ့ရသူတွေဆီကနေ သင်ယူပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကနေ့ သန်းနဲ့ချီတဲ့သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ သင်လည်း လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

[စာမျက်နှာ ၁၀ ပါအကျဉ်းဖော်ပြချက်]

‘ငွေဘယ်လောက် သုံးစွဲကြမလဲဆိုတာကို ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးသုံးသပ်တယ်’

[စာမျက်နှာ ၁၁ ပါအကျဉ်းဖော်ပြချက်]

‘ခရစ်ယာန် အစည်းအဝေးတွေကို ဘတ်စကားနဲ့ သွားခဲ့ပေမဲ့ အခုတော့ လမ်းလျှောက်ပြီး သွားကြတယ်’

[စာမျက်နှာ ၁၁ ပါအကျဉ်းဖော်ပြချက်]

‘စိတ်ကူးပေါက်ရာ လျှောက်မဝယ်ဘူး’