မြန်မာ
ဘဝကို တိုးတက်ကောင်းမွန်စေ—ငွေရေးကြေးရေး
https://cms-imgp.jw-cdn.org/img/p/102019087/univ/art/102019087_univ_sqr_xl.jpg
န၁၉ အမှတ် ၃ စာ. ၁၀-၁၁

ငွေရေးကြေးရေး

ငွေရေးကြေးရေး

ကျမ်းစာအခြေခံမူတွေကို ကျင့်သုံးတဲ့သူတွေဟာ ငွေကြေးပြဿနာ အဖြစ်နည်းကြတယ်။

ကောင်းမွန်စွာ စီစဉ်ပါ

ကျမ်းစာ အခြေခံမူ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

အဓိပ္ပာယ်။ စီစဉ်ထားတဲ့အတိုင်း သုံးစွဲခြင်းက အောင်မြင်မှု ရစေတယ်။ ဒါကြောင့် မသုံးခင် ကြိုတင်စီစဉ်ပါ။ လိုချင်သမျှ ဝယ်လို့ မရဘူးဆိုတာ သတိရပါ။ ဒါကြောင့် ငွေကို ပညာရှိရှိ သုံးစွဲပါ။

လုပ်ဆောင်နိုင်ရာ–

  • ဘတ်ဂျက်အတိုင်း သုံးစွဲပါ။ အသုံးစရိတ်အားလုံးကို အမျိုးအစား ခွဲပြီး ရေးမှတ်ပါ။ တစ်မျိုးစီအတွက် ငွေဘယ်လောက် သုံးမယ်ဆိုတာ ဆုံးဖြတ်ပါ။ တစ်မျိုးအတွက် ငွေပိုသုံးမိရင် နောက်တစ်မျိုးကနေ ယူသုံးပါ။ ဥပမာ၊ ကားဆီဖိုးအတွက် ပိုသုံးမိရင် အပြင်မှာ ဝယ်စားဖို့ ဖယ်ထားတဲ့စရိတ်ကနေ ယူသုံးပါ။

  • မလိုအပ်ဘဲ အကြွေးမတင်ပါစေနဲ့။ အတတ်နိုင်ဆုံး အကြွေးမယူမိအောင် နေပါ။ လိုအပ်တာတွေ ဝယ်ဖို့ ငွေစုပါ။ အကြွေးဝယ်ကတ် သုံးရင် အတိုးမပေးရအောင် လကုန်တာနဲ့ ဆပ်ပါ။ အကြွေးတင်မယ်ဆိုရင် ပြန်ဆပ်ဖို့ အစီအစဉ် ဆွဲပြီး လိုက်နာပါ။

    အကြွေးဝယ်ကတ် သုံးတဲ့သူတွေဟာ ငွေပိုသုံးလေ့ရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြတယ်။ ဒါကြောင့် အကြွေးဝယ်ကတ် ရှိမယ်ဆိုရင် ဂရုတစိုက် သုံးစွဲပါ။

အကျင့်ဆိုးတွေ သတိထားပါ

ကျမ်းစာ အခြေခံမူ။ “လူပျင်းက ဆောင်းရာသီမှာ လယ်မထွန်ဘူး။ ဒါကြောင့် ရိတ်သိမ်းချိန် ရောက်တဲ့အခါ ဘာမှမရှိတဲ့အတွက် တောင်းစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၀:၄

အဓိပ္ပာယ်။ ပျင်းရိခြင်းက ဆင်းရဲစေနိုင်တယ်။ ဒါကြောင့် ဝီရိယရှိပါ။ အနာဂတ်အတွက် အတတ်နိုင်ဆုံး စုဆောင်းပါ။

လုပ်ဆောင်နိုင်ရာ–

  • အလုပ်ကြိုးစားပါ။ အလုပ်ကြိုးစားမယ်၊ အားကိုးရသူ ဖြစ်မယ်ဆိုရင် အလုပ်မြဲမယ်။

  • ရိုးသားပါ။ အလုပ်ရှင်ဆီက မခိုးပါနဲ့။ မရိုးသားခြင်းက နာမည် ပျက်စေတယ်။ နောက်ပိုင်း အလုပ်ရှာတွေ့ဖို့ ခက်စေတယ်။

  • လောဘ မကြီးပါနဲ့။ မတော်လောဘရှိခြင်းက ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ တခြားသူတွေနဲ့ မိတ်ပျက်စေနိုင်တယ်။ ငွေထက် အသက်က အရေးကြီးတယ်ဆိုတာ သတိရပါ။

တခြား ကျမ်းစာ အခြေခံမူများ

ကျမ်းစာကို အွန်လိုင်းမှာ ဖတ်ပါ။ jw.org မှာ ဘာသာစကား ရာနဲ့ချီ ရနိုင်ပါတယ်။

အကျင့်ဆိုးတွေအတွက် အချိန်နဲ့ ငွေ မဖြုန်းနဲ့။

“အရက်သမားတွေ၊ စားကြူးသူတွေဟာ ဆင်းရဲသွားလိမ့်မယ်။ ငိုက်မျဉ်းနေသူတွေဟာ အဝတ်စုတ်ပဲ ဝတ်ရလိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၂၁

ငွေအတွက် အစိုးရိမ်မလွန်ပါနဲ့။

“အသက်ရှင်ရေးအတွက် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။”—မဿဲ ၆:၂၅

မနာလိုမဖြစ်နဲ့။

“မနာလိုတတ်သူက ချမ်းသာကြွယ်ဝဖို့ စိတ်ပြင်းပြတယ်။ ဆင်းရဲသွားမှာကိုတော့ သူ မသိဘူး။”—ပညာအလိမ္မာ ၂၈:၂၂