မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာအကြောင်း ဆုတောင်းရမလဲ

ဘာအကြောင်း ဆုတောင်းရမလဲ

ခရစ်ယာန်တွေ အထပ်ထပ်ရွတ်ဆိုလေ့ရှိတဲ့ ဆုတောင်းချက်တစ်ခု ရှိတယ်။ အဲဒါကတော့ သခင့်ဆုတောင်းချက် ဒါမှမဟုတ် ကျွန်ုပ်တို့အဖလို့ ခေါ်တဲ့ ယေရှုရဲ့ စံပြဆုတောင်းချက်ပါ။ ဒါပေမဲ့ အဲဒီဆုတောင်းချက်ရဲ့ အဓိပ္ပာယ်ကို လူအများစုက နားမလည်ကြဘူး။ လူသန်းပေါင်းများစွာ ဒီဆုတောင်းချက်ကို တစ်နေ့တစ်ခါ ဒါမှမဟုတ် တစ်နေ့တာအတွင်း မကြာခဏ အလွတ်ရွတ်ဆိုကြတယ်။ ဒါပေမဲ့ ယေရှုက အဲဒီလိုနည်းနဲ့ မရွတ်ဆိုခိုင်းခဲ့ဘူး။ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

အဲဒီဆုတောင်းချက်ကို ယေရှု မသင်ပေးခင် ‘ဆုတောင်းသည့်အခါ စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်’ လို့ဆိုခဲ့တယ်။ (မဿဲ ၆:၇) တကယ်လို့ ယေရှုက စံပြဆုတောင်းချက်ကို အထပ်ထပ် အလွတ်ရွတ်ဆိုဖို့အတွက် သင်ပေးခဲ့တယ်ဆိုရင် ရှေ့နောက်ညီပါ့မလား။ ညီမှာ မဟုတ်ဘူး။ အဲဒီအစား ဆုတောင်းတဲ့အခါ ဘာအကြောင်း ထည့်တောင်းရမယ်၊ ဘယ်အချက်တွေကို ဦးစားပေးတောင်းရမယ် ဆိုပြီး ယေရှု သင်ပေးနေတာဖြစ်တယ်။ ယေရှု ဘာတွေသင်ပေးခဲ့သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ စံပြဆုတောင်းချက်ကို မဿဲ ၆:၉-၁၃ မှာ ဖော်ပြထားပါတယ်။

‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမသည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။’

ယေရှုက သူ့ရဲ့နောက်လိုက်တွေကို ခမည်းတော် ယေဟောဝါဘုရားသခင်ထံ ဦးတည်ဆုတောင်းသင့်တယ်လို့ သတိပေးနေတာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်နာမက ဘာကြောင့် ဒီလောက်အရေးကြီးပြီး သန့်ရှင်းမြင့်မြတ်စေဖို့ လိုတာလဲဆိုတာကို သင်သိသလား။

လူ့သမိုင်းစကတည်းက ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ အမည်နာမဟာ ရှုတ်ချခံနေရတယ်။ ဘုရားသခင်ရဲ့ အဓိကရန်သူကြီး စာတန်က ယေဟောဝါဘုရားသခင်ကို လိမ်လည်သူ၊ ကိုယ်တော် ဖန်ဆင်းထားရာတွေအပေါ် အုပ်ချုပ်ခွင့်မရှိတဲ့ အတ္တသမားဆိုပြီး စွပ်စွဲခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆) လူအတော်များများကလည်း စာတန်ဘက် ရပ်တည်တဲ့အနေနဲ့ ဘုရားသခင်က သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်သူ၊ အငြိုးကြီးသူဖြစ်တယ်လို့ သွန်သင်ပေးပြီး ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် လက်မခံကြဘူး။ တချို့က ယေဟောဝါဆိုတဲ့ ဘုရားသခင့်အမည်နာမကို ဘာသာပြန်ကျမ်းတွေကနေ ထုတ်ပစ်ပြီး အသုံးမပြုဖို့ တားမြစ်ခြင်းအားဖြင့် မလေးမစားပြုကြတယ်။

ဘုရားသခင်က မတရားမှုမှန်သမျှကို တရားသဖြင့် စီရင်ပေးမယ်လို့ သမ္မာကျမ်းစာကဆိုတယ်။ (ယေဇကျေလ ၃၉:၇) အဲဒီလိုနည်းနဲ့ ကျွန်ုပ်တို့ လိုအပ်ရာကို ဖြည့်ဆည်းပေးမယ့်အပြင် ပြဿနာတွေကိုလည်း ကိုယ်တော် ဖြေရှင်းပေးပါလိမ့်မယ်။ ဘယ်လို လုပ်ပေးမှာလဲ။ ယေရှုရဲ့ စံပြဆုတောင်းချက်မှာပါတဲ့ နောက်ဆက်တွဲစကားတွေက အဖြေပေးပါမယ်။

‘ဘုရားသခင့်နိုင်ငံတော် လာပါစေ။’

ကနေ့ အမည်ခံခရစ်ယာန်အသင်းများစွာက ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်ပြီး အမျိုးမျိုး သွန်သင်ပေးနေကြတယ်။ ဘုရားသခင် ရွေးကောက်ထားတဲ့ ကယ်တင်ရှင် မေရှိယဟာ ဒီလောကကို ပြုပြင်ပြောင်းလဲပေးမယ့် ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်မယ်ဆိုပြီး နှစ်များစွာကတည်းက ဘုရားသခင့် ပရောဖက်တွေ ကြိုဟောခဲ့ကြတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ယေရှုရဲ့စကား နားထောင်တဲ့သူတွေ သိထားကြတယ်။ (ဟေရှာယ ၉:၆၊ ၇။ ဒံယေလ ၂:၄၄၊ ၄၅) ဘုရားသခင့်နိုင်ငံတော်က စာတန်ရဲ့ လိမ်လည်မှုတွေကို ဖော်ထုတ်ပြီး သူနဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေ အားလုံးကို ချေဖျက်ခြင်းအားဖြင့် ဘုရားသခင့်အမည်နာမကို သန့်ရှင်းမြင့်မြတ်စေမယ်။ စစ်မှု၊ ဖျားနာမှု၊ ငတ်မွတ်မှုအပြင် သေခြင်းကိုတောင် ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဆာလံ ၄၆:၉။ ၇၂:၁၂-၁၆။ ဟေရှာယ ၂၅:၈။ ၃၃:၂၄) ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ သင်ဆုတောင်းတဲ့အခါ အထက်မှာ ဖော်ပြထားတဲ့ ကတိတွေ ပြည့်စုံလာစေဖို့ သင်ဆုတောင်းနေတာ ဖြစ်ပါတယ်။.

“အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။”

ဘုရားသခင့်အလိုတော် ကောင်းကင်မှာ ပြည့်စုံသလို မြေကြီးပေါ်မှာလည်း ပြည့်စုံလာမယ်ဆိုတာ ယေရှုရဲ့ စကားတွေက ဖော်ပြတယ်။ ကောင်းကင်မှာ ဘုရားသခင့်အလိုတော် မပြည့်စုံအောင် တားဆီးလို့မရဘူးဆိုတာ သက်သေထူခဲ့ပါပြီ။ ဘယ်လို သက်သေထူခဲ့သလဲ။ ဘုရားသခင့်သားတော်က စာတန်နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို စစ်တိုက်ပြီး သူတို့ကို ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချလိုက်တယ်။ (ဗျာ. ၁၂:၉-၁၂) စံပြဆုတောင်းချက်ရဲ့ တတိယစာကြောင်းက ပထမစာကြောင်း နှစ်ကြောင်းလိုပဲ ကိုယ့်အလိုဆန္ဒကို မဟုတ်ဘဲ ဘုရားသခင့်အလိုတော်ကို အဓိက အာရုံစိုက်စေပါတယ်။ ဘုရားသခင့်အလိုတော်က ဖန်ဆင်းထားရာတွေအတွက် အမြဲတမ်း အကောင်းဆုံး ပြုလုပ်ပေးဖို့ ဖြစ်တယ်။ စုံလင်တဲ့ ယေရှုတောင်မှ ခမည်းတော်ကို ဒီလိုပြောခဲ့တယ်- “ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေ။”—လုကာ ၂၂:၄၂။.

“အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။”

ကျွန်ုပ်တို့ လိုအပ်ရာတွေအတွက် ဆုတောင်းနိုင်ပါသေးတယ်လို့ ယေရှု ဆက်ပြောခဲ့တယ်။ နေ့စဉ်အသက်တာအတွက် လိုအပ်ရာကို တောင်းလျှောက်တာ ဘာမှ မမှားဘူး။ အဲလိုလုပ်တာက ယေဟောဝါဘုရားသခင်ဟာ “လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူသော” အရှင်ဖြစ်တယ်ဆိုတာ သတိရစေပါတယ်။ (တမန်တော် ၁၇:၂၅) ဘုရားသခင်ဟာ သားသမီးတွေရဲ့ လိုအပ်ရာတွေကို ကြည်ကြည်ဖြူဖြူ ဖြည့်ဆည်းပေးတဲ့ မေတ္တာရှင် မိဘတစ်ဦးဖြစ်တယ်လို့ ကျမ်းစာကပြောတယ်။ ဒါပေမဲ့ ဘုရားသခင်က သနားကြင်နာတတ်တဲ့ မိဘတစ်ဦးလိုပဲ ကျွန်ုပ်တို့အတွက် အကျိုးမရှိတဲ့အရာတွေကို တောင်းဆိုမှာတော့ မဟုတ်ဘူး။

“ကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။”

ဘုရားသခင်ထံ ကျွန်ုပ်တို့ တကယ်ပဲ အပြစ်ကြွေးတင်နေသလား။ ကိုယ်တော်ရဲ့ ခွင့်လွှတ်မှု လိုကောလိုသလား။ ကနေ့ လူအများစုက အပြစ်ဆိုတာ ဘာကို ပြောတာလဲဆိုပြီး သဘောမပေါက်ကြတဲ့အပြင် အပြစ်ကို ပေါ့ပေါ့တန်တန်ပဲ သဘောထားကြတော့တယ်။ အပြစ်ဆိုတာ အဆိုးဆုံးပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တယ်၊ ဒီအပြစ်ကြောင့်ပဲ လူသားတွေ သေဆုံးရတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ လူသားတွေဟာ မွေးကတည်းက အပြစ်ပါလာတဲ့အတွက် မကြာခဏ အပြစ်ပြုမိကြတယ်။ ဒါကြောင့် လူသားတွေရဲ့ တစ်ခုတည်းသော အနာဂတ်မျှော်လင့်ချက်က ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုအပေါ် မူတည်တယ်။ (ရောမ ၃:၂၃။ ၅:၁၂။ ၆:၂၃) ‘အို ထာဝရဘုရားသခင် ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံပါ၏’ လို့ကျမ်းစာမှာ ပြောထားတဲ့အတွက် စိတ်သက်သာရာရပါတယ်။—ဆာလံ ၈၆:၅သမ္မာ။

“ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ။”

ဘုရားသခင်ရဲ့ ကာကွယ်မှုကို သင် အရေးတကြီး လိုအပ်နေတယ်ဆိုတာ သဘောပေါက်ပါသလား။ “ဆိုးညစ်သူ” ဒါမှမဟုတ် နတ်ဆိုးမင်း စာတန် ရှိတယ်ဆိုတာ လူအများက မယုံကြဘူး။ ဒါပေမဲ့ စာတန် တကယ်ရှိတယ်ဆိုပြီး ယေရှုပြောခဲ့တဲ့အပြင် သူ့ကို “ဤလောကကို အစိုးရသောမင်း” လို့တောင် ခေါ်ခဲ့သေးတယ်။ (ယောဟန် ၁၂:၃၁။ ၁၆:၁၁) စာတန်ဟာ သူချုပ်ကိုင်ထားတဲ့ ဒီလောကကို ဖောက်ပြန်ယိုယွင်းစေခဲ့တယ်။ သည့်အပြင် သင့်ကိုလည်း ဖောက်ပြန်ပျက်စီးသွားအောင်၊ ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပြတ်သွားအောင် လုပ်ဖို့ ဆန္ဒပြင်းပြနေတယ်။ (၁ ပေတရု ၅:၈) ဒါပေမဲ့ ယေဟောဝါဘုရားသခင်က စာတန်ထက် ပိုပြီး တန်ခိုးကြီးတဲ့အတွက် ကိုယ်တော့်ကို ချစ်မြတ်နိုးတဲ့သူတွေကို ကာကွယ်ပေးချင်တယ်။

အခုဆွေးနွေးခဲ့တဲ့ ယေရှုရဲ့ စံပြဆုတောင်းချက်ထဲက အဓိကအချက်တွေကိုပဲ ကျွန်ုပ်တို့ ဆုတောင်းရမှာလား။ မဟုတ်ပါဘူး။ ကျမ်းစာက ဘုရားသခင်နဲ့ ပတ်သက်ပြီး ဒီလိုပြောထားတာကို သတိရပါ– ‘အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူ၏။’ (၁ ယောဟန် ၅:၁၄) ဒါကြောင့် ဘုရားသခင်ထံ ဆုတောင်းရလောက်အောင် သင့်ရဲ့ ပြဿနာတွေက အရေးမပါဘူးဆိုပြီး မထင်လိုက်ပါနဲ့။—၁ ပေတရု ၅:၇

ဒါဆိုရင် ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ဆုတောင်းရမလဲ။