မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာသည် ဘ၀အသက်တာများကို ပြောင်းလဲစေ

သမ္မာကျမ်းစာသည် ဘ၀အသက်တာများကို ပြောင်းလဲစေ

သမ္မာကျမ်းစာသည် ဘ၀အသက်တာများကို ပြောင်းလဲစေ

ယခင်က လမ်းသရဲတစ်ဦးဖြစ်ကာ ဆေးခြောက်စွဲခဲ့သူသည် ၎င်း၏အကျင့်ဆိုးများကို ဖြတ်နိုင်ရန် အဘယ်အရာများ ပြုလုပ်ခဲ့ရသနည်း။ အပြင်းစားရော့ခ်ဂီတသမားတစ်ဦးသည် အဘယ်ကြောင့် သူ၏ဆံပင်ရှည်များကို ညှပ်ပစ်ပြီး သူစွဲလမ်းခဲ့သော ဂီတပညာကို စွန့်လွှတ်ခဲ့သနည်း။ ဘာသာရေးနှင့် အစိုးရအုပ်ချုပ်မှုကို ငြင်းပယ်ခဲ့သူတစ်ဦးသည် နောက်ပိုင်းတွင် ဘာသာရေးလိုက်စားသူတစ်ဦး မည်သို့ဖြစ်လာခဲ့သနည်း။ သူတို့ပြောပြသည့်စကားများကို သုံးသပ်ကြည့်ပါ။

“ဆေးခြောက်စွဲတာကို ကျွန်တော် ဖြတ်နိုင်ခဲ့တယ်”—ပီတာ ကူဆန်ဂါ

အသက်- ၃၂

နိုင်ငံ- နမီးဘီးယား

နောက်ခံ- လမ်းသရဲနှင့် ဆေးခြောက်စွဲခဲ့သူ

အတိတ်– ကျွန်တော်က ရွန်ဒူမြို့ရဲ့ ရပ်ကွက်ကြီး လေးခုထဲက  တစ်ခုဖြစ်တဲ့  ကီဟီမူရပ်ကွက်မှာ ကြီးပြင်းလာခဲ့တယ်။ ဒေသခံလူတွေက နှံစားပြောင်း၊ သစ်နဲ့ မီးသွေးတွေကို ရောင်းပြီး အသက်မွေးကြပါတယ်။

အမေဆုံးတဲ့အချိန်မှာ ကျွန်တော့်အသက်က နှစ်နှစ်ပဲရှိသေးတာ။ ဒါနဲ့ အဖွားရဲ့လက်ထဲမှာ ကျွန်တော် ကြီးပြင်းလာပြီး ရိုးရှင်းတဲ့ဘ၀နဲ့ နေထိုင်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ပင်ကိုဗီဇက ဂျစ်ကန်ကန်မဟုတ်ပါဘူး။ ဒါပေမဲ့ ရွယ်တူသူငယ်ချင်းတွေရဲ့ ဖိအားပေးမှုကြောင့် ကျွန်တော်ပျက်စီးခဲ့တယ်။ ကျောင်းသားဘ၀မှာပဲ လမ်းသရဲတစ်ယောက်ဖြစ်လာတယ်။ လမ်းပေါ်က ရန်ပွဲတွေမှာပါတယ်၊ သူများကို အနိုင်ကျင့်တယ်၊ ခိုးတယ်။ စိန်တွေကို မှောင်ခိုရောင်းဝယ်တယ်။ အရက်နဲ့မူးယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲတယ်။ ဖောက်ထွင်းမှုနဲ့ လိမ်လည်မှုကြောင့် ထောင်နှစ်ခါကျဖူးတယ်။

ဆယ်တန်းရောက်တော့ ကျောင်းထွက်ပြီး အိမ်နဲ့ဝေးရာ၊ လမ်းသရဲတွေနဲ့ ဝေးရာကို ထွက်သွားမိတယ်။ ဘ၀ကို တစ်ကနေပြန်စချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဆေးခြောက်စွဲနေတုန်း။ တစ်ခါတလေ ဆေးခြောက်တစ်လိပ်ရဖို့အရေး မိုင်နဲ့ချီပြီး လမ်းလျှောက်ခဲ့ရတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့ပုံ– ၁၉၉၉ ခုနှစ်အစောပိုင်းလောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် စတွေ့ခဲ့တယ်။ ကျမ်းစာအခြေပြုစာပေတွေကို လမ်းပေါ်မှာ သူတို့ ဝေငှနေကြတာ။ သူတို့က ကျွန်တော့်ကို လေးလေးစားစားနဲ့ သိက္ခာရှိရှိ ဆက်ဆံတော့ ကျွန်တော် တော်တော်လေး သဘောကျသွားတယ်။ သူတို့ရဲ့စာပေတွေမှာပါတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်တဲ့အခါ စစ်မှန်တဲ့ဘာသာကို တွေ့ပြီဆိုတာ ကျွန်တော် တန်းခနဲ သိလိုက်တယ်။ ဒါနဲ့ ကျမ်းစာကို ဝီရိယရှိရှိ ကျွန်တော် စလေ့လာခဲ့တယ်။ ယေဟောဝါဘုရားသခင်ရဲ့ နှစ်သက်မှုကိုရချင်ရင် ကျွန်တော့်ဘ၀ပုံစံကို ပြောင်းလဲရမယ်ဆိုတာ သိပ်မကြာခင်မှာ ကျွန်တော် သဘောပေါက်လာတယ်။

ဆေးလိပ်ဖြတ်မယ့်နေ့ကို ကျွန်တော် သတ်မှတ်လိုက်တယ်။ ဆေးလိပ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေအားလုံးကို လွှင့်ပစ်လိုက်တယ်။ ကျွန်တော့်ကို ဆေးလိပ်လာမပေးဖို့၊ ကျွန်တော့်နားမှာ ဆေးလိပ်လာမသောက်ဖို့ သူငယ်ချင်းတွေကို မှာထားတယ်။ တကယ်တမ်းတော့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဆေးလိပ်နဲ့ဆေးခြောက် အငမ်းမရသောက်ချင်စိတ်ကို မထိန်းနိုင်ဘဲ နှစ်ကြိမ်တိတိ ပြန်သုံးမိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ဓာတ်မကျပါဘူး။ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်” ဆိုတဲ့ ကျမ်းစာမူကို ကျွန်တော် သေချာမှတ်ထားတယ်။ (သု. ၂၄:၁၆) ဒီလိုနဲ့ ဆေးခြောက်စွဲတာကို ကျွန်တော် တဖြည်းဖြည်း ဖြတ်နိုင်ခဲ့တယ်။

ယေဟောဝါဘုရားသခင်အကြောင်း ပိုသိလာလေ၊ ကိုယ်တော့်ကို ကျွန်တော့်ရဲ့အကောင်းဆုံးမိတ်ဆွေ ဖြစ်လာစေချင်လေပါပဲ။ ကျွန်တော်အကြိုက်ဆုံးကျမ်းတစ်ချက်ကတော့ ဆာလံ ၂၇:၁၀ ပါ။ ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာ၀ရဘုရားသခင်သည် အကျွန်ုပ်ကို ချီယူတော်မူမည်’ လို့ဆိုထားတယ်။ ဒီကျမ်းချက်က ကျွန်တော့်အတွက် သွေးထွက်အောင်မှန်တယ်ဆိုတာ ကျမ်းစာကို လေးလေးနက်နက်လေ့လာလို့ သိလာတယ်။ ယေဟောဝါဘုရားသခင်က တကယ်ဂရုစိုက်တဲ့ဖခင်ဖြစ်တယ်လို့ ကျွန်တော် ခံစားရတယ်။

ယေဟောဝါသက်သေတွေနဲ့ ကျွန်တော် အမြဲပေါင်းသင်းတယ်။ မိတ်ဆွေစစ်တွေမှာရှိတတ်တဲ့ မေတ္တာစစ်ကို သူတို့ဆီမှာ ကျွန်တော် တွေ့ရတယ်။ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး။

အကျိုးကျေးဇူးရခဲ့ပုံ- ယေဟောဝါဘုရားသခင်နဲ့ သက်သေခံချင်းတွေရဲ့အကူအညီကြောင့် ကျွန်တော့်ရဲ့ ဝတ်စားဖြီးလိမ်းပုံ၊ ပြောဆိုကျင့်ကြံပုံတွေကို ပြောင်းလဲနိုင်ခဲ့တယ်။ နောက်ကြောင်းကို ပြန်ကြည့်တဲ့အခါ ကျွန်တော့်ဘ၀က ရုပ်ဆိုးလွန်းတဲ့ ခူကောင်ဘ၀ကနေ သိပ်လှတဲ့လိပ်ပြာဘ၀ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ ဆွေမျိုးတွေက ကျွန်တော် ဒီလိုပြောင်းလဲလာတဲ့အတွက် ဝမ်းသာကြတယ်။ ခုဆို ကျွန်တော့်ကို သူတို့ ယုံကြည်စိတ်ချနိုင်ပြီလေ။ ကျွန်တော် အခု အိမ်ထောင်ကျနေပြီ။ မိသားစုအတွက် ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။

“ဘ၀ရည်ရွယ်ချက်အမှန်ကို ရှာတွေ့ခဲ့”—မားကို့စ် ပေါလို ဒီ စောစာ

အသက်– ၂၉

နိုင်ငံ– ဘရာဇီး

နောက်ခံ– အပြင်းစားရော့ခ်ဂီတသမား

အတိတ်– ကျွန်တော့်မိသားစုက ဆောပိုလိုမြို့၊ ဇာဂွါရီအူနာမြို့နယ်မှာနေတယ်။ မိဘတွေက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်တွေပါ။ ကျွန်တော်ငယ်ငယ်တုန်းက ခရစ်ယာန်ဘုန်းတော်ကြီးကို ဝိုင်းကူလုပ်ပေးရတဲ့သူဖြစ်တယ်။ ဒါကြောင့် မူလတန်းကျောင်းသားဘ၀မှာ အတန်းဖော်သူငယ်ချင်းတွေက ကျွန်တော့်ကို “ခရစ်ယာန်ဘုန်းတော်ကြီး” ဆိုပြီး စကြတယ်။ အသက် ၁၅ နှစ်အရွယ်ရောက်တော့ အပြင်းစားရော့ခ်သီချင်းတွေကို ကြိုက်တတ်လာတယ်။ ရော့ခ်အဆိုတော်တွေနဲ့ စပေါင်းခဲ့တယ်။ ဆံပင်ကိုလည်း အရှည်ထားတယ်။ ၁၉၉၆ ခုနှစ်မှာ အဖေက ကျွန်တော်အတွက် ဒရမ်အစုံလိုက် ဝယ်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ်မှာ အပြင်းစားရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ထဲ ဝင်လိုက်တယ်။ ကျွန်တော်တို့ တီးခတ်တဲ့သီချင်းတွေက ညစ်ညမ်းပြီး စာတန်နဲ့ပတ်သက်နေတယ်။ အကြမ်းဖက်တာကို အသားပေးတယ်။ ရော့ခ်ဂီတက ကျွန်တော့်ရဲ့ အတွေးအခေါ်၊ အကျင့်အကြံနဲ့ သဘောထားတွေကို လွှမ်းမိုးလာပြီး အပျက်သဘောထားတွေ၊ ရန်လိုတဲ့စိတ်တွေ များသည်ထက်များလာတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့ပုံ- ယေဟောဝါသက်သေတွေနဲ့ ဦးဆုံးတွေ့ခဲ့တာက ၁၉၉၉ ခုနှစ်မှာပါ။ ကျမ်းစာလေ့လာဖို့ သူတို့ ကမ်းလှမ်းတဲ့အခါ ကျွန်တော် သိပ်စိတ်မဝင်စားပေမဲ့ လက်ခံလိုက်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို လေ့လာကြည့်တဲ့အခါ ဘ၀အပေါ် ကျွန်တော့်ရဲ့ အမြင်တွေက ပြောင်းသွားတယ်။

“ဆံရှည်ကိုယ်တော်၊” “ရော့ခ်အဆိုကျော်၊” “ဒရမ်သမား” ဆိုပြီး ကျွန်တော့်ကို လူတွေခေါ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်လိုက်စားနေတဲ့ ဂီတကြောင့် တစ်ကိုယ်ကောင်းဆန်ပြီး အပြိုင်အဆိုင်စိတ်တွေ သိပ်များလာတာကို သတိထားမိတယ်။ ဒီထက်ပိုပြီးနာမည်ကြီးချင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော် အထင်ကြီးလေးစားတဲ့ အဆိုကျော်တွေရဲ့ဘ၀မှာ စစ်မှန်တဲ့ရည်ရွယ်ချက်မရှိတာကိုလည်း သိလာတယ်။ ယေဟောဝါဘုရားသခင်ရဲ့နှစ်သက်မှုကိုရဖို့ ရော့ခ်ဂီတ၊ အကျင့်ပျက်တဲ့ဘ၀ပုံစံကို စွန့်ရမယ်ဆိုတာ တဖြည်းဖြည်းနားလည်လာတယ်။

ရော့ခ်ဂီတနဲ့ ဆံပင်ရှည်တွေကို ကျွန်တော် သိပ်မြတ်နိုးတာ။ ဒါတွေမရှိဘဲ ကျွန်တော့်ဘ၀ ဆက်ရပ်တည်နိုင်ပါ့မလားလို့ တွေးမိတယ်။ ကျွန်တော်က ဒေါသလည်းသိပ်ကြီးတော့ ဒေါသထိန်းနိုင်ဖို့ ကြိုးစားရဦးမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါဘုရားသခင်ကို ပိုချစ်လာတယ်။ ဘုရားသခင်ရဲ့ မေတ္တာ၊ စိတ်ရှည်မှုနဲ့ ကရုဏာအကြောင်းသိလာတဲ့အခါ ကိုယ်တော့်ကို ပိုမြတ်နိုးလာတယ်။ ကျွန်တော့်ဘ၀ကို ပြောင်းလဲနိုင်ဖို့ကူညီပေးပါဆိုပြီး ဆုတောင်းခဲ့တယ်။ တကယ်လည်း ဘုရားသခင်က ကျွန်တော့်ကို ကူညီခဲ့တယ်။ “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏” လို့ဆိုတဲ့ကျမ်းစကားက ကျွန်တော့်အတွက် တကယ်မှန်တယ်ဆိုတာ ကောင်းကောင်းနားလည်ပါပြီ။—ဟေဗြဲ ၄:၁၂

ယေဟောဝါသက်သေတွေနဲ့ စပေါင်းတဲ့အခါ သူတို့က တခြားသူတွေနဲ့မတူဘူးဆိုတာ ကျွန်တော် သိလိုက်တယ်။ မေတ္တာစစ်ကို လက်တွေ့ပြနေတဲ့သူတွေနဲ့ ဘ၀မှာ ပထဆုံးအကြိမ်အဖြစ် ကြုံခဲ့ရတာပဲ။ ဒီလိုမေတ္တာမျိုးကို သက်သေခံတွေရဲ့စည်းဝေးကြီးတွေမှာ တွေ့ရတယ်။ တခြားသူတွေ သက်သောင့်သက်သာရှိဖို့နဲ့ အဆင်ပြေဖို့ စိတ်ရောကိုယ်ပါလုပ်ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကိုတွေ့ရတဲ့အခါ ကျွန်တော် မလေးစားဘဲ မနေနိုင်ခဲ့ဘူး။

အကျိုးကျေးဇူးရခဲ့ပုံ- ယေဟောဝါဘုရားသခင်ရဲ့ကူညီမစမှုကြောင့် အခုဆို ကျွန်တော့်ဒေါသကို ထိန်းနိုင်ပြီ။ တစ်ကိုယ်ကောင်းဆန်လွန်းတာ၊ မာနကြီးတာတွေ မရှိတော့ပါဘူး။

အရင်ဘ၀ပုံစံကို ပြန်တမ်းတမိခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ အခုတော့ မတမ်းတတော့ပါဘူး။ အခု စစ်မှန်တဲ့ဘ၀အဓိပ္ပာယ်ကို ရှာတွေ့ပြီပဲ။ တခြားသူတွေနဲ့ သူတို့ရဲ့အကျိုးကို စိတ်ဝင်စားတတ်လာလို့ ကျွန်တော် ဝမ်းသာမိတယ်။

“တခြားသူတွေကို ဂရုစိုက်ရတာ ကျေနပ်စရာကောင်း လိုက်တာ။”—ဂျက်ဖရီ နိုဘယ်လ်

အသက်– ၅၉

နိုင်ငံ– အမေရိကန်

နောက်ခံ– ဘာသာရေးနှင့် အာဏာပိုင်များကို လက်မခံခဲ့သူ

အတိတ်– မက်ဆာချူးဆက်ပြည်နယ်၊ အစ်ဆွိခ်ျမြို့မှာ ကျွန်တော့်ကို မွေးတယ်။ ကြီးလာတော့ ဗားမောက်ပြည်နယ်က ခေါင်တဲ့နေရာမှာနေဖို့ ထွက်သွားလိုက်တယ်။ ကျွန်တော့်ကောင်မလေးနဲ့ကျွန်တော်က မြောက်အမေရိကရဲ့ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံစံအတိုင်း မနေကြဘူး။ ကျွန်တော်တို့မှာ လျှပ်စစ်မီးမရှိတော့ အိမ်ထဲမှာ အနွေးဓာတ်ရဖို့နဲ့ ချက်ပြုတ်ဖို့ တောကနေရလာတဲ့ ထင်းကိုသုံးတယ်။ ပြီးတော့ တွင်းအိမ်သာပဲ ကျွန်တော်တို့ သုံးတယ်။ တစ်နှစ်လုံးနီးပါး ရေပေးစနစ်မရှိဘူး။ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ လက်မခံဘူးဆိုတာကို လူတွေသိအောင် နေပြတယ်။ ခြောက်လကြာတဲ့အထိ ဆံပင်မဖြီးဘဲနေခဲ့တာကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခဲ့ဖူးတယ်။

အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဒါက အာဏာပိုင်တွေအပေါ် ကျွန်တော့်ရဲ့သဘောထားကို ပြောင်းလဲစေခဲ့တယ်။ အစိုးရနဲ့ဘာသာရေးရဲ့ ​ဟန်ဆောင်အရေခြုံမှုတွေကိုလည်း တွေ့လာတယ်။ ဘယ်အဖွဲ့အစည်းကိုမှ ယုံကြည်စိတ်ချလို့မရနိုင်တာမို့ ဘယ်အရာက မှန်တယ်၊ မှားတယ်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ရမယ်လို့ ယူဆခဲ့တယ်။ ဒါကြောင့် လိုချင်တာရဖို့ ခိုးတာက မမှားဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့ပုံ– ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်က ကျမ်းစာကို စဖတ်တယ်။ ဒါပေမဲ့ ဘာမှနားမလည်ခဲ့ဘူး။ မူးယစ်ဆေးတွေကို ဖြတ်ဖို့ကြိုးစားပေမဲ့ ကျွန်တော် သုံးနေတုန်းပဲ။ ကျွန်တော့်ကောင်မလေးက တရားဝင်လက်ထပ်ပြီး ကလေးလိုချင်နေတယ်။ အဲဒီအချိန်မှာ ယေဟောဝါသက်သေတစ်ယောက် အိမ်ကိုရောက်လာပြီး ကျွန်တော်တို့ကို ကျမ်းစာအကြောင်း သင်ပေးတယ်။

ကျွန်တော့်ရဲ့အကျင့်ဆိုးတွေကို သိပ်မကြာခင်မှာ စွန့်နိုင်ခဲ့တယ်။ ဒါပေမဲ့ အာဏာပိုင်တွေအပေါ်ထားတဲ့ ကျွန်တော့်သဘောထားကို ပြုပြင်ဖို့ တော်တော်ခက်တယ်။ ဘယ်အရာကိုမှ လွယ်လွယ်နဲ့လက်မခံတတ်တဲ့အပြင် ချုပ်ချယ်တာကို မကြိုက်ဘူး။ ထင်တိုင်းကြဲတဲ့စရိုက်မျိုးနဲ့ ကြီးပြင်းလာခဲ့တော့ တစ်ယောက်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေထိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် သိပ်ခက်တယ်။

ဖန်ဆင်းရှင်တစ်ပါး ရှိတယ်ဆိုတာကို ကျွန်တော် အမြဲယုံကြည်ပေမဲ့ ကိုယ်တော့်အကြောင်း ရေရေရာရာသိတာဆိုလို့ ဘာမှမရှိဘူး။ ဒါပေမဲ့ ကျမ်းစာကိုလေ့လာတဲ့အခါ ကိုယ်တော့်ရဲ့အရည်အသွေးတွေကို သေချာသိလာတယ်။ ကျွန်တော့်ဆီက လိုချင်တဲ့အရာကို ကိုယ်တော်က အတိအကျ တောင်းဆိုတယ်ဆိုတာ ကျွန်တော် နားလည်လာတယ်။ ကိုယ်တော့်ရဲ့တောင်းဆိုချက်တွေက တိကျပြတ်သားတယ်။ ကမ္ဘာမြေကို သာယာလှပပြီး ငြိမ်းချမ်းတဲ့နေရာဖြစ်စေဖို့ ကိုယ်တော့်မှာ တိကျတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုလည်း ကျွန်တော်သိလာတယ်။ (၂ ပေတရု ၃:၁၃) ကိုယ်တော့်ကို ကိုးကွယ်တဲ့သူတစ်ယောက်ဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲတဲ့အခါ ဒီအမှန်တရားက တွန်းအားဖြစ်စေတယ်။

အထူးသဖြင့် ယေဟောဝါသက်သေတွေက စစ်ထဲမပါတာကို ကျွန်တော် အရမ်းသဘောကျတယ်။ သူတို့လို ကျမ်းစာစည်းမျဉ်းကို လိုက်နာတဲ့ ဘယ်ဘာသာရေးအဖွဲ့ကိုမှ ကျွန်တော် မတွေ့ဖူးဘူး။

ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ချင်ရင် ကိုယ့်ရဲ့အသွင်အပြင်တွေကို သပ်ရပ်သန့်ရှင်းအောင်လုပ်ရမယ်ဆိုတာ သိလာတယ်။ အစပိုင်းမှာ ယေဟောဝါသက်သေတွေ ဝတ်စားသလို ဝတ်စားဆင်ယင်ရတာ တော်တော်နေရခက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေမှာရော၊ ကျွန်တော့်မှာရော သပ်ရပ်သန့်ရှင်းတဲ့ဝတ်စုံတွေ၊ ရှပ်အင်္ကျီတွေ၊ ရှူးဖိနပ်တွေ မရှိဘူး။ လည်စည်းလေးတစ်ခုတောင် မရှိဘူး။ ဒါပေမဲ့ ဆံပင်ရှည်ကို ညှပ်ပစ်ပြီး ကျွန်တော့်ပုံစံကို သပ်ရပ်သွားအောင် လုပ်လိုက်တယ်။ ပထမဆုံးအကြိမ် တစ်အိမ်တက်ဆင်း ဟောပြောတဲ့နေ့ကို ခုထိမမေ့နိုင်ဘူး။ ကိုယ့်ရဲ့အသွင်အပြင်အသစ်ကို မှန်ထဲမှာ ကိုယ့်ဟာကိုယ် မြင်ရတဲ့အခါ ‘ငါဘာတွေလုပ်မိပါလိမ့်’ ဆိုပြီး တွေးမိသေးတယ်။ နောက်တော့ အသွင်အပြင်အသစ်နဲ့ တဖြည်းဖြည်း နေသားကျသွားတယ်။

အကျိုးကျေးဇူးရခဲ့ပုံ- ကျွန်တော့်ကောင်မလေးကို တရားဝင်လက်ထပ်လိုက်ပြီးနောက်လည်း သာယာတဲ့အိမ်ထောင် ဖြစ်နေတုန်းပဲ။ ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော့်ကို ကိုးကွယ်တဲ့ ကလေးသုံးယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ ကျွန်တော့်ဘ၀ကို ပြုပြင်ပြောင်းလဲစေခဲ့တဲ့ ကျမ်းစာအမှန်တရားအကြောင်း လူတွေသိလာအောင် ကူညီပေးခွင့်ရတာ ကျွန်တော် ဝမ်းသာတယ်။

တခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်မောက်ခဲ့ဖူးတယ်။ အခုတော့ တခြားသူတွေကို ဂရုစိုက်ပြီး ကိုယ်တိုင်လည်း ဂရုစိုက်ခံရတဲ့အတွက် ကျွန်တော်ပျော်နေပါပြီ။

“တခြားသူတွေကို ဂရုစိုက်ရတာ ကျေနပ်စရာကောင်း လိုက်တာ။”

[စာမျက်နှာ ၂၆ ပါပုံစာ]

“ဆေးခြောက်တစ်လိပ်ရဖို့အရေး မိုင်နဲ့ချီပြီး လမ်းလျှောက်ခဲ့ရတယ်”

[စာမျက်နှာ ၂၈ ပါပုံစာ]

“သမ္မာကျမ်းစာကို လေ့လာကြည့်တဲ့အခါ ဘ၀အပေါ် ကျွန်တော့်ရဲ့ အမြင်တွေက ပြောင်းသွားတယ်”

[စာမျက်နှာ ၂၉ ပါပုံစာ]

“ယေဟောဝါသက်သေတွေ ဝတ်စားသလို ဝတ်စားဆင်ယင်ရတာ တော်တော်နေရခက်တယ်”