မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်”

“ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်”

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

“ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်”

တမန်တော် ၁၇:၂၄-၂၇

အပြောကျယ်လှသော စကြဝဠာနှင့်နှိုင်းယှဉ်လျှင် လူသားတို့သည် အလွန်ပင် သေးနုပ်လှ၏။ ထို့ကြောင့် ‘လူတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး အမှန်ရှိနိုင်ပါမည်လော’ ဟုသင်သိလိုပေမည်။ ယေဟောဝါဟူ၍နာမရှိသော ဘုရားသခင်သာ ကျွန်ုပ်တို့အား ကိုယ်တော့်ထံချဉ်းကပ်စေလိုလျှင် ထိုသို့ဖြစ်နိုင်ပါသည်။ ကိုယ်တော် ထိုသို့အလိုရှိပါသလော။ တမန်တော် ၁၇:၂၄-၂၇ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း အေသင်မြို့ရှိပညာတတ်များအား တမန်တော်ပေါလုပြောဆိုသောစကားများတွင် အားရှိဖွယ်အဖြေကို တွေ့ ရှိနိုင်ပါသည်။ ယေဟောဝါနှင့်ပတ်သက်၍ ပေါလုဖော်ပြသော အချက်လေးချက်ကို သတိပြုပါ။

ဦးစွာ၊ ဘုရားသခင်သည် “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ” သည်ဟု ပေါလုပြောခဲ့သည်။ (အခန်းငယ် ၂၄) ဘဝကိုပျော်မွေ့စေနိုင်သော အလှတရားနှင့်အခြားအရာမျိုးစုံတို့က ဖန်ဆင်းရှင်၏ ထောက်ထားစာနာမှုနှင့်မေတ္တာကို သက်သေထူနေသည်။ (ရောမ ၁:၂၀) ထိုသို့သောဘုရားသခင်သည် မိမိချစ်မြတ်နိုးသောဖန်ဆင်းရာများနှင့် လက်လှမ်းမမီနိုင်လောက်အောင် အလှမ်းကွာဝေးစွာနေမည်ဟုယူဆပါက မိုက်မဲရာကျပေမည်။

ဒုတိယ၊ ယေဟောဝါသည် “ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်” ဖြစ်တော်မူသည်။ (အခန်းငယ် ၂၅) ယေဟောဝါသည် အသက်ကိုထောက်မပေးရှင်ဖြစ်တော်မူ၏။ (ဆာလံ ၃၆:၉) အသက်ဆက်နိုင်ရန် မရှိမဖြစ်လိုအပ်သော လေ၊ ရေ၊ အစားအစာများသည် ဖန်ဆင်းရှင်ထံမှ လက်ဆောင်မွန်များဖြစ်၏။ (ယာကုပ် ၁:၁၇) ရက်ရောလှသောဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အလှမ်းကွာဝေးစွာနေခြင်းဖြင့် ကိုယ်တော်အားသိကျွမ်းခွင့်နှင့် ကိုယ်တော်ထံချဉ်းကပ်ခွင့်ကို မပေးဘဲနေမည်ဟု ယူဆခြင်းသည် ယုတ္တိရှိပါမည်လော။

တတိယ၊ ဘုရားသခင်သည် “မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် [“လူတစ်ဦးတည်းမှ၊” ကဘ] ဖန်ဆင်းတော်မူ” သည်။ (အခန်းငယ် ၂၆) ယေဟောဝါသည် မျက်နှာမလိုက်တတ်သောဘုရားသခင်ဖြစ်ပြီး ဘက်လိုက်မှုမှန်သမျှနှင့် လုံးဝကင်းစင်သည်။ (တမန်တော် ၁၀:၃၄) ကိုယ်တော်သည် ဘက်လိုက်တတ်သောဘုရားသခင် မည်သို့ဖြစ်နိုင်မည်နည်း။ ကိုယ်တော်သည် “လူတစ်ဦးတည်း” ဖြစ်သော အာဒံကိုဖန်ဆင်းပြီး ထိုသူမှ လူမျိုးနှင့်မျိုးနွယ်အပေါင်း ဆင်းသက်လာသည်။ ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” ရန် ဖြစ်၏။ (၁ တိမောသေ ၂:၄) ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သည့်အသားအရောင်၊ မည်သည့်လူမျိုး၊ မည်သည့်မျိုးနွယ်စုနောက်ခံပင် ရှိပါစေ ကိုယ်တော်ထံချဉ်းကပ်ရန် အခွင့်အလမ်းပွင့်နေပါသည်။

နောက်ဆုံး၊ ယေဟောဝါသည် “ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟူသောအားရှိဖွယ်အမှန်တရားကို ပေါလုဖော်ပြခဲ့သည်။ (အခန်းငယ် ၂၇) ကိုယ်တော်သည် အလွန်ကြီးမြတ်လှသော်လည်း ကိုယ်တော်ထံ စိတ်ရင်းမှန်ဖြင့်ချဉ်းကပ်လိုသူအားလုံးသည် ကိုယ်တော်နှင့်ရင်းနှီးနိုင်ပါသည်။ ကိုယ်တော်သည် အဘယ်သူနှင့်မျှမဝေးကြောင်း၊ ဆုတောင်းသောသူအပေါင်း၏ “အနီးအပါး၌ရှိတော်မူ” ကြောင်း ကိုယ်တော်၏နှုတ်မြွက်တော်က အာမခံထားသည်။—ဆာလံ ၁၄၅:၁၈

ပေါလု၏စကားအရ ဘုရားသခင်သည် ကိုယ်တော့်ထံ ကျွန်ုပ်တို့ချဉ်းကပ်သည်ကို လိုလားကြောင်း ရှင်းနေပါသည်။ သို့သော် ကိုယ်တော်ကို လိုလိုလားလား “ရှာစမ်း” သောသူများကိုသာ ထိုသို့ချဉ်းကပ်ခွင့်ပေးထားသည်။ (အခန်းငယ် ၂၇) ကျမ်းစာဘာသာပြန်သူများအတွက် စာအုပ်တစ်အုပ်တွင် ဤသို့ဆို၏– “ထိုကြိယာသည် ရယူနိုင်သည့်အရာကိုဖြစ်စေ . . . ဖြစ်လာနိုင်သည့်ဆန္ဒကိုဖြစ်စေ ဖော်ပြသည်ဟု နားလည်ရသည်။” ဥပမာ၊ မှောင်နေသော်လည်း အကျွမ်းတဝင်ရှိနေသည့်အခန်းတွင် သင်သည် မီးခလုတ် သို့မဟုတ် တံခါးကို လိုက်စမ်း၍ရှာမည်ဖြစ်သော်လည်း ရှာတွေ့နိုင်မည်ဟု သင် သေချာပေါက်သိနေသည်။ အလားတူပင် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့်ရှာစမ်းမည်ဆိုလျှင် ကျွန်ုပ်တို့၏ကြိုးစားမှုများ အောင်မြင်မည်ကို စိတ်ချနိုင်သည်။ ဘုရားသခင်ကို “တွေ့ ကြလိမ့်မည်” ဟု ပေါလုအာမခံထားသည်။—အခန်းငယ် ၂၇

သင်သည် ဘုရားသခင်ထံ ချဉ်းကပ်လိုပါသလော။ ယုံကြည်ခြင်းအပြည့်ဖြင့် “ဘုရားသခင်ကို ရှာစမ်း” ပါက သင် စိတ်ပျက်ရလိမ့်မည်မဟုတ်ပါ။ ယေဟောဝါကိုရှာဖွေရန် မခက်ခဲပါ၊ အကြောင်းမှာ ကိုယ်တော်သည် “[ကျွန်ုပ်တို့] တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” သောကြောင့်တည်း။