မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စောင့်နေခြင်းနဲ့ ပတ်သက်ပြီး ယေရှုရဲ့တမန်တော်တွေထံကနေ သင်ယူပါ

စောင့်နေခြင်းနဲ့ ပတ်သက်ပြီး ယေရှုရဲ့တမန်တော်တွေထံကနေ သင်ယူပါ

“ငါနှင့်အတူ စောင့်နေကြလော့။”—မ. ၂၆:၃၈

၁-၃။ ယေရှုရဲ့မြေကြီးအသက်တာနောက်ဆုံးညမှာ တမန်တော်တွေ ဘယ်အမှားကျူးလွန်ခဲ့ကြသလဲ။ သူတို့ရဲ့အမှားကနေ သူတို့ သင်ခန်းစာယူခဲ့ကြတယ်ဆိုတာ ဘယ်လိုသိရသလဲ။

ယေရှုရဲ့ မြေကြီးအသက်တာနောက်ဆုံးညက အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ ယေရှုဟာ မိမိအနှစ်သက်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ဂျေရုဆလင်မြို့အရှေ့ဘက်မှာရှိတဲ့ ဂေသရှေမန်ဥယျာဉ်ကို သွားခဲ့တယ်။ မိမိရဲ့တည်ကြည်တဲ့ တမန်တော်တွေကိုပါ အဲဒီနေရာကိုခေါ်သွားခဲ့တယ်။ ယေရှုမှာ စဉ်းစားစရာ အရေးကြီးကိစ္စ အတော်များများရှိတဲ့အတွက် ကိုယ်တော်တစ်ယောက်တည်း သီးသန့်ဆုတောင်းနိုင်မယ့်နေရာ ရှာဖို့လိုတယ်။—မ. ၂၆:၃၆; ယော. ၁၈:၁၊ ၂

တမန်တော်သုံးဦးဖြစ်တဲ့ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ဟာ ယေရှုနဲ့အတူ ဥယျာဉ်အတွင်းထဲအထိ လိုက်ပါလာကြတယ်။ ကိုယ်တော်က သူတို့ကို “ဤနေရာတွင်နေ၍ ငါနှင့်အတူစောင့်နေကြလော့” လို့ပြောပြီးတဲ့နောက် ဆုတောင်းဖို့ ထွက်သွားတယ်။ ကိုယ်တော်ပြန်လာတဲ့အခါ တပည့်တွေ အိပ်မောကျနေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ “စောင့်နေကြလော့” ဆိုပြီး သူတို့ကို ထပ်ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်နှစ်ကြိမ်တိတိ သူတို့ ပြန်အိပ်ပျော်သွားတာကို ယေရှုတွေ့ခဲ့ရတယ်။ အဲဒီညနောက်ပိုင်းမှာ တမန်တော်တစ်ယောက်မှ ဖြစ်ပျက်လာမယ့်အရာအတွက် အသင့်မရှိခဲ့ကြဘူး။ သူတို့ စောင့်မနေခဲ့ကြဘူး။ ယေရှုကိုစွန့်ပြီးတော့တောင် ထွက်ပြေးခဲ့ကြတယ်။—မ. ၂၆:၃၈၊ ၄၁၊ ၅၆

စောင့်နေဖို့ပျက်ကွက်ခဲ့အတွက် တမန်တော်တွေ နောင်တရခဲ့ကြမှာ သေချာတယ်။ ဒီတည်ကြည်တဲ့အမျိုးသားတွေဟာ မြန်မြန်ဆန်ဆန်ပဲ သူတို့ရဲ့အမှားကနေ သင်ခန်းစာယူခဲ့ကြတယ်။ သူတို့ဟာ စောင့်နေခြင်းမှာ တကယ်ကောင်းတဲ့ စံနမူနာရှင်တွေဖြစ်လာကြတယ်လို့ တမန်တော်ကျမ်းက ဖော်ပြတယ်။ သူတို့ရဲ့ပုံသက်သေက ပထမရာစုမှာရှိတဲ့ တခြားခရစ်ယာန်တွေ အလားတူတည်ကြည်မှုပြဖို့အတွက် အထောက်အကူဖြစ်ခဲ့မှာ သေချာတယ်။ အခုအချိန်က တစ်ခါနဲ့မျှမတူအောင် စောင့်နေဖို့လိုတဲ့အချိန်ဖြစ်တယ်။ (မ. ၂၄:၄၂) တမန်တော်ကျမ်းကနေ စောင့်နေခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သင်ယူနိုင်တဲ့ သင်ခန်းစာသုံးခုအကြောင်း ဆွေးနွေးကြည့်ကြစို့၊ ဒါက ကျွန်ုပ်တို့ကို ဆက်စောင့်နေနိုင်ဖို့ ကူညီပေးမှာဖြစ်တယ်။

ဘယ်နေရာမှာဟောရမယ်ဆိုတဲ့ ညွှန်ကြားချက်ရဖို့ စောင့်နေခဲ့ကြ

၄၊ ၅။ ပေါလုနဲ့ သူ့ရဲ့နယ်လှည့်အဖော်တွေကို သန့်ရှင်းသောစွမ်းအားတော် ဘယ်လိုညွှန်ကြားခဲ့သလဲ။

ဦးဆုံးသင်ခန်းစာကတော့ တမန်တော်တွေဟာ ဘယ်နေရာမှာဟောရမယ်ဆိုတဲ့ ညွှန်ကြားချက်ရဖို့ စောင့်နေခဲ့ကြခြင်းဖြစ်တယ်။ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဟောပြောခြင်းခရီးစဉ်တစ်ခုမှာ တမန်တော်ပေါလုနဲ့ သူ့ရဲ့အဖော်တွေကို ဘုရားသခင့်စွမ်းအားတော်သုံးပြီး ယေရှု လမ်းညွှန်ပေးပုံအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (တ. ၂:၃၃) ဒီမှတ်တမ်းကို အစကနေပြန်ဖတ်ကြည့်ကြစို့။—တမန်တော် ၁၆:၆-၁၀ ကိုဖတ်ပါ။

ပေါလု၊ သိလနဲ့ တိမောသေတို့ဟာ ဂလာတိပြည် တောင်ပိုင်းမှာရှိတဲ့ လုတ္တရမြို့ကနေ ထွက်လာခဲ့ကြတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ရောမအဝေးပြေးလမ်းမကြီးပေါ်ရောက်လာတယ်၊ အဲဒီကနေ အနောက်ဘက်ကိုဆက်သွားရင် လူဦးရေအများဆုံးရှိတဲ့ အာရှနယ်ကို ရောက်မှာဖြစ်တယ်။ သူတို့တွေဟာ ခရစ်တော်အကြောင်း သိဖို့လိုတဲ့ လူထောင်ပေါင်းများစွာနေထိုင်တဲ့မြို့တွေကို လည်ပတ်ဖို့အတွက် ဒီလမ်းအတိုင်း သွားလိုခဲ့ကြတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုက သူတို့သွားမယ့်လမ်းကြောင်းကို ရုတ်တရက်တားမြစ်ခဲ့တယ်။ “အာရှနယ်၌ တရားစကားတော်ကို မဟောပြောရန် သန့်ရှင်းသောစွမ်းအားတော်သည် တားမြစ်သောကြောင့် သူတို့သည် ဖြုဂိပြည်၊ ဂလာတိပြည်ကို ဖြတ်လျှောက်သွား” တယ်ဆိုပြီး အခန်းငယ် ၆ မှာဖော်ပြထားတယ်။ ဘယ်လိုနည်းနဲ့တားမြစ်တယ်ဆိုတာ သမ္မာကျမ်းစာမှာ မဖော်ပြထားပေမဲ့ သန့်ရှင်းသောစွမ်းအားတော်က နယ်လှည့်ဟောပြောသူတွေကို အာရှနယ်မှာမဟောပြောဖို့ တစ်နည်းနည်းနဲ့ တားမြစ်ခဲ့တာဖြစ်တယ်။ သန့်ရှင်းသောစွမ်းအားတော် ဒီလိုတားမြစ်တာက တခြားနေရာဒေသမှာသွားဟောဖို့ ယေရှုအလိုရှိတယ်ဆိုတာဖော်ပြကြောင်း ပေါလုနဲ့သူ့အဖော်တွေ နားလည်သဘောပေါက်ခဲ့ကြတယ်။

၆၊ ၇။ (က) ပေါလုနဲ့သူ့ရဲ့အဖော်တွေ ဗိသုနိပြည်နားရောက်ခါနီးမှာ ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) တပည့်တော်တွေ ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ၊ ဘာရလဒ်ရရှိခဲ့သလဲ။

ပေါလုနဲ့ သူ့ရဲ့နယ်လှည့်အဖော်တွေ ဘယ်နေရာကိုသွားခဲ့ကြသလဲ။ အခန်းငယ် ၇ က ဒီလိုရှင်းပြတယ်– “မုသိပြည်အနားသို့ရောက်၍ ဗိသုနိပြည်သို့ သွားမည်ပြုကြသော်လည်း ယေရှုသည် စွမ်းအားတော်အားဖြင့် ခွင့်ပြုတော်မမူချေ။” ဘုရားသခင့်စွမ်းအားတော်က သူတို့ကို အာရှနယ်မှာမဟောဖို့ တားမြစ်ခဲ့တဲ့အတွက် သူတို့က မြောက်အရပ်ကိုသွားပြီး ဗိသုနိပြည်မှာဟောဖို့ စီစဉ်ခဲ့ကြတယ်။ ဒါပေမဲ့ ဗိသုနိပြည်နားရောက်တဲ့အခါ ယေရှုက သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး သူတို့ကို နောက်တစ်ကြိမ် တားဆီးပြန်တယ်။ ဒီအမျိုးသားတွေ နားလည်ရခက်သွားမှာဖြစ်တယ်။ ဘယ်အကြောင်းအရာကို ဟောပြောရမယ်၊ ဘယ်လိုဟောပြောရမယ်ဆိုတာသိပေမဲ့ ဘယ်မှာဟောရမယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြဘူး။ သူတို့ရဲ့အဖြစ်က ဒီလိုဖြစ်နေတယ်– အာရှနယ်တံခါးကိုခေါက်တယ်၊ တံခါးမပွင့်ဘူး။ အဲဒီနောက် ဗိသုနိပြည်တံခါးကို ခေါက်ပြန်တော့လည်း အလားတူပဲ။ ဒါနဲ့ သူတို့လက်လျှော့လိုက်ကြသလား။ လက်မလျှော့ခဲ့ကြဘူး။

နောက်တစ်ကြိမ် သူတို့ချမယ့်ဆုံးဖြတ်ချက်က နည်းနည်းထူးဆန်းပုံရတယ်။ အခန်းငယ် ၈ က ဒီလိုပြောတယ်– “မုသိပြည်ကို ဖြတ်ကျော်၍ တရောမြို့သို့ ရောက်ကြ၏။” နယ်လှည့်ဟောပြောသူတွေဟာ အနောက်ဘက်ပြန်လှည့်ပြီး မိုင် ၃၅၀ ခရီးကို ခြေလျင်လျှောက်ခဲ့ကြတယ်။ တရောမြို့ဆိပ်ကမ်းကို ရောက်တဲ့အထိ တစ်မြို့ပြီးတစ်မြို့ ဖြတ်လျှောက်လာကြတယ်။ လူတွေက ဒီဆိပ်ကမ်းကနေ မက်ဆီဒိုးနီးယားကို သင်္ဘောနဲ့သွားကြမှာဖြစ်တယ်။ အခန်းငယ် ၉ က ဒီလိုဖော်ပြတယ်– “ညအခါ ပေါလုမြင်ရသော ရူပါရုံတွင် မက်ဆီဒိုးနီးယား အမျိုးသားတစ်ဦးသည် ရပ်လျက် ‘မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ၍ ငါတို့ကို ကူညီပါ’ ဟုတောင်းပန် ပြောဆိုလေ၏။” နောက်ဆုံးတော့ ပေါလုနဲ့သူ့ရဲ့အဖော်တွေဟာ ဘယ်နေရာမှာသွားဟောရမယ်ဆိုတာ သိခဲ့ကြတယ်။ ဒါက တတိယအကြိမ် တံခါးခေါက်တာနဲ့တူတယ်၊ ဒီတစ်ခါတော့ သူတို့အတွက် တံခါးကြီးပွင့်လာပြီ။ သူတို့ မက်ဆီဒိုးနီးယားပြည်ကို ချက်ချင်းရွက်လွှင့်ခဲ့ကြတယ်။

၈၊ ၉။ ပေါလုရဲ့ဟောပြောခြင်းခရီးစဉ်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ဒီမှတ်တမ်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်ပါသလဲ။ ပေါလု အာရှနယ်ကိုခရီးစထွက်ပြီးနောက်မှသာ ဘုရားသခင့်စွမ်းအားတော်က သူ့ကို စတင်ညွှန်ကြားခဲ့တယ်ဆိုတာ သတိပြုပါ။ အဲဒီနောက် ယေရှု သူ့ကို ထပ်ဆင့်ညွှန်ကြားချက်ပေးတာလည်း ဗိသုနိပြည်နားရောက်ပြီးမှသာ ဖြစ်တယ်။ နောက်ဆုံး တရောနယ်ကို ပေါလုရောက်ပြီးမှသာ မက်ဆီဒိုးနီးယားပြည်ကိုသွားဖို့ ယေရှုညွှန်ကြားခဲ့တာဖြစ်တယ်။ ခရစ်ယာန်အသင်းတော်ရဲ့ဦးခေါင်းဖြစ်နေသေးတဲ့ ယေရှုက ကျွန်ုပ်တို့ကို အလားတူနည်းနဲ့ လမ်းညွှန်နိုင်တယ်။ (ကော. ၁:၁၈) ဥပမာ၊ သင်က ရှေ့ဆောင်လုပ်ဖို့ ဒါမှမဟုတ် သာ၍လိုအပ်တဲ့ဒေသတစ်ခုမှာ သွားအမှုဆောင်ဖို့ စဉ်းစားနေတာဖြစ်နိုင်တယ်။ ဒါပေမဲ့ ပန်းတိုင်ကိုရောက်ဖို့ သင် အစပြုကြိုးစားလုပ်ဆောင်နေမှသာ ယေရှုက ဘုရားသခင့်စွမ်းအားတော်သုံးပြီး သင့်ကိုလမ်းညွှန်တာ ဖြစ်နိုင်တယ်။ ဒါက ကားမောင်းတာနဲ့တူတယ်။ ကားကရွေ့လျားနေမှသာ ယာဉ်မောင်းက ဘယ်၊ ညာ လိုသလိုကွေ့နိုင်မှာဖြစ်တယ်။ အလားတူပဲ ကျွန်ုပ်တို့ရွေ့လျားနေမှ၊ ဆိုလိုတာက ကျွန်ုပ်တို့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားနေမှသာ ဟောပြောခြင်းလုပ်ငန်းမှာ တိုးချဲ့လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို ယေရှုလမ်းညွှန်မှာဖြစ်တယ်။

သင် ကြိုးစားလုပ်ဆောင်ပေမဲ့ မျှော်လင့်ထားသလို ချက်ချင်းဖြစ်မလာဘူးဆိုရင်ကော။ ဘုရားသခင့်စွမ်းအားတော်က သင့်ကို လမ်းမညွှန်ဘူးလို့ ကောက်ချက်ချပြီး လက်လျှော့လိုက်သင့်သလား။ အဖြစ်အပျက်တွေက ပေါလုမျှော်လင့်ထားသလို ချက်ချင်းဖြစ်မလာခဲ့ဘူးဆိုတာ သတိရပါ။ ဒါပေမဲ့ သူဆက်ကြိုးစားခဲ့တယ်။ တံခါးပွင့်လာတဲ့အထိ သူ ဆက်ခေါက်ခဲ့တယ်။ သင်လည်း “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး” ပွင့်လာဖို့ ဆက်ခေါက်နေမယ်ဆိုရင် အလားတူ ရလဒ်ကောင်းတွေ ရလာနိုင်တယ်။—၁ ကော. ၁၆:၉

“ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိ”

၁၀။ ဆက်စောင့်နေနိုင်ဖို့အတွက် မပြတ်ဆုတောင်းနေရမှာဖြစ်ကြောင်း ဘာကဖော်ပြသလဲ။

၁၀ ပထမရာစု ညီအစ်ကိုတွေထံကနေ သင်ယူနိုင်တဲ့ ဒုတိယသင်ခန်းစာအကြောင်း သုံးသပ်ကြည့်ကြစို့။ သူတို့တွေဟာ “ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိ” ခဲ့ကြတယ်။ (၁ ပေ. ၄:၇) ဆက်ပြီးစောင့်နေနိုင်ဖို့ ကျွန်ုပ်တို့ မပြတ်ဆုတောင်းနေရမှာဖြစ်တယ်။ ယေရှု အဖမ်းမခံရခင်လေးမှာ ဂေသရှေမန်ဥယျာဉ်မှာဖြစ်ပျက်ခဲ့တာကို သတိရပါ၊ ကိုယ်တော်က တမန်တော်သုံးယောက်ကို “စောင့်နေ၍ မပြတ်ဆုတောင်းလျက်နေကြလော့” ဆိုပြီး ပြောခဲ့တယ်။—မ. ၂၆:၄၁

၁၁၊ ၁၂။ ပေတရုအပါအဝင် ခရစ်ယာန်တွေကို ဟေရုဒ် ဘာကြောင့် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တာလဲ။ ဟေရုဒ် ဘာလုပ်ခဲ့သလဲ။

၁၁ ဂေသရှေမန်ဥယျာဉ်မှာ ယေရှုပြောခဲ့တဲ့ ဒီစကားတွေကို ပေတရုကြားခဲ့တယ်။ တခြားသူတွေရဲ့ဆုတောင်းချက်တွေက ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို နောက်ပိုင်းမှာ ပေတရု သိခဲ့ရတယ်။ (တမန်တော် ၁၂:၁-၆ ကိုဖတ်ပါ။) တမန်တော်ကျမ်း အခန်းကြီး ၁၂ ရဲ့ အစပိုင်းအခန်းငယ်တွေမှာ ဟေရုဒ်ဟာ ဂျူးတွေရဲ့အကြိုက်ကိုလိုက်ပြီး ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တယ်။ ယာကုပ်ဟာ ယေရှုနဲ့အရမ်းရင်းနှီးတဲ့ တမန်တော်တစ်ဦးဖြစ်တယ်ဆိုတာ ဟေရုဒ် သိခဲ့မှာပဲ။ ဒါကြောင့် ဟေရုဒ်ဟာ ယာကုပ်ကို “ဓားနှင့်ကွပ်မျက်” ခဲ့တယ်။ (အခန်းငယ် ၂) အသင်းတော်က ယာကုပ်ကို အရမ်းချစ်တဲ့အတွက် ဒါက သူတို့အတွက် ကြီးမားတဲ့စမ်းသပ်မှုကြီး ဖြစ်တယ်။

၁၂ ဟေရုဒ် နောက်ထပ် ဘာတွေလုပ်ခဲ့သလဲ။ အခန်းငယ် ၃ က ဒီလိုဖော်ပြတယ်– “ထိုအမှုကို ဂျူးတို့နှစ်သက်အားရကြောင်းမြင်လျှင် ပေတရုကိုလည်း ဖမ်းဆီးလေ၏။” ဒါပေမဲ့ ဒီအဖြစ်အပျက်မတိုင်ခင် အစောပိုင်းတုန်းက တမန်တော်တချို့ဟာ အံ့ဖွယ်နည်းနဲ့ ထောင်ကနေလွတ်မြောက်ခဲ့ကြတယ်၊ အဲဒီထဲမှာ ပေတရုလည်း ပါတယ်။ (တ. ၅:၁၇-၂၀) ဒီအကြောင်းကို ဟေရုဒ် သိခဲ့မှာဖြစ်တယ်။ ဒါကြောင့် ပေတရု မလွတ်မြောက်နိုင်အောင် အသေအချာစီစဉ်ခဲ့တယ်။ ဟေရုဒ်က ပေတရုကိုဖမ်းပြီး “စစ်သည်လေးဦးစီပါသော တပ်စုငယ်လေးစုလက်သို့အပ်ကာ ထောင်ချထား၏။ ပသခါပွဲလွန်လျှင် လူအများတို့အား သူ့ကိုထုတ်ပေးမည့်အကြံရှိ၏။” (အခန်းငယ် ၄) ဒါကို မြင်ယောင်ကြည့်ပါ။ အစောင့် ၂ ယောက်ကြားမှာ ပေတရုကို သံကြိုးနဲ့ချည်နှောင်ထားတယ်။ တမန်တော်ထွက်မပြေးနိုင်အောင် အစောင့် ၁၆ ယောက်က နေ့၊ ညတာဝန်ခွဲပြီး စောင့်ကြပ်ကြတယ်။ ဟေရုဒ်ရဲ့အကြံက ပသခါပွဲပြီးရင် လူတွေစိတ်ကျေနပ်စေဖို့ ပေတရုကို သတ်ပစ်မှာဖြစ်တယ်။ ဒီလို ကြောက်မက်ဖွယ်အခြေအနေဆိုးကြီး ရင်ဆိုင်ရချိန်မှာ ညီအစ်ကိုတွေ ဘာများလုပ်နိုင်သလဲ။

၁၃၊ ၁၄။ (က) ပေတရုထောင်ကျနေချိန်မှာ အသင်းတော် ဘာလုပ်ခဲ့သလဲ။ (ခ) အသင်းတော်ရဲ့လုပ်ဆောင်ချက်ကနေ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၃ ဘာလုပ်ရမယ်ဆိုတာကို အသင်းတော်က သိခဲ့တယ်။ အခန်းငယ် ၅ မှာ ဒီလိုဖော်ပြထားတယ်– “ပေတရုသည် ထောင်ထဲ၌ အကျဉ်းကျနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းပေးလျက်နေ၏။” သူတို့က ပေတရုအတွက် နှလုံးပါပါ၊ စိတ်အားထက်သန်စွာ မပြတ်ဆုတောင်းပြီး ဘုရားသခင်ထံ အသနားခံခဲ့ကြတယ်။ ယာကုပ်သေဆုံးသွားလို့ သူတို့စိတ်မပျက်ခဲ့သလို ဆုတောင်းလည်း မထူးပါဘူးဆိုတဲ့ ခံစားချက်မျိုးလည်း သူတို့မှာမရှိခဲ့ဘူး။ အဲဒီအစား တည်ကြည်သူတွေရဲ့ဆုတောင်းချက်တွေက ယေဟောဝါရှေ့အဖိုးထိုက်တယ်ဆိုတာ သူတို့သိခဲ့ကြတယ်။ ဒီဆုတောင်းချက်တွေက ကိုယ်တော့်အလိုတော်နဲ့ညီရင် ဖြေကြားခံရမှာဖြစ်တယ်။—ဟေဗြဲ ၁၃:၁၈၊ ၁၉; ယာ. ၅:၁၆

၁၄ အသင်းတော် လုပ်ဆောင်ခဲ့ရာနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဒီကနေသိရတာက ကျွန်ုပ်တို့ ဆက်စောင့်နေချင်တယ်ဆိုရင် ကျွန်ုပ်တို့ကိုယ်တိုင်အတွက်သာမက ကျွန်ုပ်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေအတွက်လည်း ဆုတောင်းပေးဖို့လိုတယ်။ (ဧ. ၆:၁၈) အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ခံရပ်နေရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို သင် သိပါသလား။ တချို့က နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်နိုင်တယ်။ တချို့က ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံထားရတဲ့နိုင်ငံတွေမှာ နေထိုင်ကြရတယ်။ ဒီညီအစ်ကို၊ ညီအစ်မတွေအတွက် ထက်ထက်သန်သန် ဆုတောင်းပေးသင့်တယ်။ လူမမြင်နိုင်တဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ တခြားသူတွေကိုလည်း သင်သိနိုင်တယ်၊ သူတို့တွေက မိသားစုအခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ ဒါမှမဟုတ် ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်နိုင်တယ်။ “ဆုတောင်းချက်ကို နားထောင်တဲ့အရှင်” ယေဟောဝါထံ သင်ဆုတောင်းတဲ့အခါ သူတို့တစ်ဦးချင်းစီရဲ့ နာမည်ကိုထည့်ပြီး ဆုတောင်းပေးသင့်တယ်။—ဆာ. ၆၅:၂

၁၅၊ ၁၆။ (က) ယေဟောဝါရဲ့ကောင်းကင်တမန်က ပေတရုကို ထောင်ကနေ ဘယ်လိုလွှတ်ပေးခဲ့သလဲ။ (အောက်မှာဖော်ပြထားတဲ့ရုပ်ပုံကို ကြည့်ပါ။) (ခ) ပေတရုကို ယေဟောဝါကယ်တင်ပေးခဲ့ပုံအကြောင်း စဉ်းစားခြင်းက ဘာကြောင့် ယုံကြည်ခြင်းခိုင်ခံ့စေသလဲ။

၁၅ ပေတရု ဘာဖြစ်သွားသလဲ။ သူထောင်ထဲမှာနေခဲ့ရတဲ့ နောက်ဆုံးညမှာ အံ့ဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ (တမန်တော် ၁၂:၇-၁၁ ကိုဖတ်ပါ။) ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ပေတရုဟာ သံကြိုးနဲ့ချည်ထားခံရပြီး အစောင့်နှစ်ယောက်ကြားမှာ အိပ်မောကျနေတုန်း ရုတ်တရက်ဆိုသလို အကျဉ်းခန်းထဲမှာ တောက်ပတဲ့အလင်းတန်းတစ်ခု ပေါ်လာတယ်။ ပေတရုဘေးမှာ ကောင်းကင်တမန်ရပ်နေတာကို အစောင့်တွေ မမြင်ရဘူး။ ကောင်းကင်တမန်က ပေတရုကို အမြန်ထပါဆိုပြီး ပြောတယ်။ အဲဒီနောက် ပေတရုရဲ့လက်မှာချည်ထားတဲ့ သံကြိုးက အလွယ်တကူကျွတ်သွားတယ်။ ကောင်းကင်တမန်က အပြင်မှာရပ်နေတဲ့အစောင့်တွေရှေ့ကနေပဲ ပေတရုကို ထောင်ထဲကနေခေါ်ထုတ်သွားတယ်။ အဲဒီနောက် သံဂိတ်တံခါးကြီးက အလိုလိုပွင့်သွားပြီး ကောင်းကင်တမန်နဲ့ပေတရု အဲဒီကနေ ထွက်သွားခဲ့ကြတယ်။ ထောင်အပြင်လည်းရောက်ရော ကောင်းကင်တမန်လည်း ပျောက်သွားတယ်။ ပေတရု လွတ်မြောက်သွားပြီ။

၁၆ မိမိရဲ့ကျေးကျွန်တွေကို ကယ်တင်နိုင်တဲ့ ယေဟောဝါရဲ့တန်ခိုးအကြောင်း စဉ်းစားသုံးသပ်ခြင်းက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပါတယ်။ ဒီအချိန်မှာ ကျွန်ုပ်တို့ကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါကယ်တင်ပေးဖို့ မမျှော်လင့်ကြဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်လူတွေကို ကူညီပေးနိုင်တဲ့ ယေဟောဝါရဲ့တန်ခိုးကို ကျွန်ုပ်တို့အခိုင်အမာ ယုံကြည်စိတ်ချကြတယ်။ (၆ ရာ. ၁၆:၉) ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ တန်ခိုးကြီးတဲ့ သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး ကျွန်ုပ်တို့ကို ကိုယ်တော် ခွန်အားပေးနိုင်တယ်။ (၂ ကော. ၄:၇; ၂ ပေ. ၂:၉) မကြာမီမှာ ယေဟောဝါက ယေရှုကို သေမင်းရဲ့လက်အောက်ကျရောက်နေတဲ့ သန်းနဲ့ချီတဲ့သေလွန်သူတွေကို အသက်ပြန်ရှင်အောင်လုပ်နိုင်တဲ့ တန်ခိုးပေးမှာဖြစ်တယ်။ (ယော. ၅:၂၈၊ ၂၉) ဘုရားသခင့်ကတိတော်တွေကို ယုံကြည်စိတ်ချခြင်းက အခုအချိန်မှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သတ္တိရှိရှိရင်ဆိုင်နိုင်စေတယ်။

အခက်အခဲစမ်းသပ်မှုတွေက စေ့စေ့စပ်စပ်သက်သေခံ” ခြင်းကိုမရပ်တန့်စေခဲ့

၁၇။ သတင်းကောင်းကို အရေးကြီးသဘောထားနဲ့ ဇွဲထက်သန်စွာဟောပြောရာမှာ ပေါလု ဘယ်လိုပုံသက်သေကောင်းပြခဲ့သလဲ။

၁၇ စောင့်နေခြင်းနဲ့ပတ်သက်ပြီး တမန်တော်တွေထံကနေ ကျွန်ုပ်တို့သင်ယူနိုင်တဲ့ တတိယသင်ခန်းစာကတော့ အခက်အခဲစမ်းသပ်မှုကြောင့် သတင်းကောင်း ဟောပြောခြင်းကို မရပ်တန့်ခြင်းဖြစ်တယ်။ ဆက်ပြီးစောင့်နေနိုင်ဖို့အတွက် သတင်းကောင်းကို အရေးတကြီးသဘောထားနဲ့ ဇွဲရှိရှိဟောပြောရမှာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ရာမှာ တမန်တော်ပေါလုက ပုံသက်သေကောင်းဖြစ်တယ်။ ဟောပြောခြင်းလုပ်ငန်းကို သူ အားကြိုးမာန်တက်လုပ်ဆောင်ခဲ့တယ်။ နေရာဒေသအတော်များများကိုသွားပြီး အသင်းတော်များစွာ တည်ထောင်ခဲ့တယ်။ အခက်အခဲစမ်းသပ်မှုအမျိုးမျိုး ကြုံရတဲ့ကြားကနေ သတင်းကောင်းကို အရေးတကြီးသဘောထားနဲ့ ဇွဲရှိရှိဆက်ဟောပြောခဲ့တယ်။—၂ ကော. ၁၁:၂၃-၂၉

၁၈။ ရောမမြို့မှာ အကျဉ်းကျနေချိန်မှာ ပေါလု ဘယ်လိုနည်းနဲ့ ဆက်ဟောပြောခဲ့သလဲ။

၁၈ တမန်တော်ကျမ်းမှာ ပေါလုအကြောင်း နောက်ဆုံးဖတ်ရတာက အခန်းကြီး ၂၈ မှာဖြစ်တယ်။ ပေါလုဟာ ရောမအုပ်စိုးရှင်နီရိုရဲ့ စစ်ဆေးမေးမြန်းခြင်းကိုခံဖို့အတွက် ရောမမြို့ကို ရောက်နေတယ်။ အဲဒီအချိန်မှာ ပေါလုက အကျဉ်းသားတစ်ဦးဖြစ်လို့ သံကြိုးနဲ့ချည်ခံထားရပြီး အစောင့်တစ်ဦးလည်း ဘေးမှာရှိနေနိုင်တယ်၊ ဒါပေမဲ့ ဒီအရာတွေက ဇွဲထက်သန်တဲ့တမန်တော်ကို နှုတ်ဆိတ်အောင်မလုပ်နိုင်ခဲ့ဘူး။ ပေါလုဟာ တခြားသူတွေကို သတင်းကောင်းဟောပြောနိုင်မယ့်နည်းတွေကို ဆက်ရှာဖွေခဲ့တယ်။ (တမန်တော် ၂၈:၁၇၊ ၂၃၊ ၂၄ ကိုဖတ်ပါ။) အဲဒီကိုရောက်ပြီး သုံးရက်အကြာမှာ ပေါလုက “ဂျူးတို့တွင် ထင်ရှားသောလူကြီးများကို ခေါ်ဖိတ်” ခဲ့တယ်၊ ဒါကြောင့် သူတို့ကို သက်သေခံနိုင်ခဲ့တယ်။ ဒေသခံဂျူးတွေက ပေါလုနဲ့နောက်တစ်ကြိမ်ထပ်တွေ့ဖို့ ရက်ရွေးခဲ့ကြပြီး အဲဒီအချိန်မှာ သူတို့ကို ပေါလု ပိုပြီးသက်သေခံနိုင်ခဲ့တယ်။ အခန်းငယ် ၂၃ မှာ ဒီလိုဖော်ပြထားတယ်– “နေ့ရက်ကိုချိန်းချက်ပြီးလျှင် သာ၍များသောလူတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြ၏။ ထိုအခါ ပေါလုသည် နံနက်အချိန်မှ ညနေအချိန်တိုင်အောင် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို စေ့စေ့စပ်စပ် သက်သေခံလျက်၊ ယေရှု၏အကြောင်းနှင့်ပတ်သက်၍ မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများကိုအမှီပြုကာ ထိုသူတို့အား သွေးဆောင်လျက် ရှင်းလင်းဖော်ပြလေ၏။”

၁၉၊ ၂၀။ (က) သတင်းကောင်းဟောပြောသက်သေခံရာမှာ ပေါလု ဘာကြောင့် ရလဒ်ကောင်းတွေရရှိခဲ့သလဲ။ (ခ) တချို့သူတွေ သတင်းကောင်းကို လက်မခံပေမဲ့ ပေါလု ဘာလုပ်ခဲ့သလဲ။

၁၉ သတင်းကောင်းဟောပြောရာမှာ ပေါလုဘာကြောင့် ရလဒ်ကောင်းတွေရခဲ့သလဲ။ အကြောင်းရင်းတချို့ကို အခန်းငယ် ၂၃ မှာ ဖော်ပြထားတယ်– (၁) သူဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ ယေရှုခရစ်အကြောင်း သွန်သင်ခဲ့တယ်။ (၂) နားထောင်သူတွေ လက်ခံရလွယ်ကူစေဖို့ ဘာကြောင့်ယုံကြည်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြတဲ့ “သွေးဆောင်” နည်းနဲ့ ဟောပြောခဲ့တယ်။ (၃) လူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ရာမှာ သမ္မာကျမ်းစာကို အသုံးပြုခဲ့တယ်။ (၄) “နံနက်အချိန်မှ ညနေအချိန်တိုင်အောင်” ဟောပြောသက်သေခံခြင်းအားဖြင့် ကိုယ့်အကျိုးထက် လူတွေကို ပိုဂရုစိုက်ကြောင်းပြခဲ့တယ်။ ပေါလု ထိထိမိမိသက်သေခံခဲ့ပေမဲ့ သတင်းကောင်းကို လူတိုင်း လက်မခံခဲ့ကြဘူး။ အခန်းငယ် ၂၄ မှာ ဒီလိုပြောတယ်– “အချို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့မူကား မယုံကြ။” ဒီလိုနဲ့ အငြင်းပွားကြပြီး လူတွေထွက်သွားခဲ့ကြတယ်။

၂၀ သတင်းကောင်းကို လူတိုင်းလက်မခံတဲ့အတွက် ပေါလု စိတ်ဓာတ်ကျခဲ့သလား။ လုံးဝစိတ်ဓာတ်မကျခဲ့ဘူး။ တမန်တော် ၂၈:၃၀၊ ၃၁ မှာ ဒီလိုဖော်ပြထားတယ်– “ထို့နောက် ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားသောအိမ်၌ နေပြီးလျှင် လာရောက်သမျှသောသူတို့ကို လက်ခံကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းတို့ကို အတားအဆီးမရှိဘဲ အလွန်လွတ်လပ်စွာ ဟောပြောသွန်သင်လျက်နေ၏။” စွမ်းအားတော်တိုက်တွန်းမှုနဲ့ရေးသားတဲ့ အထက်ပါအားရှိစရာစကားတွေနဲ့ တမန်တော်ကျမ်းကို နိဂုံးချုပ်လိုက်တယ်။

၂၁။ အကျယ်ချုပ်ခံထားရချိန်မှာ ပေါလုပြခဲ့တဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၂၁ ပေါလုရဲ့အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ပေါလု အကျယ်ချုပ်ခံထားရတဲ့အချိန်မှာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းမှာ မပါဝင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအတွက်ကြောင့် သူစိတ်ဓာတ်မကျဘဲ သူ့ဆီလာလည်တဲ့သူမှန်သမျှကို ဟောပြောခဲ့တယ်။ အလားတူပဲ၊ မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုးလည်း သူတို့ရဲ့ယုံကြည်ချက်ကြောင့် ထောင်ကျနေချိန်မှာတောင် သတင်းကောင်း ဆက်ဟောပြောခြင်းအားဖြင့် ရွှင်လန်းမှုကို ဆက်ထိန်းထားကြတယ်။ ကျွန်ုပ်တို့ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတချို့က အသက်ကြီးလို့ ဒါမှမဟုတ် ဖျားနာနေလို့ အိမ်ပြင်မထွက်နိုင်တာ၊ ဒါမှမဟုတ် ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ နေထိုင်ကြရတာ ဖြစ်နိုင်တယ်။ ဆရာဝန်တွေ၊ ဧည့်သည်တွေနဲ့ တခြားသူတွေကို သူတို့ အတတ်နိုင်ဆုံး ဟောပြောကြတယ်။ သူတို့ရဲ့ဆန္ဒက ဘုရားသခင့်နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံဖို့ဖြစ်တယ်။ သူတို့ရဲ့ပုံသက်သေကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားလေးမြတ်ပါတယ်။

၂၂။ (က) တမန်တော်ကျမ်းကနေ ကျွန်ုပ်တို့အကျိုးခံစားရဖို့ ဘယ်စာအုပ်က ကူညီပေးနိုင်သလဲ။ (အထက်ပါလေးထောင့်ကွက်ကို ကြည့်ပါ။) (ခ) ဒီလောကစနစ်ရဲ့အဆုံးကို စောင့်မျှော်နေရင်း ဘာလုပ်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလဲ။

၂၂ တမန်တော်ကျမ်းမှာ ပထမရာစုအချိန်က တမန်တော်တွေနဲ့ ခရစ်ယာန်တွေအကြောင်း ဖတ်တဲ့အခါ စောင့်နေခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့များစွာသိရှိခဲ့ရတယ်။ ကျွန်ုပ်တို့လည်း ဒီလောကစနစ်ရဲ့အဆုံးကို စောင့်မျှော်နေရင်း ရဲစွမ်းသတ္တိရှိရှိ၊ ဇွဲရှိရှိ ဟောပြောခြင်းအားဖြင့် သူတို့ကို တုပလိုကြမှာသေချာပါတယ်။ ကျွန်ုပ်တို့ရရှိနိုင်တဲ့ ဂုဏ်အရှိဆုံးအလုပ်ကတော့ ဘုရားသခင့်နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံခြင်းဖြစ်တယ်။—တ. ၂၈:၂၃

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

“တမန်တော်ကျမ်းက ကျွန်တော့်အတွက် ဘယ်တော့မှ ရိုးသွားမှာမဟုတ်ဘူး”

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဘုရားသခင်၏နိုင်ငံတော်အကြောင်း “စေ့စေ့စပ်စပ် သက်သေခံလော့” စာအုပ်ကို ဖတ်ပြီးတဲ့နောက် သူ့ခံစားချက်ကို ဒီလိုပြောပြခဲ့တယ်– “တမန်တော်ကျမ်းက ကျွန်တော့်အတွက် ဘယ်တော့မှ ရိုးသွားမှာမဟုတ်ဘူး။” သူဟာ တမန်တော်ကျမ်းမှတ်တမ်းကို အကြိမ်ကြိမ်ဖတ်ခဲ့ဖူးသူဖြစ်တယ်၊ ဒါပေမဲ့ အခု ဒီစာအုပ်အသစ်ကိုဖတ်လိုက်တဲ့အခါ အကျိုးအများကြီးထပ်ရတယ်လို့ ခံစားခဲ့ရတယ်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကောင်းကင်တမန်တစ်ပါးက ပေတရုကို သံဂိတ်တံခါးကြီးကနေ ခေါ်ထုတ်သွားခဲ့