၂ ရာဇဝင်ချုပ် ၁၆:၁-၁၄

  • အာသက ဆီးရီးယားနဲ့ သဘောတူညီချက်ရယူ (၁-၆)

  • အာသကို ဟာနေနိ ဆုံးမ (၇-၁၀)

  • အာသ သေဆုံး (၁၁-၁၄)

၁၆  အာသနန်းစံ ၃၆ နှစ်မှာ အစ္စရေးဘုရင် ဗာရှာ+ ယုဒပြည်ကို စစ်ချီလာတယ်။ ယုဒဘုရင်အာသရဲ့ နယ်မြေထဲ ဘယ်သူမှ မဝင်မထွက်နိုင်အောင် ရာမမြို့ကို+ အခိုင်အမာ တည်ဆောက်တယ်။+ ၂  အဲဒီအခါ အာသက ယေဟောဝါရဲ့ အိမ်တော်ဘဏ္ဍာနဲ့ နန်းတော်ဘဏ္ဍာထဲက ရွှေငွေတွေကို ယူပြီး+ ဒမတ်စကတ်မြို့မှာ နန်းထိုင်တဲ့ ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ဆီ ပို့လိုက်တယ်။+ ၃  “ကျွန်တော်တို့ရဲ့ ခမည်းတော်အချင်းချင်း ကတိသစ္စာပြုခဲ့သလို မင်းကြီးနဲ့ ကျွန်တော်လည်း ကတိသစ္စာပြုရအောင်။ အခု မင်းကြီးအတွက် ရွှေငွေတွေ ပို့လိုက်ပါတယ်။ ဒါကြောင့် မင်းကြီးက အစ္စရေးဘုရင်ဗာရှာနဲ့ ကတိသစ္စာပြုထားတာကို လာပြီးဖျက်လိုက်ပါ။ ဒါမှ ကျွန်တော့်ဆီကနေ သူဆုတ်ခွာသွားပါလိမ့်မယ်” လို့ သတင်းပါးတယ်။ ၄  ဗင်ဟာဒဒ်လည်း အာသရဲ့စကားကို နားထောင်ပြီး အစ္စရေးမြို့တွေကို တိုက်ခိုက်ဖို့ သူ့ရဲ့ဗိုလ်ချုပ်တွေကို လွှတ်လိုက်တယ်။ သူတို့က အိယုန်မြို့၊+ ဒန်မြို့၊+ အာဗေလမိမ်မြို့အပြင် နဿလိနယ်မြေရဲ့ မြို့တွေမှာရှိတဲ့ သိုလှောင်ရုံအားလုံးကို  တိုက်ခိုက်ကြတယ်။+ ၅  ဒီအကြောင်းကို ဗာရှာကြားတဲ့အခါ ရာမမြို့ကို  ဆက်မဆောက်တော့ဘဲ လုပ်ငန်းရပ်လိုက်တယ်။ ၆  အဲဒီအခါ အာသက ယုဒတစ်မျိုးလုံးကို ခေါ်လိုက်တယ်။ သူတို့က ဗာရှာတည်ဆောက်နေတဲ့ ရာမမြို့က+ ကျောက်တွေ၊ သစ်သားတွေကို သယ်သွားတယ်။ အဲဒါတွေကိုသုံးပြီး ဂေဘမြို့နဲ့+ မိဇပါမြို့ကို+ အခိုင်အမာ တည်ဆောက်တယ်။ ၇  အဲဒီအချိန်မှာ ယုဒဘုရင်အာသဆီ အကြားအမြင်ရသူ ဟာနေနိ+ ရောက်လာပြီး “မင်းကြီးက ယေဟောဝါဘုရားကို အားမကိုးဘဲ ဆီးရီးယားဘုရင်ကို အားကိုးတဲ့အတွက် ဆီးရီးယားဘုရင်ရဲ့ စစ်တပ်ဟာ မင်းကြီးလက်ထဲကနေ လွတ်မြောက်သွားပြီ။+ ၈  အီသီယိုးပီးယားနဲ့ လစ်ဗျားလူတွေရဲ့ တပ်မဟာကြီးမှာ မြင်းရထားနဲ့ မြင်းစီးသူရဲတွေ အမြောက်အမြားပါတာပဲ။ ဒါပေမဲ့ ယေဟောဝါဘုရားကို မင်းကြီး အားကိုးခဲ့တဲ့အတွက် ဘုရားက သူတို့ကို မင်းကြီးလက်ထဲအပ်ခဲ့တယ် မဟုတ်လား။+ ၉  ယေဟောဝါဘုရားက  စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက်  အစွမ်းတန်ခိုးပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေတယ်။+ ဒီကိစ္စမှာ မင်းကြီးရဲ့လုပ်ရပ်ဟာ သိပ်မိုက်မဲတယ်။ အခုချိန်ကစပြီး စစ်တွေ ဖြစ်လာလိမ့်မယ်”+ လို့ပြောတယ်။ ၁၀  ဒါပေမဲ့  အာသက  အကြားအမြင်ရသူကို တအားစိတ်ဆိုးတယ်။ စိတ်ဆိုးလွန်းလို့  သူ့ကို  အကျဉ်းချလိုက်တယ်။ ပြည်သားတချို့ကိုလည်း စပြီးနှိပ်စက်လာတယ်။ ၁၁  အာသရဲ့သမိုင်းကြောင်း အစအဆုံးကို ယုဒဘုရင်တွေနဲ့ အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။+ ၁၂  နန်းစံ ၃၉ နှစ်ရောက်တော့ အာသက ခြေထောက်မှာ ရောဂါရလာပြီး အကြီးအကျယ် နေမကောင်းဖြစ်တယ်။ ဒီလောက် နေမကောင်းဖြစ်တာတောင် ယေဟောဝါဆီ အကူအညီမတောင်းဘဲ သမားတော်တွေကို အကူအညီတောင်းတယ်။ ၁၃  နောက်ဆုံးတော့ အာသက နန်းစံ ၄၁ နှစ်မှာ ကွယ်လွန်သွားတယ်။+ ၁၄  ဗာလစံဆီမွှေး၊ အမွှေးနံ့သာအမျိုးမျိုးနဲ့ ဖော်စပ်ထားတဲ့  ဆီမွှေးတွေ  ထည့်ထားတဲ့ အလောင်းစင်မှာ  သူ့ကို  တင်ထားတယ်။+ အဲဒီနောက် ဒါဝိဒ်မြို့မှာ+ သူကိုယ်တိုင် ပြင်ဆင်ထားတဲ့ ခမ်းနားလှတဲ့ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်လိုက်တယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ စျာပနမီးရှို့အခမ်းအနားကိုလည်း* အကြီးအကျယ် လုပ်ကြတယ်။

အောက်ခြေမှတ်ချက်များ

^ မီးသင်္ဂြိုဟ်တာမဟုတ်၊ အမွှေးနံ့သာတွေ မီးရှို့တာဖြစ်။