မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ခံနိုင်ရည်နှင့် နှစ်သိမ့်မှုပေးရှင် ဘုရားသခင်’ ထံမှ အကူအညီ

‘ခံနိုင်ရည်နှင့် နှစ်သိမ့်မှုပေးရှင် ဘုရားသခင်’ ထံမှ အကူအညီ

‘ခံနိုင်ရည်နှင့် နှစ်သိမ့်မှုပေးရှင် ဘုရားသခင်’ ထံမှ အကူအညီ

လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က သမ္မာကျမ်းစာရေးသူ ပေါလုသည် ယေဟောဝါအား ‘ခံနိုင်ရည်နှင့် နှစ်သိမ့်မှုပေးရှင် ဘုရားသခင်’ အဖြစ်ဖော်ပြခဲ့သည်။ (ရောမ ၁၅:၆ကဘ) ယေဟောဝါသည် အချိန်အခါကိုလိုက်၍ မပြောင်းလဲကြောင်း သမ္မာကျမ်းစာက အာမခံထားသောကြောင့် ဘုရားသခင့်အမှုတော်ထမ်းဆောင်သူများကို ကိုယ်တော်နှစ်သိမ့်မှုပေးနေဆဲဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (ယာကုပ် ၁:၁၇) အမှန်မှာ ယေဟောဝါသည် နှစ်သိမ့်မှုလိုအပ်နေသူတို့ကို နည်းအမျိုးမျိုးဖြင့် နှစ်သိမ့်ပေးနေကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ထိုနည်းအချို့ကား အဘယ်နည်း။ ဘုရားသခင်သည် ဆုတောင်းခြင်းဖြင့် ကိုယ်တော့်အကူအညီတောင်းခံနေသူများကို ခွန်အားပေးတော်မူသည်။ စစ်မှန်သောခရစ်ယာန်များကိုလည်း အချင်းချင်းနှစ်သိမ့်မှုပေးကြရန် ကိုယ်တော်လှုံ့ဆော်ပေးသည်။ ထို့ပြင်၊ သေခြင်းတွင် မိမိတို့၏ကလေးကိုဆုံးရှုံးခဲ့ကြသော ဝမ်းနည်းကြေကွဲသူတို့အား အထူးသဖြင့် ခွန်အားရှိစေသည့် ကိုယ်တော်၏နှုတ်မြွက်တော်သမ္မာကျမ်းစာပါ ကြည်နူးအားရဖွယ်မှတ်တမ်းများကိုလည်း ယေဟောဝါပေးထားသည်။ ထိုနှစ်သိမ့်မှုပေးသည့် နည်းသုံးနည်းကို တစ်ခုစီသုံးသပ်ကြည့်ကြစို့။

‘ယေဟောဝါကိုယ်တော်တိုင် ကြားတော်မူ၏’

ဘုရင်ဒါဝိဒ်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါအကြောင်း ဤသို့ရေးသားခဲ့သည်– “အိုလူများတို့ ဘုရားသခင်၌အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကိုဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။” (ဆာလံ ၆၂:၈) ဒါဝိဒ်သည် ယေဟောဝါအပေါ် အဘယ်ကြောင့် ထိုသို့ယုံကြည်စိတ်ချမှု ရှိခဲ့သနည်း။ ဒါဝိဒ်သည် မိမိအကြောင်း ဤသို့ပြောဆိုရေးသားခဲ့သည်– ‘ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကို ယေဟောဝါကိုယ်တော်တိုင် ကြားတော်မူ၍ ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၆ကဘ) ဒါဝိဒ်သည် သူအသက်တာတစ်လျှောက်ကြုံတွေ့ခဲ့ရသော စိတ်ဆင်းရဲစေသည့်အခြေအနေအားလုံးတွင် အကူအညီအတွက် ဘုရားသခင်ထံ အမြဲဆုတောင်းခဲ့ပြီး ယေဟောဝါသည် သူ့ကို အမြဲကူညီပေးခဲ့သည်။ ဒါဝိဒ်သည် ဘုရားသခင်သူ့ကို ထောက်မမည်ဖြစ်ပြီး ခံနိုင်ရည်ရှိရန် ကူညီပေးမည်ဖြစ်ကြောင်း အတွေ့အကြုံမှ သူသိခဲ့ရသည်။

ဒါဝိဒ်အဖြစ်တွင်ကဲ့သို့ ယေဟောဝါသည် ဝမ်းနည်းပူဆွေးနေသော မိဘများကို အကြီးအကျယ်ဝမ်းနည်းပူဆွေးနေချိန်တစ်လျှောက် ထောက်မပေးမည်ဖြစ်ကြောင်း သူတို့သိထားဖို့လိုသည်။ ကိုယ်တော်ကူညီပေးမည်ကို ယုံကြည်လျက် ‘ဆုတောင်းချက်ကို နားညောင်းတော်မူသောအရှင်’ ထံ သူတို့ချဉ်းကပ်နိုင်ကြသည်။ (ဆာလံ ၆၅:၂) ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော ဝီလျံဤသို့ပြောခဲ့သည်– “သားမရှိဘဲ ကျွန်တော် ဆက်ပြီးအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ခံစားခဲ့ရတယ်။ သက်သာမှုပေးဖို့ ယေဟောဝါဆီ ကျွန်တော်တောင်းလျှောက်ခဲ့ရတယ်။ ဆက်ပြီးအသက်ရှင်ဖို့ ခွန်အားနဲ့ သတ္တိကို ကိုယ်တော်အမြဲပေးခဲ့တယ်။” သင်လည်း ယုံကြည်မှုနှင့် ယေဟောဝါထံဆုတောင်းမည်ဆိုလျှင် ကြီးမြတ်သောကောင်းကင်ဘုံရှင် ဘုရားသခင်သည် သင့်ကို ထောက်မတော်မူလိမ့်မည်။ ထိုထက်ကား၊ ယေဟောဝါဘုရားသခင်သည် ကိုယ်တော့်အမှုတော်ထမ်းဆောင်သူတို့ကို ဤသို့ကတိပေးတော်မူသည်– “သင်၏ဘုရားသခင်ထာဝရဘုရားက မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကိုကိုင်မည်။”—⁠ဟေရှာယ ၄၁:၁၃

မိတ်ဆွေစစ်များမှရရှိသော ကူညီထောက်မမှု

ကလေးဆုံးပါးသွားသူတို့သည် သီးသန့်ဝမ်းနည်းကြေကွဲရန်နှင့် မိမိတို့၏ခံစားချက်များ ဖြေဖျောက်ရန် အချိန်လိုအပ်လေ့ရှိသည်။ သို့သော် အခြားသူများနှင့် ပေါင်းသင်းခြင်းကို အချိန်အတော်ကြာအထိ ရှောင်မည်ဆိုလျှင် ယင်းသည် သူတို့အတွက် ပညာရှိလမ်းစဉ်ဖြစ်မည်မဟုတ်ပေ။ နယပုံပြင် ၁၈:၁ အရ “သူတစ်ပါးများနှင့်မရောနှောသောသူသည်” စိတ်ဝေဒနာခံစားရပေမည်။ ထို့ကြောင့် ဝမ်းနည်းပူဆွေးနေသူတို့သည် သီးသန့်နေခြင်းထောင်ချောက်ထဲ မကျမိစေရန် သတိပြုသင့်သည်။

ဘုရားသခင်ကို ကြောက်ရွံ့သောမိတ်ဆွေများသည် ဝမ်းနည်းပူဆွေးနေသူတို့ကို လက်တွေ့ကျအကူအညီပေးနိုင်သည်။ နယပုံပြင် ၁၇:၁၇ တွင် ဤသို့ဖော်ပြထားသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။” ပထမဆောင်းပါးတွင် ဖော်ပြထားသော လူစီသည်လည်း သားဖြစ်သူကို ဆုံးရှုံးခဲ့ပြီးနောက် စစ်မှန်သောအပေါင်းအသင်းများပေးသည့်နှစ်သိမ့်မှုကို ရရှိခဲ့သည်။ အသင်းတော်ရှိ ယုံကြည်သူချင်းမိတ်ဆွေများနှင့်ပတ်သက်၍ သူဤသို့ဆိုသည်– “စကားများများမပြောကြပေမဲ့ သူတို့လာလည်တာ အများကြီးအကူအညီဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်ဟာ ကျွန်မတစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ လာလည်တယ်။ ကျွန်မ,အိမ်မှာနေပြီး ငိုနေမယ်ဆိုတာ သူသိတယ်၊ မကြာခဏသူလာပြီး ကျွန်မနဲ့အတူ ငိုတတ်တယ်။ နောက်တစ်ယောက်ကျတော့ ကျွန်မကိုအားပေးဖို့ နေ့တိုင်းဖုန်းဆက်တယ်။ အခြားသူတွေကျပြန်တော့ ထမင်းစားဖို့ သူတို့အိမ်ကို ကျွန်မတို့ကိုဖိတ်ခေါ်ခဲ့ကြတယ်၊ သူတို့အဲဒီလို ဆက်ပြီးဖိတ်ခေါ်ကြတယ်။”

မိမိတို့ကလေး ဆုံးပါးသွားသောအခါ မိဘများခံစားရသော အလွန်ဝမ်းနည်းကြေကွဲမှုသည်  အလွယ်တကူမပျောက်သွားသော်လည်း ဘုရားသခင်ထံဆုတောင်းခြင်းနှင့် စစ်မှန်သောခရစ်ယာန်မိတ်ဆွေများနှင့်ပေါင်းသင်းခြင်းက ထိုဝမ်းနည်းပူဆွေးနေသူများကို စစ်မှန်သောနှစ်သိမ့်မှုဖြစ်စေပါလိမ့်မည်။ ကလေးဆုံးပါးသွားသော ခရစ်ယာန်မိဘများစွာသည် ယေဟောဝါ မိမိတို့နှင့်အတူရှိကြောင်း ခံစားကြရသည်။ မှန်ပါသည်၊ ယေဟောဝါသည် “စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏အနာကိုကုတော်မူ၏။”—⁠ဆာလံ ၁၄၇:⁠၃

နှစ်သိမ့်မှုပေးသော ကျမ်းစာမှတ်တမ်းများ

ဆုတောင်းခြင်းနှင့် တည်ဆောက်မှုဖြစ်စေသည့်ပေါင်းသင်းမှုအပြင် ရေးသားထားသော ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ဝမ်းနည်းပူဆွေးနေသူများအတွက် နှစ်သိမ့်မှုရင်းမြစ်ဖြစ်သည်။ ယေရှုသည် သေလွန်သူများကို အသက်ပြန်ရှင်စေခြင်းအားဖြင့် ဝမ်းနည်းကြေကွဲသောမိဘများ၏ ကြေကွဲမှုကို ဖယ်ရှားရန် အလွန်ဆန္ဒရှိပြီး တတ်လည်းတတ်နိုင်ကြောင်း သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြထားသည်။ ထိုမှတ်တမ်းများက ဝမ်းနည်းပူဆွေးနေသူများကို စစ်မှန်သောနှစ်သိမ့်မှုပေးသည်။ မှတ်တမ်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

နာဣနမြို့တွင် အသုဘလိုက်ပို့သည့်လူတန်းနှင့် ယေရှုဆုံမိရာ ဖြစ်ပျက်ခဲ့သည့်အရာကို လုကာ အခန်းကြီး ၇ တွင်ဖော်ပြထားသည်။ မုဆိုးမ၏ တစ်ဦးတည်းသောသားကို လူတို့သင်္ဂြိုဟ်အံ့ဆဲဆဲအချိန်ဖြစ်သည်။ အခန်းငယ် ၁၃ တွင်ဤသို့ဖော်ပြသည်– “သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ ‘မငိုနှင့်’ ဟုမိန့်တော်မူ၏။”

သားကိုသင်္ဂြိုဟ်ရာတွင် မိခင်ဖြစ်သူကို မငိုနှင့်ဟုပြောဝံ့မည့်သူမရှိသလောက်ပင်။ ယေရှုမူ အဘယ်ကြောင့် ထိုသို့ပြောခဲ့သနည်း။ အကြောင်းမှာ မိခင်၏ဝမ်းနည်းပူဆွေးမှု ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း ကိုယ်တော်သိထား၍ဖြစ်သည်။ မှတ်တမ်းက ဤသို့ဆက်ပြောသည်– “[ယေရှုသည်] အနီးသို့ကြွ၍ တလားကိုလက်နှင့်တို့တော်မူသဖြင့် ထမ်းသောသူတို့သည်ရပ်၍နေကြ၏။ ‘အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်’ ဟု မိန့်တော်မူလျှင် သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။” (လုကာ ၇:၁၃-၁၅) ထိုအချိန်တွင် မိခင်သည် ပြန်၍ငိုရပြန်သည်၊ သို့သော် ဤအချိန်မှာ ဝမ်းသာ၍ ငိုကြွေးခြင်းဖြစ်သည်။

နောက်တစ်ချိန်တွင် အသည်းအသန်ဖျားနေသော ၁၂ နှစ်အရွယ် မိမိ၏သမီးနှင့်ပတ်သက်ပြီး အကူအညီတောင်းရန် ယာဣရုအမည်ရှိသူတစ်ဦးသည် ယေရှုထံချဉ်းကပ်ခဲ့သည်။ ယင်းနောက်မကြာမီတွင် ထိုမိန်းမငယ်သေဆုံးပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ယင်းသတင်းက ယာဣရုကို ဝမ်းနည်းစေ၏၊ သို့သော် ယေရှုက သူ့အား ဤသို့မိန့်တော်မူ၏– “မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့။” ယေရှုသည် ယာဣရုအိမ်သို့ရောက်သောအခါ သေနေသောမိန်းမငယ်ထံသို့ သွား၏။ သူ့ကို လက်နှင့်ကိုင်တော်မူလျက် ဤသို့မိန့်တော်မူ၏– “မိန်းမငယ်ထလော့ငါဆို၏!” အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ “ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍လှမ်းသွား၏။” သူ့မိဘများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ “ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။” ယာဣရုနှင့် သူ့ဇနီးသည် သူတို့၏သမီးကို ပွေ့ဖက်ကြကာ အလွန်ပျော်ရွှင်ခဲ့ကြသည်။ ယင်းသည် သူတို့အတွက် အိပ်မက်မက်နေသကဲ့သို့ ဖြစ်ခဲ့သည်။—⁠မာကု ၅:၂၂-၂၄၊ ၃၅-၄၃

ကလေးများရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သည့် ထိုသို့သောသမ္မာကျမ်းစာအသေးစိတ်မှတ်တမ်းများက ယနေ့ဝမ်းနည်းပူဆွေးနေသောမိဘများအတွက် ရှေ့တွင်မျှော်လင့်နိုင်သည့်အရာကို ဖော်ပြပေးသည်။ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) ယေဟောဝါ၌ မိမိ၏သားတော်သည် သေလွန်သူများကို ပြန်အသက်ရှင်စေမည်ဖြစ်ကြောင်း ရည်ရွယ်ချက်ရှိတော်မူသည်။ မရေတွက်နိုင်သော သေလွန်သူကလေးသန်းပေါင်းများစွာတို့ကို ကိုယ်တော်က “ထလော့၊ ငါဆို၏” ဟုမိန့်ဆိုသောအခါ “ကိုယ်တော်၏စကားသံကိုကြား” ကြလိမ့်မည်။ ထိုလူငယ်တို့သည် ပြန်၍ လမ်းလျှောက်၊ စကားပြောကြပါလိမ့်မည်။ ယာဣရုနှင့်သူ့ဇနီးကဲ့သို့ပင် ထိုကလေးများ၏မိဘတို့သည်လည်း “အလွန်မိန်းမောတွေဝေခြင်းသို့ရောက်ကြ” လိမ့်မည်။

သေခြင်းတွင် သား သို့မဟုတ် သမီးတစ်ယောက်ဆုံးရှုံးခဲ့သည်ဆိုလျှင် ယေဟောဝါသည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သင့်ဝမ်းနည်းကြေကွဲမှုကို ရွှင်လန်းမှုအဖြစ်သို့ ပြောင်းလဲစေနိုင်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ ဤကောင်းမွန်လှသောအလားအလာမှ အကျိုးကျေးဇူးရယူလိုပါက ဆာလံဆရာ၏ဤတိုက်တွန်းချက်ကို လိုက်နာပါ– “ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသောအံ့သြဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက် [တရားတော်] တို့ကိုလည်းကောင်း အောက်မေ့ကြလော့။” (ဆာလံ ၁၀၅:၄၊ ၅) မှန်ပါသည်၊ စစ်မှန်သောဘုရားသခင်ယေဟောဝါ၏ အမှုတော်ဆောင်ပြီး ကိုယ်တော်နှစ်သက်လက်ခံသည့်နည်းဖြင့် ကိုယ်တော့်ကို ကိုးကွယ်ပါ။

‘ယေဟောဝါကို ရှာ’ မည်ဆိုလျှင် လောလောဆယ် အဘယ်အကျိုးကျေးဇူးရရှိမည်နည်း။ ဘုရားသခင်ထံဆုတောင်းခြင်းအားဖြင့် သင်ခွန်အားရရှိမည်၊ စစ်မှန်သောခရစ်ယာန်အပေါင်းအဖော်များ၏ မေတ္တာပါစိုးရိမ်ပေးမှုများမှတစ်ဆင့် နှစ်သိမ့်မှုခံစားရမည်၊ ဘုရားသခင့်နှုတ်မြွက်စကားတော်လေ့လာခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ခံရမည်ဖြစ်သည်။ ထို့ပြင် မကြာမီအနာဂတ်တွင် ယေဟောဝါသည် သင့်ထာဝရကောင်းကျိုးအတွက်နှင့် သေခြင်းတွင် သင်ဆုံးရှုံးခဲ့သောကလေးအတွက် ‘အံ့သြဖွယ်နှင့် ထူးဆန်းသောအမှုတော်များ’ လုပ်ဆောင်မည်ကို သင်တွေ့ကြုံခံစားပါလိမ့်မည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

“ကလေးနှစ်ယောက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီးကို ခေါ်လာပါ”

ယေဟောဝါသက်သေများဖြစ်သော နိုင်ဂျီးရီးယန်းဇနီးမောင်နှံ ကီဟင်းဒီနှင့် ဘင်တိုတို့သည် မတော်တဆကားတိုက်မှုတစ်ခုတွင် မိမိတို့၏ကလေးနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ သူတို့သည် ယင်းကြီးမားသည့်ဆုံးရှုံးမှုကြောင့် ဝမ်းနည်းကြေကွဲမှုခံစားခဲ့ကြရသည်။ ထိုသို့ခံစားရသည့်တိုင် ယေဟောဝါအပေါ် သူတို့၏ယုံကြည်ခြင်းက သူတို့ကို ထောက်မပေးပြီး သမ္မာကျမ်းစာပါမျှော်လင့်ချက်သတင်းစကားကို အိမ်နီးချင်းများထံ ဆက်ဝေမျှနေကြသည်။

ကီဟင်းဒီနှင့် ဘင်တိုတို့တင်ပြခဲ့သော စိတ်တည်ငြိမ်မှုနှင့် ခံရပ်နိုင်မှုကို အခြားသူတို့ သတိပြုမိခဲ့ကြသည်။ မစ္စစ်အိုကိုလီအမည်ရှိသော အမျိုးသမီးတစ်ယောက်သည် တစ်နေ့တွင် ဘင်တို၏သူငယ်ချင်းများထဲမှတစ်ယောက်ကို ဤသို့ပြောခဲ့သည်– “တစ်ချိန်တည်းမှာ ကလေးနှစ်ယောက်ဆုံးရှုံးခဲ့ပေမဲ့ သမ္မာကျမ်းစာသတင်းတရားကို ဆက်ဟောပြောနိုင်တဲ့ အမျိုးသမီးကို ခေါ်လာပါ။ ခံနိုင်ရည်ရှိဖို့ ဘာက သူ့ကို ခွန်အားရှိစေတယ်ဆိုတာ ကျွန်မသိချင်တယ်။”ဘင်တိုသည် မစ္စစ်အိုကိုလီ၏အိမ်သို့ရောက်သောအခါ သူက ဘင်တိုကို ဤသို့ပြောသည်– “ရှင့်ကလေးတွေကို သတ်တဲ့ဘုရားသခင်အကြောင်းကို ဘာကြောင့် ဆက်ဟောပြောနေတာလဲဆိုတာကို ကျွန်မသိချင်တယ်။ ဘုရားသခင်က ကျွန်မရဲ့တစ်ဦးတည်းသောသမီးငယ်လေးကို ယူသွားတယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင်နဲ့ပတ်သက်လို့ ကျွန်မဘာမှ စိတ်မဝင်စားတော့ဘူး။” ဘင်တိုသည် သမ္မာကျမ်းစာကိုအသုံးပြုပြီး လူတို့သေဆုံးရသည့်အကြောင်းရင်းနှင့် သေလွန်သွားသောချစ်မြတ်နိုးရသူတို့ ပြန်ရှင်ပြန်ထမြောက်လာကြမည်ကို အဘယ့်ကြောင့်ယုံကြည်စိတ်ချနိုင်ကြောင်းတို့ကို ရှင်းပြသည်။—⁠တမန်တော် ၂၄:၁၅; ရောမ ၅:၁၂

ထို့နောက် မစ္စစ်အိုကိုလီ ဤသို့ပြောခဲ့သည်– “ဘုရားသခင်က လူတွေကို သေစေတယ်လို့ ကျွန်မထင်ခဲ့တာ။ အခုတော့ ကျွန်မ အမှန်တရားကိုသိပြီ။” သူသည် ဘုရားသခင့်ကတိတော်များအကြောင်း ပိုမိုသိရှိရန် ယေဟောဝါသက်သေများနှင့်အတူ သမ္မာကျမ်းစာလေ့လာဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

‘ကျွန်တော်ကူညီချင်တယ်၊ ဒါပေမဲ့ ဘယ်လိုကူညီရမှန်းမသိဘူး’

သေဆုံးသွားသောကလေး၏မိဘများနှင့် မောင်နှမများ အကြီးအကျယ်ဝမ်းနည်းနေစဉ် သူတို့၏မိတ်ဆွေများလည်း စိတ်ပူပန်ကြပေမည်။ ပူဆွေးနေသောမိသားစုကို သူတို့ထောက်မလိုကြသော်လည်း ဝမ်းနည်းဖွယ်အခြေအနေကို ပိုဆိုးစေမည့် ပြောမှားဆိုမှား ပြုမိမည်ကို စိုးရိမ်ကြသည်။ ‘ကျွန်တော်ကူညီချင်တယ်၊ ဒါပေမဲ့ ဘယ်လိုကူညီရမှန်းမသိဘူး’ ဟု တွေးမိသူများအတွက် ဤတွင် အကြံပေးချက်တချို့ပေးထားသည်။

❖ သင်ဘာပြောရမည် သို့မဟုတ် လုပ်ရမည်ကို မသိသောကြောင့် ပူဆွေးကြေကွဲကျန်ရစ်သူတို့ကို မရှောင်ပါနှင့်။ သင်ကိုယ်တိုင်ရှိနေခြင်းသည် သူတို့အတွက် အားရှိစရာဖြစ်သည်။ သင်ဘာပြောရမှန်းမသိ ဖြစ်နေသလော။ ပွေ့ဖက်ပြီး “ကျွန်တော်အရမ်းဝမ်းနည်းပါတယ်” ဟုစိတ်ရိုးမှန်နှင့်ပြောခြင်းက သူတို့ကို သင်ဂရုစိုက်ကြောင်းသိစေသည်။ သင်မျက်ရည်ကျလာသည့်အတွက် သူတို့၏ဝမ်းနည်းမှု ပိုတိုးသွားမည်ကို စိုးရိမ်ပါသလော။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ပြုကြလော့။’ (ရောမ ၁၂:၁၅) သင်၏မျက်ရည်က သူတို့နှင့်အတူ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး ယင်းက သူတို့အတွက် နှစ်သိမ့်မှုဖြစ်စေသည်။

❖ အစပြုလုပ်ဆောင်ပါ။ မိသားစုအတွက် အစားအစာ ပြင်ဆင်ပေးနိုင်မည်လော။ ပုံနေသည့်ညစ်ပေနေသောပန်းကန်ခွက်ယောက်များကို ဆေးကြောပေးနိုင်မည်လော။ သူတို့အတွက် တောက်တိုမည်ရလုပ်ပေးနိုင်မည်လော။ “လိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် ကျွန်တော့်ကို အသိပေးပါ” ဟူ၍ မပြောပါနှင့်။ စိတ်ရင်းမှန်နှင့်ပြောဆိုသည့်တိုင် ထိုစကားများက သင်သည် ပူဆွေးကြေကွဲကျန်ရစ်သောမိဘများကို မကူညီနိုင်လောက်အောင် အလုပ်များနေသည်ဟူသော အဓိပ္ပာယ်သက်ရောက်စေသည်။ ယင်းသို့ပြောမည့်အစား “အခု ကျွန်တော်ဘာလုပ်ပေးရမလဲ” ဟုပြောပြီး သူတို့ပြောရာကို လုပ်ဆောင်ပါ။ သို့သော် သူတို့၏သီးသန့်နေရာများ သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကိုမူ ရှောင်ပါ။

❖ “ခင်ဗျားဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်” ဟူသောအပြောမျိုးကို ရှောင်ပါ။ ချစ်မြတ်နိုးရသူသေဆုံးခြင်းကြောင့် ခံစားရသော လူတို့၏ဝမ်းနည်းကြေကွဲမှုများ မတူကြပါ။ သင်ကိုယ်တိုင် ကလေးတစ်ဦး ဆုံးရှုံးခဲ့ဖူးသည့်တိုင် သူတို့မည်သို့ခံစားသည်ကို သင်အတိအကျမသိနိုင်ပါ။

❖ မိသားစုသည် ပုံမှန်အခြေအနေပြန်ဖြစ်လာပြီဟု ပြန်ခံစားရသည့်အထိ အချိန်များစွာကုန်လွန်ပါလိမ့်မည်။ သင်တတ်နိုင်သရွေ့ သူတို့ကို ဆက်၍ကူညီပေးပါ။ ပူဆွေးဝမ်းနည်းနေသောမိသားစုကို အစပိုင်းရက်များတွင် အားရပါးရအကူအညီလာပေးလေ့ရှိကြသော်လည်း သူတို့သည် ဆက်၍အကူအညီလိုအပ်ကြသည်။ လာမည့်အပတ်များ၊ လများတွင် သူတို့လိုအပ်မည့်အရာများကို သိမြင်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ကလေးတစ်ဦးဆုံးရှုံးခြင်းကြောင့် ပူဆွေးဝမ်းနည်းနေသူများအား မည်သို့ကူညီပေးနိုင်ပုံနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာ၏ စာမျက်နှာ ၂၀-၂၄ ပါ “အခြားသူများ မည်သို့အကူအညီပေးနိုင်သနည်း” ဟူသောအခန်းကို ကြည့်ပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ကလေးများ ပြန်အသက်ရှင်လာစေရန်ယေရှုတွင် တန်ခိုးတော်နှင့် ဆန္ဒရှိကြောင်းသမ္မာကျမ်းစာမှတ်တမ်းများက ဖော်ပြ