မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အသက်သည် မည်မျှအဖိုးထိုက်တန်သနည်း

သင်၏အသက်သည် မည်မျှအဖိုးထိုက်တန်သနည်း

သင်၏​အသက်သည် မည်မျှ​အဖိုးထိုက်တန်​သနည်း

ထမ​ကမ္ဘာ​စစ်​အတွင်း ဥရောပ​၌ မရေမတွက်​နိုင်သော အသက်​ပေါင်း​များစွာ စတေး​ခံ​နေရ​စဉ် အန္တာတိ​က​ဒေသ​တွင် အသက်​များ​ကို ကယ်တင်​ရန် အံ့သြဖွယ်ကောင်း​အောင် ကြိုးစား​နေကြ​သည်။ အ​င်္ဂ​လို-အိုင်​ရ​စ်​လူမျိုး နယ်မြေ​သစ်​ရှာဖွေသူ အာနက်စ် ရှဲ​ကဲ​လ်​တုန်​နှင့် အပေါင်းပါ​တို့သည် သူတို့၏​အဲ​န်​ဂျူး​ရဲ​န်စ်​သင်္ဘော​က ပင်လယ်​ရေခဲစိုင်​ကို တိုက်မိ​ပြီး နစ်မြှုပ်​သွား​သည့်​အခါ အကြီးအကျယ်​ဘေးဆိုး​နှင့် ကြုံတွေ့ ခဲ့​ရ​ရှာ​၏။ ရှဲ​ကဲ​လ်​တုန်​သည် တောင်​အတ္တ​လ​န်​တိတ်​သမုဒ္ဒရာ​ရှိ အဲလီ​ဖဲ့န်ထ်​ကျွန်း​ပေါ်​ရှိ လုံခြုံ​ရာ​အရပ်သို့ သူ၏​လူများ အန္တရာယ်ကင်း​စွာ ရောက်ရှိ​နိုင်​ရန် စီစဉ်​ခဲ့​လေ​သည်။ သို့သော် သူတို့သည် အကြီးအကျယ်​အသက်​အန္တရာယ်​နှင့် ရင်ဆိုင်​နေရ​ဆဲ​ပင်။

သူတို့ အသက်ဆက်ရှင်​ရန် တစ်ခု​တည်း​သော​မျှော်လင့်ချက်​မှာ တောင်​ဂျော်ဂျီယာ​ကျွန်း​ပေါ်​ရှိ ဝေလငါး​ဖမ်း​သည့်​စခန်း​မှ အကူအညီ​ရောက်ရှိ​လာ​ခြင်း​အပေါ် မူတည်​ကြောင်း ရှဲ​ကဲ​လ်​တုန် နားလည်​လိုက်​သည်။ ထို​စခန်း​သည်​မိုင် ၇၀၀ တွင်​ရှိပြီး သူ့​တွင် အဲ​န်​ဂျူး​ရဲ​န်စ်​သင်္ဘော​မှ ဆယ်ယူ​ထား​သည့် ၂၂ ပေ​ရှိ အသက်ကယ်​လှေ​တစ်စင်း​သာ​ရှိသည်။ သူတို့၏​မျှော်လင့်ချက်​အလားအလာ​မှာ မကောင်း​ချေ။

သို့သော် ၁၇ ရက်​ကြာကြာ အလူးအလဲ​ခံရ​ပြီး​နောက် ၁၉၁၆၊ မေ ၁၀ ရက်​နေ့တွင် ရှဲ​ကဲ​လ်​တုန်​နှင့် အုပ်စုငယ်​သည် တောင်​ဂျော်ဂျီယာ​သို့ ရောက်ရှိ​ခဲ့​ကြသည်၊ သို့သော် ပင်လယ်ပြင်​၏​အခြေအနေ အလွန်​ဆိုးရွား​သောကြောင့် သူတို့သည် ကျွန်း​၏​အခြား​တစ်ဖက်​သို့ ရောက်သွား​လေ​သည်။ သူတို့၏​ခရီးဆုံး​သို့​ရောက်ရှိ​ရန် မြေပုံ​တွင်​မပါ​သည့် နှင်းဖုံး​လွှမ်း​နေသော​တောင်​များ​ကို အထပ်ထပ်​ဖြတ်ကျော်​ကာ မိုင် ၂၀ ခြေလျင်​ခရီး​ကို သွားခဲ့​ကြ​ရသည်။ ရှဲ​ကဲ​လ်​တုန်​နှင့် သူ၏​အပေါင်းပါများ​သည် အခက်အခဲ​အမျိုးမျိုး​ကြား—သု​ည​ဒီဂရီ​အောက်တွင် တောင်တက်​ပစ္စည်း​များ​မပါဘဲ—သူတို့၏​ခရီးလမ်း​ဆုံး​သို့ ရောက်ရှိ​ခဲ့​ကြ​ပြီး နောက်ဆုံး​တွင် ရှဲ​ကဲ​လ်​တုန်​သည် သောင်တင်​နေသော သူ၏​လူအားလုံးကို ကယ်ဆယ်​နိုင်​ခဲ့​လေ​သည်။ ရှဲ​ကဲ​လ်​တုန်​သည် အဘယ်ကြောင့် ဤမျှ​အစွမ်းကုန်​ကြိုးစား​အားထုတ်​ခဲ့​ရသနည်း။ အတ္ထုပ္ပတ္တိ​ရေးသူ ရို​လဲ​န် ဟာ​န်​ဖို​ဒ်​က ဤသို့​ရေးသား​၏– “သူ၏​ရည်ရွယ်ချက်မှာ သူ၏​လူအားလုံး​သည် ဘေးကင်း​စွာ အသက်ရှင်​ကျန်ရစ်​ရန်ဖြစ်​သည်။”

“တစ်စုံတစ်ခု​မျှ မ​ပေါ်​ဘဲ​မနေ​ရ”

ရှဲ​ကဲ​လ်​တုန်​၏​လူတို့သည် “အေးစိမ့်​ပြီး လူသူမရှိ​သည့် မိုင်​နှစ်​ဆယ်​ကျယ်ဝန်း​သော ကျောက်ဆောင်၊ ရေခဲ​ကျွန်း” ပေါ်​တွင် စု​ပြုံ​စောင့်​နေကြ​စဉ် လုံးဝ​မျှော်လင့်ချက်​ကင်းမဲ့​နေသည့် သူတို့ကို ကယ်​လိုက်​သည့်​အရာ​ကား အဘယ်နည်း။ မိမိတို့၏​ခေါင်းဆောင်​သည် ကတိ​အတိုင်း ကယ်​မည်​ကို ယုံကြည်​စိတ်ချ​ခြင်း​ဖြစ်၏။

ယနေ့ လူသားများ​သည် အဲလီ​ဖဲ့န်ထ်​ကျွန်း​ပေါ်​တွင် သောင်တင်​နေကြ​သော ထို​သူတို့နှင့် အလွန်​တူ​၏။ လူများစွာ​သည် မယုံနိုင်​အောင် ဆင်းရဲ​ခက်ခဲ​သည့် ဘဝ​အခြေအနေ​များ​အောက်တွင် အသက်ရှင်ရုံ​လေး​အတွက်​ပင် ရုန်းကန်​ကြိုးစား​နေရ​ရှာ​သည်။ သို့​တိုင် ဘုရားသခင်​သည် ဖိစီး​နှိပ်စက်မှု​နှင့် ဝမ်းနည်း​ကြေကွဲမှု​တို့​မှ “အမှုရောက်​သော ဆင်းရဲသား​တို့ကို ကယ်တင်​တော်​မူ” မည်​ကို သူတို့ အပြည့်အဝ​ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ (ယောဘ ၃၆:၁၅) လူတိုင်း​၏​အသက်ကို ဘုရားသခင် တန်ဖိုး​ထား​ကြောင်း စိတ်ချ​ပါ။ ဖန်ဆင်း​ရှင်​ယေဟောဝါ​ဘုရားသခင်​က ‘အမှုရောက်​သည်​ကာလ​၌ ငါ့ကို ဆုတောင်း​ကြလော့။ ငါသည် ကယ်လွှတ်​မည်’ ဟု​မိန့်ဆို​၏။—ဆာလံ ၅၀:၁၅

ဖန်ဆင်း​ရှင်​သည် ကမ္ဘာ​မြေပေါ်​မှ သန်း​ထောင်နှင့်ချီ​ရှိသော လူသား​တို့​ထဲ​မှ တစ်ဦး​သာ​ဖြစ်သည့် သင့်​အား တန်ဖိုး​ထား​သည်ကို ယုံရခက်​နေ​သလော။ သို့​ဖြစ်​လျှင် ကြီးမား​ကျယ်ပြော​လှ​သော စကြဝဠာ​တွင် ကုဋေ​နှင့်​ချီ​ရှိသော​ဂလက်ဆီ​များ​အတွင်းရှိ ကုဋေ​နှင့်​ချီ​ရှိသော​ကြယ်​များ​အကြောင်း ပရောဖက်​ဟေရှာယ ရေးသားခဲ့​ရာ​ကို သတိပြုပါ။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “အထက်​သို့ မျှော်ကြည့်​ကြလော့။ ထို​အရာ​တို့ကို အဘယ်သူ​ဖန်ဆင်း​သနည်း။ ထို​သူသည် သူတို့​အလုံးအရင်း​ကို အရေအတွက်​အားဖြင့် ထုတ်ဆောင်​တော်​မူ​၏။ အလုံးစုံ​တို့ကို နာမည်​ဖြင့် ခေါ်တော်မူ​၏။ ခွန်အား​ကြီး​၍ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့် တစ်စုံတစ်ခု​မျှ မ​ပေါ်​ဘဲ​မနေ​ရ။”—ဟေရှာယ ၄၀:၂၆

၎င်း​၏​ဆိုလိုချက်​ကို သင်​နားလည်​ပါသလော။ ကျွန်ုပ်​တို့၏ နေ​အဖွဲ့အစည်း​တစ်စိတ်​တစ်​ဒေသ​မျှ​သာ ပါဝင်​တည်ရှိ​နေသည့် နဂါးငွေ့တန်း​ဂလက်ဆီ​၌ အနည်းဆုံး​ကြယ်​ပေါင်း ၁၀၀ ဘီလီယံ​ပါရှိ​သည်။ အခြား​ဂလက်ဆီ မည်မျှ​ရှိသေး​သနည်း။ မည်သူမျှ တပ်အပ်​မသိကြ​သော်လည်း တချို့က ၁၂၅ ဘီလီယံ​ရှိသည်​ဟု ခန့်မှန်း​ကြ​၏။ ရင်သပ်​ရှုမောဖွယ်​ကောင်း​လောက်​အောင် များပြား​လှ​သည့်​ကြယ်​များ ရှိနေကြ​မည်​ဖြစ်သည်! သို့​တိုင် စကြဝဠာ​ဖန်ဆင်း​ရှင်​သည် ကြယ်​တစ်လုံးစီ​ကို နာမည်​ဖြင့် သိတော်မူ၏​ဟု သမ္မာကျမ်းစာ​က​ဆို​၏။

“သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏”

‘သို့သော် ကုဋေ​နှင့်​ချီ​ရှိသော ကြယ်​များ သို့​မဟုတ် လူများ​၏​အမည်​တို့ကို သိရှိ​ရုံ​ဖြင့်​သာ တစ်ဦးချင်း​ကို ဂရုစိုက်​သည်​ဟု ယူ​မှတ်၍​မရ’ ဟူ၍ တစ်ဦး​တစ်ယောက်​က ဆို​ပေမည်။ မှတ်ဉာဏ်​အလုံအလောက်​ရှိသော ကွန်ပျူတာ​တစ်လုံး​သည် လူတို့၏​အမည်များ​ကို သန်း​ထောင်နှင့်ချီ​၍ သိမ်းထား​နိုင်​သည်။ သို့​တိုင် ကွန်ပျူတာ​သည် ထို​အထဲ​မှ​တစ်ဦးဦး​ကို ဂရုစိုက်​သည်​ဟု မည်သူမျှ ယူမှတ်​မည်​မဟုတ်ပါ။ သို့သော် ယေဟောဝါ​ဘုရားသခင်​သည် သန်း​ထောင်နှင့်ချီ​ရှိသော လူတို့၏​အမည်များ​ကို သိရှိ​ရုံ​သာမက တစ်ဦးချင်း​စီ​ကို ဂရုစိုက်​တော်​မူ​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​၏။ “သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့် သင်တို့၌ စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌ အပ်နှံ​ကြလော့” ဟု​တမန်​တော်​ပေတရု​က ရေးသားခဲ့​သည်။—၁ ပေတရု ၅:၇

ယေရှု​ခရစ်​က ဤသို့​မိန့်ဆိုခဲ့သည်– “စာငှက်​နှစ်ကောင်ကို အဿရိ​တစ်ပြား​ဖိုး​နှင့် ဝယ်ရသည်​မဟုတ်လော။ သင်တို့​အဘ​အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။ သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။ ထို့​ကြောင့် မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏။” (မဿဲ ၁၀:၂၉-၃၁) ဘုရားသခင်​သည် စာငှက်​များနှင့် လူ​တို့​တွင် အဘယ်အရာ​ဖြစ်နေ​သည်ကို သိနေ​သည်​ဟူ၍​သာ ယေရှု​မ​မိန့်ဆို​ကြောင်း သတိပြုပါ။ ကိုယ်တော်​က “သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ သင်သည် အဘယ်ကြောင့် သာ၍​မြတ်​သနည်း။ အကြောင်း​မှာ သင်သည် ဘုရားသခင်​၏​မြင့်မြတ်​သော အရည်အသွေး​တော်​များ​ကို ရောင်ပြန်ဟပ်​နိုင်​သည့် ကိုယ်ကျင့်တရား၊ ဉာဏ်ရည်​နှင့် ဝိညာဉ်​ရေး​အရည်အသွေးများ​ကို ပျိုးထောင်​ပြီး တင်ပြ​နိုင်စွမ်း​ဖြင့် “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ” ဖန်ဆင်း​ခံ​ထား​ရ၏။—ကမ္ဘာဦး ၁:၂၆၊ ၂၇

“အသိဉာဏ်​ဖြင့်​လုပ်ဆောင်မှု​မှ ထွက်ပေါ်​လာ”

ဖန်ဆင်း​ရှင်​ရှိ​တော်​မူ​သည်ကို မယုံကြည်​သူများ​၏ အထောက်အထား​မရှိသော အဆို​များ​ကြောင့် လမ်းလွဲ​မခံ​ပါ​နှင့်။ သူတို့၏​အဆို​အရ မျက်မြင်မရ သက်မဲ့​သဘာဝ​စွမ်းအား​စု​များ​က သင့်ကို ဖြစ်ပေါ်​စေ​သည်။ သင်သည် “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ” ဖြစ်​ဖို့​ဝေး​စွ၊ ဤ​ဂြိုဟ်​ပေါ်​ရှိ စာငှက်​များ​အပါအဝင် တခြား​တိရစ္ဆာန်​အားလုံး​နှင့် ဘာမျှ​မထူးမခြား​နား​ဟု​ဆို​၏။

မတော်တဆ သို့​မဟုတ် မျက်မြင်မရ​စွမ်းအား​ကြောင့် ဤ​နေရာတွင် အသက်​ဖြစ်ပေါ်​လာ​ရခြင်း ဖြစ်သည်ဟု​ဆိုလျှင် သင့်အတွက် ယုတ္တိ​ရှိ​မည်​လော။ မော်လီကျူး​ဇီဝ​ဗေဒ​ပညာရှင် မိုက်ကယ်​လ် ဂျေ. ဘီ​ဟီ​၏​အဆို​အရ အသက်ကို စီမံ​ညွှန်ကြား​ပေး​သည့် “အံ့ဖွယ်ကောင်း​အောင် ရှုပ်ထွေး​နေသော ဇီဝ​ဓာတု​ဖြစ်​စဉ်​များ” က ထို​အယူ​သည် လုံးဝ​ယုတ္တိမရှိ​ကြောင်း ဖော်ပြ​နေသည်။ ဇီဝ​ဓာတု​ဗေဒ​၏​အထောက်အထား​က “ကမ္ဘာ​ပေါ်​ရှိ သက်ရှိ​သည် ၎င်း​၏​အခြေခံ​အ​ကျဆုံး​အဆင့်​တွင်​ပင် . . . အသိဉာဏ်​ဖြင့်​လုပ်ဆောင်မှု​မှ ထွက်ပေါ်​လာ​၏” ဟု​မလွှဲ​မရှောင်​သာ ကောက်ချက်​ချ​စေ​သည်​ဟူ၍ သူက​ဆို​၏။—ဒါ​ဝင်​၏​သေတ္တာ​နက်—ဆင့်ကဲဖြစ်စဉ်​အား ဇီဝ​ဓာတု​၏​စိန်ခေါ်ချက်။

ကမ္ဘာ​ပေါ်​ရှိ အသက်​အသီးသီး​သည် အသိဉာဏ်​ဖြင့်​လုပ်ဆောင်မှု​မှ ထွက်ပေါ်​လာ​သည်​ဟု သမ္မာကျမ်းစာ​က ဆို​၏။ အဆိုပါ​အသိဉာဏ်​ဖြင့် လုပ်ဆောင်မှု​တိုင်း​၏ ရင်းမြစ်​မှာ စကြဝဠာ​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​ဖြစ်​ကြောင်း ယင်းက​ဆို​၏။—ဆာလံ ၃၆:၉; ဗျာ. ၄:၁၁

နာကျင်မှု​ဝေဒနာ​တို့​နှင့် ပြည့်နှက်​နေသော ကမ္ဘာ​ပေါ်​တွင် ကျွန်ုပ်​တို့ ခံရပ်​ရမည်​ဟူသော​အချက်​ကြောင့် ကမ္ဘာ​မြေ​နှင့် ယင်း​ပေါ်​မှ အသက်​ရှိရှိသမျှ​၏ ဖန်ဆင်း​ရှင်​နှင့် ပုံစံ​ပြု​ရှင်​တစ်ပါး​ရှိသည်​ဟူသော ယုံကြည်ခြင်း​မှ သွေဖည်​သွားခွင့်​မပြု​ပါ​နှင့်။ အခြေခံကျ​သော အမှန်တရား​နှစ်ခု​ကို စိတ်စွဲ​မှတ်​ပါ။ တစ်ခု​မှာ ကျွန်ုပ်​တို့​ဝန်းကျင်​တွင် တည်ရှိ​နေသည့် အားနည်းချို့ယွင်း​မှု​ကို ဘုရားသခင် ပုံစံ​ပြု​ခဲ့​ခြင်း​မဟုတ်ပါ။ နောက်တစ်ခု​မှာ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​တွင် အကြောင်းကောင်း​များ​ရှိသောကြောင့် ယင်းကို ခေတ္တ​ယာယီ​ခွင့်ပြု​ထား​ရခြင်း​ဖြစ်သည်။ ဤ​မဂ္ဂဇင်း​တွင် မကြာခဏ ဆွေးနွေး​ခဲ့​သည့်​အတိုင်း ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ကနဦး​လူသားများ ငြင်းပယ်​ခဲ့​သည့်​အချိန်တွင် ပေါ်ပေါက်​လာ​သည့် ကျင့်ဝတ်​ဆိုင်ရာ​အရေးကိစ္စကို အပြီးအပိုင်​ဖြေရှင်းရန် မကောင်းမှုကို အချိန်​အကန့်အသတ်​ဖြင့်​သာ တည်ရှိ​ခွင့်ပြု​ထား​၏။ *ကမ္ဘာဦး ၃:၁-၇; တရားဟောရာ ၃၂:၄၊ ၅; ဒေ. ၇:၂၉; ၂ ပေတရု ၃:၈၊ ၉

‘ငတ်မွတ်​သော​သူ အော်ဟစ်​သောအခါ ထို​သူကို ချမ်းသာပေး​တော်​မူ​လိမ့်​မည်’

အမှန်​မှာ ယနေ့ လူများစွာ​သည် ဆင်းရဲ​ဝေဒနာ​ခံစား​နေရ​လျက်​ပင် အသက်သည် ထူးမြတ်​သော​ဆုကျေးဇူး​တစ်ခု ဖြစ်​နေဆဲ​ပင်။ အသက်ကို အတတ်နိုင်ဆုံး ကာကွယ်​ကြသည်။ ဘုရားသခင် ကတိပြု​ထား​သည့် အနာဂတ်​အသက်တာသည် အဲလီ​ဖဲ့န်ထ်​ကျွန်း​ပေါ်​တွင် ရှဲ​ကဲ​လ်​တုန်​၏​လူများ​ကဲ့သို့ ခက်ခဲ​ကြမ်းတမ်း​ပြီး ဆင်းရဲ​နာကျင်မှု​များ​မှ လွတ်မြောက်​ရုံ ကြိုးစား​ရုန်းကန်​ခြင်း​ထက်မက​ပေ။ ဘုရားသခင်​၏​ရည်ရွယ်ချက်မှာ ကိုယ်တော်​ဖန်ဆင်း​ထားသော လူသား​အတွက် မူလ​က ရည်ရွယ်​ထား​သည့် “မှန်သော​အသက်ကို ဝင်စား” နိုင်​ရန် ယခု​တည်ရှိ​နေသည့် နာကျင်မှု​ဝေဒနာ​နှင့် အချည်းနှီး​သော​အမှုတို့​မှ ကျွန်ုပ်​တို့ကို လွတ်မြောက်​စေဖို့​ဖြစ်၏။—၁ တိမောသေ ၆:၁၉

ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဘုရားသခင်​၏​မျက်မှောက်တွင် တန်ဖိုး​ရှိသောကြောင့် ယင်း​တို့အားလုံး​ကို ကိုယ်တော်​ပြုလုပ်​ပေး​တော်​မူ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​ဖြစ်​ကြသော အာဒံ​နှင့်​ဧဝ​တို့​မှ အမွေ​ရရှိခဲ့​သည့် အပြစ်၊ မစုံလင်မှု​နှင့် သေခြင်း​တို့​မှ ကျွန်ုပ်​တို့ကို လွတ်မြောက်​စေရန် လိုအပ်​သည့် ရွေးနုတ်​ရာ​ယဇ်​အဖြစ် သားတော်​ယေရှု​ခရစ်​ကို ကိုယ်တော်​စီစဉ်​ပေး​ခဲ့​သည်။ (မဿဲ ၂၀:၂၈) ယေရှု​ခရစ်​က ဤသို့​မိန့်ဆို​၏– ‘ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကသား​တို့ကို ချစ်တော်မူ​၏။’—ယောဟန် ၃:၁၆

ယခု နာကျင်မှု​ဝေဒနာ​နှင့် ဖိစီး​နှိပ်စက်မှု​တို့​ကြောင့် အသက်​အန္တရာယ်​ရှိနေ​သူများ​အတွက် ဘုရားသခင် အဘယ်အရာ ပြုလုပ်​ပေး​တော်​မူ​မည်​နည်း။ ဘုရားသခင်​၏​သားတော်​နှင့်​စပ်လျဉ်း၍ ကိုယ်တော်​၏​မှုတ်သွင်းခံ​စကားတော်​က ဤသို့​ဆို​၏– “ငတ်မွတ်​သော​သူ​အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။ ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူကို သနား​၍ ငတ်မွတ်​သော​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​လိမ့်​မည်။ သူတို့​အသက်ကို လှည့်စားခြင်း​နှင့် ညှဉ်းဆဲခြင်း​၏​လက်​မှ ရွေးနုတ်” ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်တော်​သည် အဘယ်ကြောင့် ဤသို့​ပြုလုပ်​ပေး​သနည်း။ အကြောင်း​မှာ “သူတို့​အသွေး [သို့​မဟုတ် သူတို့၏​အသက်] ကို​နှမြော​တော်​မူ​လိမ့်​မည်။”—ဆာလံ ၇၂:၁၂-၁၄

လူသား​တို့သည် နာကျင်မှု​နှင့် ဆင်းရဲ​ဝေဒနာ​များ​ကြောင့် “ညည်းတွား” နေရ​ဘိ​သကဲ့သို့ အပြစ်​နှင့်​မစုံလင်မှု ဝန်ထုပ်ဝန်ပိုး​အောက်တွင် ပင်ပန်း​ကြီးစွာ ရုန်းကန်​နေရ​သည်​မှာ နှစ်​ရာစု​နှင့်​ချီ​နေ​ပေ​ပြီ။ ဘုရားသခင်​သည် ဖြစ်ပေါ်​လာ​မည့် မည်သည့်​ထိခိုက်​ပျက်စီးမှု​ကို​မဆို ကုစား​ပေး​နိုင်​သည်ကို သိထား​သောကြောင့် ယင်းကို ခွင့်ပြု​ထား​ရခြင်း​သာ​ဖြစ်သည်။ (ရောမ ၈:၁၈-၂၂) ယခု များ​မကြာမီ ကိုယ်တော်​သည် သားတော်​ယေရှု အုပ်ချုပ်​မည့် ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် “အလုံးစုံသော​အရာ​တို့ကို အသစ်​ပြုပြင်​တော်” မူ​လိမ့်​မည်။—တမန်​တော် ၃:၂၁; မဿဲ ၆:၉၊ ၁၀

၎င်း​တွင် တစ်ချိန်က ဆင်းရဲ​ဝေဒနာ​ခံစား​ရပြီး သေဆုံး​ခဲ့​သူများ ရှင်ပြန်ထမြောက်ခြင်း​ပါဝင်​သည်။ သူတို့သည် ဘုရားသခင်​၏​မှတ်ဉာဏ်​တွင် အသေအချာ​ရှိနေကြ​သည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅) မကြာမီ သူတို့သည် နာကျင်မှု​နှင့် ဆင်းရဲ​ဝေဒနာ​တို့ ပပျောက်​သွား​မည့် ပရဒိသု​မြေကြီးပေါ်​တွင် စုံလင်ခြင်း​ထာဝရ​အသက်​ဖြစ်သော “ကြွယ်ဝ” သည့်​အသက်ကို ရရှိပါ​တော့​မည်။ (ယောဟန် ၁၀:၁၀သမ္မာ; ဗျာ. ၂၁:၃-၅) အသက်ရှင်နေ​ထိုင်​သူအား​လုံး​သည် ဘဝ၏​အရသာ​ကို အပြည့်အဝ​ခံစား​နိုင်​ပြီး “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ” ဖန်ဆင်း​ခံရ​သူများကို မှတ်သား​ဖော်ပြ​သည့် အလွန်​ကောင်းသော အရည်အသွေးများနှင့် စွမ်းရည်​များ​ကို ပျိုးထောင်​နိုင်​ပါ​လိမ့်​မည်။

သင်သည် ယေဟောဝါ ကတိပြု​ထား​သည့် အသက်ကို စံစား​ရန် အရန်​သင့်​ရှိနေ​မည်​လော။ ၎င်း​သည် သင့်​အပေါ် မူတည်​ပါ​သည်။ အဆိုပါ​ကောင်းချီး​များ ဖြစ်ပေါ်​လာ​စေရန် ဘုရားသခင် ပြုလုပ်​ပေး​ထား​သည့် စီစဉ်​ပေး​မှုများ​ကို အသင်​ကိုယ်တိုင် ရယူဖို့ သင့်​အား ကျွန်ုပ်​တို့ တိုက်တွန်း​ပါ​သည်။ ဤ​မဂ္ဂဇင်း ထုတ်ဝေ​သူများ​သည် အသင် ထိုသို့​ပြုလုပ်​နိုင်​ရန် အားရ​ဝမ်းသာ ကူညီပေး​ကြ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ဤ​အချက်​၏​အသေးစိတ်​ဆွေးနွေးချက်​အတွက် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော ထာဝရ​အသက်​ ရစေသော​ အသိပညာ စာအုပ်​မှ အခန်း ၈ဆင်းရဲ​ဝေဒနာ​ကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြု​တော်​မူ​သနည်း’ ကို​ရှု။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ကယ်​မည်​ဟူသော ရှဲ​ကဲ​လ်​တုန်​၏​ကတိ​အတိုင်း ပြုလုပ်​ပေး​မည်​ကို​သောင်တင်​နေသော သူ၏​လူများ​က​ယုံကြည်​စိတ်ချ​ခဲ့​ကြ

[Credit Line]

© CORBIS

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

“သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏”