မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ရှည်ပြီး ဇွဲရှိခြင်းကြောင့် ပျော်ရွှင်မှုရရှိ

စိတ်ရှည်ပြီး ဇွဲရှိခြင်းကြောင့် ပျော်ရွှင်မှုရရှိ

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

စိတ်ရှည်​ပြီး ဇွဲရှိ​ခြင်း​ကြောင့် ပျော်ရွှင်မှု​ရရှိ

နောက်ဆုံး​ကာလ​တွင် “အများ​သော​သူတို့၏ ချစ်ခြင်း​မေတ္တာသည် ခေါင်းပါး​လိမ့်​မည်” ဟု​ယေရှု​ခရစ် ကြို​ဟောခဲ့​သည်။ ယင်းကြောင့် ယနေ့ ကမ္ဘာ့​ဒေသ​များစွာ​ရှိ လူအများသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လျစ်လျူရှု​နေကြ၏။ အချို့​ဆိုလျှင် ဘာသာ​တရားကို​ပင် အထင်အမြင်​သေး​ကြသည်။—မဿဲ ၂၄:၁၂၊ ၁၄

သို့​တိုင် ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​မှ အောက်ပါ​တွေ့ကြုံမှု​က ဖော်ပြ​သည့်​အတိုင်း ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်း​ပြသ​ပြီး ထို​စိန်ခေါ်ချက်​ကို အောင်မြင်စွာ ရင်ဆိုင်​လျက်​ရှိသည်။

သက်သေခံ​နှစ်ဦး​သည် တံခါး​အပြင်ဘက်​မှ​နေ၍ အမျိုးသမီး​တစ်ဦး​ကို စကားပြော​ခဲ့​သည်။ ခဏအကြာ​တွင် ထို​သူသည် တံခါး​ကို အနည်းငယ်​ဖွင့်ပြီး သက်သေခံ​များ ကမ်းပေး​သော ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​များ​ကို လှမ်းယူ​လိုက်​သည်။ “ကျေးဇူး​တင်​ပါ​တယ်” ဟု​အသံ​ကြား​ရပြီး​နောက် တံခါးပိတ်​သွား​သည်။ “ကျွန်မ​တို့ ပြန်သွား​ရင်​ကောင်း​မလား” ဟု​သက်သေခံ​များ သိ​လို​ခဲ့​ကြသည်။ ထို​နှစ်ဦး​မှ ရှေ့ဆောင် သို့​မဟုတ် အချိန်ပြည့်​အမှုဆောင်​ဖြစ်သူက ပြန်သွား​ရန် ဆုံးဖြတ်​လိုက်​သည်၊ ပထမ​အကြိမ်​အတိုင်း ဖြစ်ပျက်​ခဲ့​ပြန်​သည်၊ တစ်နှစ်​အထိ ထိုသို့​ပင် ဆက်​ဖြစ်​ခဲ့​သည်။

ရှေ့ဆောင်​က မိမိ၏​ချဉ်းကပ်​နည်းကို ပြောင်းလဲ​သင့်​သည်​ဟု စိတ်ပိုင်းဖြတ်​ကာ ယေဟောဝါ​ထံ ဆုတောင်း​ခဲ့​သည်။ နောက်​တစ်ကြိမ် မဂ္ဂဇင်း​များ​ကို သွား​ပေး​သည့်​အခါ သူက “နေကောင်း​လား။ မဂ္ဂဇင်း​တွေ ဖတ်​လို့​ကောင်း​သလား” ဟု​ထို​အမျိုးသမီးကို ရင်းရင်းနှီးနှီး​မေးခဲ့သည်။ အစ​ပထမ​တွင် တုံ့ပြန်မှု​မရှိ​သော်လည်း နောက်ထပ်​နှစ်ကြိမ်​သုံးကြိမ်​လည်ပတ်​ပြီး​နောက် ၎င်း​အမျိုးသမီး​သည် ဖော်ရွေမှု​စ​ပြ​လာ​၏။ တစ်ကြိမ်​တွင် သူက တံခါး​ကျယ်ကျယ်​ဖွင့်ပေး​သည်၊ သို့သော် စကား​များများ ပြော​ခွင့်​မရချေ။

ထို​အမျိုးသမီး​သည် တံခါးဝ​တွင် စကားပြော​လို​ပုံ​မရှိသော​ကြောင့် သူ့​ထံ လည်ပတ်​ရသည့်​ရည်ရွယ်ချက်ကို ရှင်းပြ​ပြီး အိမ်တွင်း​ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ထား​သည့် စာ​တစ်စောင်​ရေးပို့​ရန် ရှေ့ဆောင်​က ဆုံးဖြတ်​လိုက်​သည်။ နောက်ဆုံး တစ်နှစ်​ခွဲ​အထိ စိတ်ရှည်ရှည်​နှင့် ကြိုးစား​အားထုတ်​ခဲ့​ရာ ရှေ့ဆောင်​ညီအစ်မ​သည် ထို​အိမ်ရှင်မ​နှင့် ကျမ်းစာ​သင်အံမှု စ​နိုင်​ခဲ့​လေ​သည်။ နောက်ပိုင်း​တွင် ထို​အမျိုးသမီး​က “ကျွန်မ​ဆီ​ကို ရှင်တို့ ဒီ​မဂ္ဂဇင်း​တွေ လာ​ပို့ပေး​တဲ့​အချိန်​ကစပြီး ဘုရားသခင်​ကို ကျွန်မ​ယုံကြည်ခဲ့​တာ” ဟု​ပြောလိုက်​သောအခါ ရှေ့ဆောင်​ညီအစ်မ​သည် အံ့အားသင့်​ပြီး ကျေနပ်​အားရခဲ့​သည်။

မှန်ပါသည်၊ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို စိတ်ရှည်ရှည်​နှင့် ဇွဲရှိ​ရှိ လုပ်ဆောင်​လျှင် ပျော်ရွှင်စရာ​ဆုကျေးဇူး​များ ခံစားရ​ပါ​လိမ့်​မည်။—မဿဲ ၂၈:၁၉၊ ၂၀