မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နွမ်းပါးသည်ထက်နွမ်းပါးလာ

နွမ်းပါးသည်ထက်နွမ်းပါးလာ

နွမ်းပါး​သည်ထက်​နွမ်းပါး​လာ

“အဖွဲ့ဝင်​အများစု​သည် ဆင်းရဲ​နွမ်းပါး​နေကြ​ရာ အဘယ်​လူ့​အဖွဲ့အစည်း​မျှ အမှန်ပင်​တိုးတက်​ကြီးပွား၊ ပျော်ရွှင်​ခြင်း​မရှိ​နိုင်​ပေ။”

ဘောဂဗေဒ​ပညာရှင် အယ်​ဒမ် စ​မ​စ်​သည် ထိုစကား​ကို ၁၈ ရာစုနှစ်​က ပြော​ခဲ့​သည်။ သူ​ပြော​ခဲ့​သော​စကား အလွန်​မှန်ကန်ကြောင်း ယနေ့ ပို​ထင်ရှား​သည်။ လူကုံထံ​နှင့် လူ​မွဲ​တို့၏ ကွာဟမှု​သည် ယခု သာ၍​ပင်​သိသာ​ထင်ရှား​သည်။ ဖိလစ်ပိုင်​နိုင်ငံ​တွင် လူဦးရေ​သုံးပုံတစ်ပုံ​သည် တစ်နေ့​လျှင် ၁ ဒေါ်လာ (ယူ.အက်စ်.) ပင်မ​ရရှိကြ​ချေ၊ ချမ်းသာ​သော​နိုင်ငံ​များ​တွင် ထို​ငွေ​ပမာဏ​ကို မိနစ်ပိုင်း​အတွင်း​ရှာ​နိုင်၏။ “ကမ္ဘာ့​အချမ်းသာဆုံး​လူ ၅ ရာခိုင်နှုန်း​၏​ဝင်ငွေ​သည် နွမ်းပါး​ဆုံး​လူ ၅ ရာခိုင်နှုန်း​၏​ဝင်ငွေ​ထက် ၁၁၄ ဆ​များသည်” ဟု​ကုလသမဂ္ဂ​လူ့​ဖွံ့ဖြိုး​တိုးတက်ရေး​အစီရင်ခံစာ ၂၀၀၂ က​ဆို​သည်။

လူ​အချို့​သည် အသင့်အတင့်​သက်သောင့်သက်သာ​နေရ​ကြသော်လည်း သန်းနှင့်ချီ​သော​သူတို့သည် တဲ​ထိုး​နိုင်သော မည်သည့်​နေရာတွင်​မဆို ကျူးကျော်​နေကြ၏။ အခြားသူများ​မှာ​မူ၊ ထိုသို့​ပင်မ​နေနိုင်​ကြ​ချေ; ကတ်​ထူ​စက္ကူ၊ သို့​မဟုတ် ပလတ်စတစ်​ခင်း​ပြီး လမ်းပေါ်​အိပ်​ကြ​ရ၏။ ဤသူတို့​အနက် အများစုမှာ အမှိုက်ပုံ​များ​ကို မွှေနှောက်​ရှာဖွေခြင်း၊ ကူလီ​ထမ်း​ခြင်း၊ တွန်း​လှည်း​များ​ဖြင့် ပြန်​အသုံးပြုနိုင်​သည့် စွန့်ပစ်​ပစ္စည်း​များ​ကို ရှာ​ဝယ်​ခြင်း​တို့​နှင့် အသက်ဆက်​နေကြ​ရသည်။

“နိုင်ငံ​တိုင်း​တွင် ‘ဆင်းရဲသား​ရပ်ကွက်​များ’ ရှိ၏” ဟု​ကမ္ဘာ့​ဘဏ်​က ဖော်ပြ​ထား​သည့်​အတိုင်း လူ​ချမ်းသာ​နှင့် လူ​မွဲ​စပ်ကြား မမျှတမှုများ​ကို ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင်​သာ တွေ့ရ​ခြင်း​မဟုတ်​ချေ။ ဘင်္ဂလားဒေ့ရှ်​နိုင်ငံ​မှ ယူနိုက်တက်​စ​တိတ်​နိုင်ငံ​အထိ​ရှိ လူ​အချို့​သည် မည်မျှ​ပင်​ချမ်းသာ​ကြွယ်ဝ​ပါစေ၊ စားဖို့​သောက်​ဖို့၊ နေစရာ​နေရာ​ရှိဖို့ ရုန်းကန်​နေရ​ရှာ​သူများစွာ​ရှိသည်။ န​ယူး​ယော့ခ်​တိုင်းမ်​က ယူနိုက်တက်​စ​တိတ်​တွင် လူ​ချမ်းသာ​နှင့် လူ​မွဲ​တို့၏​အခြေအနေ​သည် ပို​၍​ကွာဟ​လာ​နေကြောင်း ဖော်ပြ​ထားသော ၂၀၀၁ ယူ.အက်စ်. အစိုးရ​သန်း​ခေါင်း​စာရင်း​ဌာန​၏ အစီရင်ခံစာ​တစ်ခု​ကို ကိုးကား​ဖော်ပြ​၏။ ယင်းက ဤသို့​ဆို​သည်– “ယ​မ​န်​နှစ်​က လူဦးရေ​၏​ငါး​ပုံ​တစ်​ပုံ အချမ်းသာဆုံး​သူများ​သည် တိုင်းပြည်​ဝင်ငွေ​၏ ထက်ဝက်​ကို ရရှိခဲ့သည်။ . . . လူဦးရေ​၏​ငါး​ပုံ​တစ်​ပုံ အ​နွမ်းပါး​ဆုံး​သူများ​မှာ​မူ ၃.၅ ရာခိုင်နှုန်း​ရရှိခဲ့သည်။” အခြား​နိုင်ငံ​များစွာ​တွင် ထိုသို့​ပင်​ဖြစ်သည်၊ သို့​မဟုတ် ထို​ထက်​ပင် ဆိုးရွား​သေး​သည်။ ကမ္ဘာ့​လူဦးရေ ၅၇ ရာခိုင်နှုန်း​ခန့်​သည် တစ်နေ့​လျှင် ၂ ဒေါ်လာ​နှင့်​သာ အသက်ရှင်​ကြ​ရ​ကြောင်း ကမ္ဘာ့​ဘဏ်​အစီရင်ခံစာ​တစ်ခု​က ဖော်ပြ​၏။

ပို​၍​ဆိုးရွား​သည်​မှာ၊ ၂၀၀၂ ခုနှစ်​တွင် အလုပ်​အမှုဆောင်​အဖွဲ့ဝင်​များစွာ​သည် မတရား​နည်းဖြင့် ချမ်းသာ​ကြွယ်ဝ​လာ​သည့်​သတင်း​များ​ကြောင့် လူ​သန်းပေါင်း​များစွာ​သည် စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​ကြ​၏။ တရား​မဝင်​ရာ​များ​ကို ဗြောင်ကျကျ မပြု​လုပ်ခဲ့​လျှင်​ပင် ဖော်​ကျွန်း မဂ္ဂဇင်း​တွင် ဖော်ပြ​ထား​သည့်​အတိုင်း အဆိုပါ​ကုမ္ပဏီ​အရာရှိများ​သည် “အလွန်အမင်း၊ ထူးထူးခြားခြား၊ အမြင်​မတော်​သည့်​အထိ ချမ်းသာ​ကြွယ်ဝ​နေကြ​သည်။” ကမ္ဘာ့​ဖြစ်ရပ်​များ​ကို ဆင်ခြင်​သုံးသပ်ကြည့်​သော် လူအများသည် နွမ်းပါး​နေစဉ် အချို့​သည် ခန့်မှန်းခြေ​အားဖြင့် ဒေါ်လာ​သန်း​ရာ​ပေါင်း​များစွာ မထင်မမှတ်​ဘဲ ချမ်းသာ​လာ​ကြ​ခြင်း​သည် တရား​ပါ​၏​လော​ဟု သိ​လို​ကြသည်။

နွမ်းပါး​မှု ရှိ​မြဲ​ရှိ​မည်​လော

အလွန်အမင်း​နွမ်းပါး​ခြင်း​နှင့်​ပတ်သက်​၍ မည်သူမျှ မကြိုးစား​ဟု မဆိုလို​ပါ။ စိတ်ရင်းကောင်း​သော အစိုးရ​အရာရှိများ​နှင့် အထောက်အကူ​ပြု အဖွဲ့အစည်း​များသည် ပြောင်းလဲရေး​အဆိုပြု​ချက်​များစွာကို ထုတ်ပြန်ခဲ့​ကြ​၏။ မည်သို့​ပင်ဆို​စေ စိတ်ဓာတ်ကျ​စ​ရာ​များ ရှိ​မြဲ​ရှိ​နေသည်။ တိုးတက်လာ​စေရန် အစွမ်းကုန်​ကြိုးစား​ကြသော်လည်း “တိုင်းနိုင်ငံ​များစွာ​သည် လွန်ခဲ့သော ၁၀ နှစ်၊ အနှစ် ၂၀၊ အချို့​ဆိုလျှင် အနှစ် ၃၀ ကျော်​က​ထက် ဆင်းရဲ​လျက်​ရှိ၏” ဟု လူ့​ဖွံ့ဖြိုး​တိုးတက်ရေး​အစီရင်ခံစာ ၂၀၀၂ က​ဆို​သည်။

ယင်းကြောင့် နွမ်းပါး​သူများ မျှော်လင့်ချက်​ကင်းမဲ့​နေ​သလော။ ယခု​ပင် သင့်ကို​အကူအညီ​ပေး​နိုင်​သည့် လက်တွေ့ကျ​ဉာဏ်ပညာ​အပြင် သင်​မစဉ်း​စား​မိ​သည့် ဖြေရှင်း​နည်း​များ​ကို ဆင်ခြင်​သုံးသပ်ကြည့်​ရန် နောက်​ဆောင်းပါး​ကို ဖတ်ရှု​စေ​လို​ပါ​သည်။