မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာမလိုက်ခြင်း

မျက်နှာမလိုက်ခြင်း

မျက်နှာမလိုက်​ခြင်း

(က​၀၂ ၂/၁၅ စာမျက်နှာ ၃၁ မှ​အဆက်)

ဒါဝိဒ်​အပေါ်​မျက်နှာမလိုက်။ မောရှေ​အား ယေဟောဝါ​ဆင့်ဆို​ခဲ့​သည့်​အတိုင်း ကိုယ်တော်​သည် မှားယွင်းမှု​ကို အချည်းနှီး​သက်​သက်​ဖြေလွှတ်​တော်​မူ​သော ဘုရားသခင်​ဖြစ်​တော်​မ​မူ​ပေ။ (ထွ ၃၄:​၆၊ ၇; ကော ၃:၂၅) ယေဟောဝါ​သည် မိမိ​နှင့်​နိုင်ငံတော်​ပဋိညာဉ်ဖွဲ့​ခဲ့​သည့် မိမိ​ချစ်​မြတ်နိုး​ရသော​ကျေးကျွန် ဒါဝိဒ်​၏​ကိစ္စ​၌​ပင် ဘုရားသခင်​ခြွင်းချက်​မထား​ခဲ့​ချေ။ ဒါဝိဒ်​၏​အပြစ်​များ​အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေး​ခဲ့​သည်။ ဗေ​သရှေ​ဗ​နှင့် သူ၏​ခင်ပွန်း​ဥရိယ​တို့​နှင့်​ပတ်သက်​၍ ဘုရားသခင်​အား ဒါဝိဒ်​ပြစ်မှား​ပြီး​သည့်​နောက် သူ့ကို ယေဟောဝါ​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်၌​ရန်ဘက်ပြု​သော​သူကို သင်၏​အဆွေအမျိုး​တို့​အထဲ​က ငါ​ပေါ်​စေမည်။ သင့်​မျက်မှောက်တွင် သင်၏​မယား​တို့ကို​ငါ​ယူ၍ သင့်​အိမ်နီးချင်း​၌​အပ်​သဖြင့်၊ သူသည် နေ​ရှေ့မှာ သင်၏​မယား​တို့​နှင့် ပေါင်းဖော်​လိမ့်​မည်။ သင်သည် ဤ​အမှုကို မထင်မရှား​ပြု​သော်လည်း၊ နေ​ရှေ့မှာ​ငါ​လှန်​ပြ​မည်။”​—၂ရ ၁၂:​၁၁၊ ၁၂

ဒါဝိဒ်​သည် မိမိ၏​မိသားစု​အတွင်းမှ ပြဿနာ​မြောက်မြားစွာ​ကို အမှန်ပင်​တွေ့ ကြုံ​ခံစား​ခဲ့​ရ​ကြောင်း သမ္မာကျမ်းစာ​မှတ်တမ်းက ဖော်ပြ​သည်။ (၂ရ အခန်းကြီး ၁၃-၁၈; ၃ရ ၁) ဘုရားသခင်​သည် ဒါဝိဒ်​နှင့်​ပြု​ခဲ့​သည့် နိုင်ငံတော်​ပဋိညာဉ်​အတွက် သူ့ကို​သေဒဏ်​မပေး​သော်လည်း (၂ရ ၇:​၁၁-၁၆)၊ ဒါဝိဒ်​သည် အလွန်​ဝမ်းနည်း​ကြေကွဲမှု​များ​ကို ခံစား​ခဲ့​ရသည်။ ဘုရားသခင့်​အစောပိုင်း​ကျေးကျွန်​တစ်ဦး​ဖြစ်သူ ဧလိဟု​က ဤသို့​ဆို​ခဲ့​သည်– “မင်းတို့​၏​မျက်နှာကို ထောက်​တော်​မ​မူ။” (ယဘ ၃၄:၁၉) သို့ရာတွင် ယေရှု​ခရစ်​ပေးဆက်​မည့်​ပူဇော်ရာ​ယဇ်​အပေါ် အခြေခံ​ကာ နောင်တ​ရသော​ဒါဝိဒ်​ကို ဘုရားသခင်​ခွင့်လွှတ်​နိုင်​ပြီး မိမိ​ကိုယ်တော်တိုင်​၏ တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​ကို ဆက်​ထိန်းသိမ်း​တော်​မူ​သည်။ (ရ ၃:​၂၅၊ ၂၆) မိမိ​သားတော်​၏​ပူဇော်ရာ​ယဇ်​အားဖြင့် ဥရိယ​နှင့် အခြားသူများ​၏​သေခြင်းကို ချေဖျက်​ပေး​နိုင်​သည့် တရား​မျှတ​၍ မျက်နှာ​မလိုက်သော​အခြေခံ​ရှိသဖြင့် အဆုံး​၌ မည်သူမျှ​မတရား​ပြု​ခံ​ရတော့မည်​မဟုတ်။​—တ ၁၇:၃၁

တရားသူကြီး​များ​ကို​သွန်သင်ပေး။ ယေဟောဝါ​သည် မျက်နှာမလိုက်​မှု​နှင့်​စပ်လျဉ်း၍ ဣသရေလ​နိုင်ငံ​ရှိ တရားသူကြီး​များ​ကို ခိုင်မာ​သော​သွန်သင်ချက်ပေး​ခဲ့​သည်။ တရားသူကြီး​များသည် ဤ​တင်းကျပ်သော​အမိန့်တော်​အောက်တွင်​ရှိကြသည်– “တရား​အမှုကို​စီရင်​သောအခါ အဘယ်သူ​၏​မျက်နှာကို​မ​ထောက်​ရ။” (တရ ၁:၁၇; ၁၆:၁၉; သု ၁၈:၅; ၂၄:၂၃) သူတို့သည် ဆင်းရဲ​ချို့တဲ့​သူကို သူ၏​ဆင်းရဲ​ချို့တဲ့မှု​အတွက်​သက်​သက်​ကြောင့်​လည်းကောင်း၊ ပြင်းပြ​သော​ခံစားချက်​ကြောင့်​လည်းကောင်း၊ ဥစ္စာ​ကြွယ်ဝသူ​တို့ကို ဆန့်ကျင်​လို​သော စိတ်​စွန်းကွက်​မှု​ကြောင့်​လည်းကောင်း မျက်နှာမလိုက်​ရ။ ချမ်းသာ​ကြွယ်ဝသူ​ကို သူ၏​ဥစ္စာ​ပေါကြွယ်​မှု​ကြောင့် သူ၏​မျက်နှာသာ​ရဖို့​အတွက်၊ တံစိုး​လက်ဆောင်​အတွက် သို့​မဟုတ် သူ၏​သြဇာ​အာဏာကို ကြောက်​သောကြောင့်​လည်း မျက်နှာသာ​မပေး​ရ။ (ဝ ၁၉:၁၅) ဘုရားသခင်​သည် မိမိ၏​ပညတ်တော်​ကို​ချိုးဖောက်​သည့် ဣသရေလ​နိုင်ငံ​ရှိ သစ္စာမဲ့ လေဝိ​ယဇ်ပုရောဟိတ်​တို့ကို အဆုံး​၌ အပြစ်တင်​ရှုတ်ချခဲ့​သည်၊ အထူးသဖြင့် သူတို့သည် ပြည်တော်​တွင် တရားသူကြီး​များ​အဖြစ် အမှုထမ်း​ကြ​စဉ် မျက်နှာ​လိုက်​ကြ​သည့်​အတွက်​ဟူ၍ ကိုယ်တော်​ထောက်ပြ​ခဲ့​သည်။​—မလ ၂:​၈၊ ၉

ခရစ်ယာန်​အသင်းတော်တွင်။ ခရစ်ယာန်​အသင်းတော်တွင် မျက်နှာမလိုက်​ခြင်း​သည် ပညတ်ချက်​တစ်ခု​ဖြစ်သည်; ဘက်လိုက်ခြင်း​သည် အပြစ်​ဖြစ်သည်။ (ယာ ၂:၉) ဘက်လိုက်​သည့်​လုပ်ရပ်များ​ကို ကျူးလွန်​သူများ​သည် “မကောင်းသော​အကြံအစည်​နှင့် စီရင်” သူများ​ဖြစ်လာ​ကြသည်။ (ယာ ၂:​၁-၄) ထိုသို့​သော​သူများ​၌ မျက်နှာ​ရွေးခြင်း​ကင်း​သည့် အထက်​မှ​သက်ရောက်​သော​ဉာဏ်ပညာ​မရှိ​ချေ။ (ယာ ၃:၁၇) အသင်းတော်တွင် တာဝန်​ရှိ​အနေအထား​ရထား​သူများ​သည် ကြီးကြပ်မှူး​တစ်ဦး​ဖြစ်သူ တိမောသေ​အပေါ် တမန်​တော်​​ပေါလု​ပေးအပ်​သည့် ကြီး​လေး​သော​တာဝန်ရ​ရှိကြသည်– “ရှေ့​မ​ဆွ​က​မစီရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့်​အလျှင်း​မပြု​ဘဲ၊ ဤ​ပညတ်​များ​ကို​စောင့်ရှောက်​မည်​အကြောင်း၊ ဘုရားသခင်​နှင့်​ယေရှု​ခရစ်​ရှေ့မှာ​လည်းကောင်း၊ ရွေးကောက်​တော်​မူ​သော ကောင်းကင်တမန်​ရှေ့မှာ​လည်းကောင်း ငါသည် သင့်ကို​သစ္စာ​ပေး​၏။” ယင်းသည် အထူးသဖြင့် အသင်းတော်တွင် တရားရေး​ကြားနာ​မှုများ​ပြုလုပ်​သည့်​အခါ သက်ဆိုင်​ပါ​မည်။​—၁တိ ၅:​၁၉-၂၁

‘ကိုယ့်​အကျိုးကို​ငဲ့၍ မျက်နှာ​ကြီး​ငယ်​ထောက်​ခြင်း။’ မျက်နှာမလိုက်​မှု​စည်းမျဉ်း​မူကို ချိုးဖောက်​ခြင်း​က အကြီးအကျယ်​အပြစ်တင်​ခံရ​စေနိုင်​သည်။ ယေရှု၏​အမေ​တူ​အဖေ​ကွဲ​ညီအစ်ကို ယုဒ​က “ညည်းညူ​လျက်၊ ကိုယ့်​တပ်မက်​ခြင်း​အတိုင်း​လျှောက်သူ၊ စကားလုံး​ကြီး​များ​ပြောဆိုသူ၊ ကိုယ့်​အကျိုးကို​ငဲ့၍ မျက်နှာ​ကြီး​ငယ်​ထောက်​သူများ” အကြောင်းကို​ဖော်ပြ​သည်။ (ယု ၁၆သ​မ) ဤ​သူများ​သည် “သင်း​ခွဲ​သော​သူ၊ ဝိညာဉ်​တော်​နှင့်​ကင်း​သော​ဇာတိ​ပကတိ​လူ​ဖြစ်​ကြ​၏။” (ယု ၁၉) ထိုသို့​သော​သူများ​သည် “အထူးထူး​အပြားပြား​သော လောဘ​ကိ​လေ​သာ​သွေးဆောင်​ရာ​သို့​လိုက်၍ . . . မိန်းမ​မိုက်​တို့ကို၊ အိမ်ထဲ​သို့​ဝင်၍​ဖမ်းသွား​သော​သူတို့သည် ထို​သူတို့​အဝင်​ဖြစ်​ကြ​၏” ဟု​ပေါလု​ဖော်ပြ​ထားသော​သူများ​နည်းတူ သူတို့၏​ထောင်လွှား​သော​စကား​နှင့် မျက်နှာ​ကြီး​ငယ်​လိုက်​မှု​တို့အား​ဖြင့် အခြား​သူများကို တိမ်းယိမ်း​စေ​ကြသည်။ (၂တိ ၃:၇) ပျက်စီးခြင်း​က သူတို့ကို​စောင့်ကြို​နေပါ​သည်။​—ယု ၁၂၊ ၁၃

“နှစ်ဆ​သော​ဂုဏ်တင်​ခြင်း​ကို​ခံထိုက်”​—မည်သို့​နည်း။ အဆိုပါ​အရာများ​ကို​ထောက်ရှု​သော် ခရစ်ယာန်​အသင်းတော်တွင် ကောင်းမွန်​စွာ​ကြီးကြပ်​အုပ်ချုပ်​သော အသက်ကြီးသူ​များ​ကို “တရားဟော​ခြင်း၊ ဆုံးမ [သွန်သင်] ပေးခြင်း​အမှုကို ကြိုးစား​အားထုတ်​သော . . . အလှူ​နှစ်ဆ​ကို အထူးသဖြင့်​ခံထိုက်သော​သူ ​[“နှစ်ဆ​သော​ဂုဏ်တင်​ခြင်း​ကို​ခံထိုက်၊” က​ဘ]” ဟု​မည်သို့​ယူမှတ်​နိုင်​ကြ​မည်​နည်း။ (၁တိ ၅:၁၇) ယင်းသည် ထို​အမျိုးသား​တို့၏ ကိုယ်​ရည်​ကိုယ်​သွေး​များ သို့​မဟုတ် သူတို့၏​စွမ်းရည်​များ​ကြောင့်​မဟုတ်ဘဲ သူတို့​အပေါ်​ပေးအပ်​ထား​သည့် အပို​တာဝန်​များ​ကို ဝီရိယ​ရှိ​ရှိ​နှင့် ကြိုးစား​လုပ်ဆောင်မှု​တို့​ကြောင့်​ဖြစ်သည်။ ဘုရားသခင်​၏​အစီအစဉ်များ​နှင့် တာဝန်​ခန့်အပ်​မှုများ​ကို လေးမြတ်​ကြ​ရမည်။ ထိုသို့​သော​အမျိုးသားများသည် ဘုရားသခင့်​အသင်းတော်​၏​လုပ်ငန်း​ပြီးမြောက်​စေသည့်​အတွက် အထူး​ပူးပေါင်း​လုပ်ဆောင်မှု​နှင့် ထောက်မ​ကူညီ​မှု​တို့ကို​ရထိုက်​သည်။ (ဗြဲ ၁၃:​၇၊ ၁၇) ယေရှု၏ အမေ​တူ​အဖေ​ကွဲ​ညီ ယုဒ​က ခရစ်ယာန်​အသင်းတော်​ရှိ သင်ကြား​ပေး​သူများ​သည် ဘုရားသခင်​ရှေ့တော်တွင် ကြီး​လေး​သော​တာဝန်​ရှိကြ​ရာ သာ၍ကြီးသော​စစ်ကြော​စီရင်မှု​ခံရ​ကြ​မည်​ဟု ထောက်ပြ​သည်။ (ယာ ၃:၁) ထို့​ကြောင့် သူတို့​စကား​ကို ကြားနာ​ပြီး နာခံ​ထိုက်​သည်၊ သူတို့သည် ဂုဏ်တင်​ခံထိုက်​ကြသည်။ ထပ်တူ​အကြောင်းကြောင့် ဇနီးသည်​သည် အိမ်ထောင်​အတွက်​တာဝန်​ယူ​ရန်​နှင့်၊ ၎င်းနှင့်​အညီ ကိုယ်တော်​၏​တရား​စီရင်ခြင်း​ကို​ခံရ​မည့် မိမိ၏​ခင်ပွန်း​သည်ကို ဂုဏ်တင်​လေးစား​သင့်​သည်။ (ဧ ၅:​၂၁-၂၄၊ ၃၃) ဘုရားသခင်​၏​အစီအစဉ်​အတိုင်း ထိုသို့ တာဝန်​ရှိ​အနေအထား​ရရှိ​ထား​သူများကို လေးစားခြင်း​သည် မျက်နှာ​လိုက်ခြင်း​မဟုတ်ပါ။

အုပ်စိုးသူ​များ​ကို​လေးစားခြင်း။ ခရစ်ယာန်​များသည် လူ့​အစိုးရ​အုပ်ချုပ်သူ​များ​ကို​လေးစားရန်​လည်း မိန့်မှာ​ခံရ​ကြသည်။ ယင်းသည် ဤသူတို့​၏ ကိုယ်ပိုင်​အရည်အသွေးများ​ကြောင့်​မဟုတ်၊ သူတို့တွင် အချို့​မှာ အကျင့်ပျက်​ပြား​ကြ​သူများ​ပင်​ဖြစ်​ပေမည်၊ သူတို့၌ အထူး​အခွင့်အရေး​များ​ပေး​နိုင်​သည့် အနေအထား​ရှိကြ​သောကြောင့်​လည်း​မဟုတ်ပါ။ ဘုရားသခင်​မိန့်မှာချက်​ကြောင့် ခရစ်ယာန်​များသည် အုပ်စိုးရှင်​များ​ကို လေးစား​သည်; ထို့​ပြင် သူတို့၏​တာဝန်​ရှိရာ​ထူး​အတွက်​ကြောင့်​လည်း ဖြစ်သည်။ တမန်​တော်​က ဤသို့​ဆို​၏– “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​အခွင့်​မ​ရှိလျှင်၊ မင်း​အာဏာစက်​မရှိ။ အာဏာစက်​ရှိသမျှသည် ဘုရားသခင်​ခန့်​ထား​တော်​မူ​ရာ​ဖြစ်​သတည်း။ ထို့​ကြောင့်၊ မင်း​အာဏာကို​ဆန်​သော​သူသည် ဘုရားသခင်​စီရင်တော်မူ​ရာ​ကို​ဆန်​သော​သူ​ဖြစ်၏။” (ရ ၁၃:​၁၊ ၂) ဤ​သူတို့သည် သူတို့၏​အခွင့်အာဏာကို တလွဲ​အသုံးပြု​ကြ​မည်​ဆိုလျှင် ဘုရားသခင်​ထံ ဖြေရှင်းချက်​ပေး​ရမည်။ ခရစ်ယာန်​တစ်ဦး​သည် ဂုဏ်တင်​လေးစားထိုက်​သည့်​ရာထူး​ရရှိ​ထား​သူကို ဤ​စည်းမျဉ်း​အတိုင်း ဂုဏ်တင်​လေးစားပါ​သည်– “လူ​အသီးအသီး​ခံထိုက်​သည်​အတိုင်း ပေး​ကြလော့။ အခွန်​ကို​ခံထိုက်သော​သူအား အခွန်​ကိုလည်း​ကောင်း၊ အကောက်​ကို​ခံထိုက်သော​သူအား အကောက်​ကိုလည်း​ကောင်း ပေး​ကြလော့။ ကြောက်​ထိုက်​သော​သူကို ကြောက်​ကြလော့။ ရိုသေ​ထိုက်​သော​သူကို ရိုသေ​ကြလော့။” (ရ ၁၃:၇) ခရစ်ယာန်​တစ်ဦး​သည် ဤ​ကိစ္စရပ်​တွင် သာမန်​ပြည်သူပြည်သား​များ​အပေါ်​ထက် ရိုသေ​ဂုဏ်တင်​ခြင်း​သည် မျက်နှာ​လိုက်ခြင်း​မဟုတ်ပါ။ (it-1 1193-4)