၁ ဘုရင်များ ၁:၁-၅၃

  • ဒါဝိဒ်​နဲ့ အဘိ​ရှက် (၁-၄)

  • ထီး​နန်း​ရ​ဖို့ အဒေါ​နိ​ယ ကြံ​စည် (၅-၁၀)

  • နာသန်​နဲ့ ဗာ​သရှေ​ဘ​ရဲ့ လုပ်​ဆောင်​ချက် (၁၁-၂၇)

  • ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​ဖို့ ဒါဝိဒ်​အမိန့်​ပေး (၂၈-၄၀)

  • အဒေါ​နိ​ယ ပူ​ဇော်ရာ​ပလ္လင်​ဆီ ပြေး (၄၁-၅၃)

 ဒါဝိဒ်​မင်း​ဟာ အသက်​ကြီး​ပြီး+ အို​မင်း​လာ​တယ်။ စောင်​ခြုံ​လည်း မနွေး​နိုင်​တော့​ဘူး။ ၂  ဒါ​ကြောင့် မင်း​မှု​ထမ်း​တွေ​က  “အရှင်​မင်း​ကြီး​အတွက် အပျို​စင်​လေး​တစ်​ယောက် ရှာ​ပေး​ပါ​ရ​စေ။ သူ​က အနား​မှာ ခစား​ပြီး ကြည့်​ရှု​ပြု​စု​ပေး​လိမ့်​မယ်။ မင်း​ကြီး နွေးနွေး​ထွေး​ထွေး​ရှိ​အောင် အနား​မှာ အိပ်​ပေး​ပါ​လိမ့်​မယ်” လို့​လျှောက်​တင်​ကြ​တယ်။ ၃  အဲဒီ​နောက် မိန်း​မချော​လေး​တစ်​ယောက်​ကို အစ္စရေး​ပြည်​အနှံ့ လိုက်​ရှာ​တော့ ရှု​နင်​မြို့​သူ+ အဘိ​ရှက်​ကို+ တွေ့​သွား​ပြီး ရှေ့​တော်သွင်း​ကြ​တယ်။ ၄  မိန်း​က​လေး​ဟာ အင်​မ​တန်​လှ​တယ်။ သူ​က မင်း​ကြီး​အနား​မှာ ခစား​ပြီး ပြု​စု​ပေး​တယ်။ ဒါ​ပေမဲ့ မင်း​ကြီး​က သူ​နဲ့ ကိုယ်​လက်​နှီး​နှော​တာ​မျိုး မလုပ်​ဘူး။ ၅  အဲဒီ​အချိန်​မှာ ဟ​ဂိတ်​နဲ့​ရ​တဲ့ ဒါဝိဒ်​ရဲ့​သား အဒေါ​နိ​ယ​က+ “ငါ ဘုရင်​လုပ်​မယ်” ဆို​ပြီး သူ့​ကိုယ်​သူ ချီး​မြှောက်​တယ်။ သူ​စီး​ဖို့ မြင်း​ရထား​တစ်​စီး၊ မြင်း​စီး​သူ​ရဲ​တွေ​နဲ့ သူ့​ရှေ့​က​နေ ပြေး​ဖို့ လူ​အယောက် ၅၀ ကို ထား​တယ်။+ ၆  ခမည်း​တော်​က “မင်း ဘာ​လို့ ဒီ​လို​လုပ်​တာ​လဲ” ဆို​ပြီး တစ်​ခါ​မှ ခေါ်​မဆူ​ဖူးဘူး။ အဒေါ​နိ​ယ​ဟာ အဗ​ရှလုံ​ရဲ့​ညီ​ဖြစ်​ပြီး အင်​မတန်​ချော​တယ်။ ၇  သူ​က ဇေ​ရု​ယာ​ရဲ့​သား ယွာဘ၊ ပု​ရော​ဟိတ်​အဗျာ​သာ+ တို့​နဲ့ တိုင်​ပင်​ဆွေး​နွေး​တဲ့​အခါ သူတို့ ကူညီ​ထောက်မ​ပေး​ကြ​တယ်။+ ၈  ပု​ရော​ဟိတ်​ဇာ​ဒုတ်၊+ ယော​ယ​ဒ​ရဲ့​သား​ ဗေ​နာ​ယ၊+ ပရော​ဖက်​နာသန်၊+ ရှိ​မိ၊+ ရေ​အိ​နဲ့ ဒါဝိဒ်​ရဲ့​သူ​ရဲ​ကောင်း​တွေ​က​တော့+ အဒေါ​နိ​ယ​ကို မထောက်​ခံ​ကြ​ဘူး။ ၉  နောက်​တော့ အဒေါ​နိ​ယ​က အင်​ရော​ဂေလ စမ်း​ရေ​တွင်း​အနီး၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး​နွား​တွေ၊ ဆူ​ဖြိုး​တဲ့​တိရစ္ဆာန်တွေ ပူ​ဇော်​တဲ့​အခါ+ သား​တော်တွေ​ဖြစ်​တဲ့ သူ့​ညီ​တော်​အား​လုံး၊ ယုဒ​အမျိုး​သား​အားလုံး​နဲ့ မင်း​မှု​ထမ်း​တွေ​ကို ဖိတ်​ခေါ်​တယ်။ ၁၀  ဒါ​ပေမဲ့ ပရော​ဖက်​နာသန်၊ ​ဗေ​နာ​ယ၊ ဒါဝိဒ်​ရဲ့ သူ​ရဲ​ကောင်း​တွေ​နဲ့ ညီ​တော်​ရှော​လ​မုန်​ကို​တော့ မဖိတ်​ဘူး။ ၁၁  အဲဒီ​အခါ နာသန်​က+ ရှော​လ​မုန်​ရဲ့​မယ်​တော်+​ ဗာသ​ရှေ​ဘ​ကို+ “ဟ​ဂိတ်​ရဲ့​သား​  အဒေါ​နိ​ယ+  ဘုရင်​လုပ်​နေ​ပြီဆိုတဲ့​ သတင်း​ကို  မိ​ဖု​ရား မကြား​ဘူး​လား။ ဒီကိစ္စ​ကို မင်း​ကြီး လုံး​ဝ​မသိ​ဘူး။ ၁၂  ဒါ​ကြောင့် အခု မိ​ဖု​ရား​ကိုယ်​တိုင်​ရော သား​တော်​ရှော​လ​မုန်​ပါ အသက်​ချမ်း​သာ​ရ​နိုင်​ဖို့ ကျွန်​တော် အကြံ​ပေး​ပါ​ရ​စေ။+ ၁၃  မိ​ဖု​ရား​က မင်း​ကြီး​ဆီ အခစား​ဝင်​ပြီး ‘အရှင်​မင်း​ကြီး၊ “မင်း​ရဲ့​သား ရှော​လ​မုန်​က ငါ့​နေ​ရာ​ကို ဆက်​ခံ​ပြီး ငါ့​ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​ရ​မယ်”+ လို့ ကျိန်​ပြော​ခဲ့​တယ် မဟုတ်​လား။ ဒါ​ဆို​ရင် အခု အဒေါ​နိ​ယ​က ဘာ​ကြောင့် ဘုရင်​လုပ်​နေ​ရ​တာ​လဲ’  လို့​ လျှောက်​တင်​ပါ။ ၁၄  အဲ​ဒီ​လို လျှောက်​တင်​နေ​ချိန်​မှာ ကျွန်​တော်​ဝင်​လာ​ပြီး မိ​ဖု​ရား​ရဲ့​စကား​ကို ထောက်​ခံ​ပေး​ပါ့​မယ်” လို့​ပြော​တယ်။ ၁၅  ဗာ​သရှေ​ဘ​လည်း ဒါဝိဒ်​မင်း​ရှိ​ရာ နန်း​ဆောင်​ထဲ ဝင်​သွား​တယ်။ မင်း​ကြီး​ဟာ အတော်​လေး အို​မင်း​နေ​ပြီ။ ရှုနင်​မြို့​သူ အဘိ​ရှက်​က+ အနား​မှာ ပြု​စု​ပေး​နေ​တယ်။ ၁၆  ဗာ​သရှေ​ဘ​က ရှေ့​တော်​မှာ ခစား​တဲ့​အခါ ဒါဝိဒ်​က “ဘာ​များ တောင်း​ဆို​ချင်​သလဲ” လို့​မေး​တယ်။ ၁၇  ဒါ​နဲ့ ဗာ​သရှေ​ဘ​က “အရှင်​မင်း​ကြီး၊ ‘မင်း​ရဲ့​သား ရှော​လ​မုန်​က ငါ့​နေ​ရာ​ကို ဆက်​ခံ​ပြီး ငါ့​ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​ရ​မယ်’+ လို့ ယေဟောဝါ​ဘုရား​ကို တိုင်​တည်​ပြီး မင်း​ကြီး ကျိန်​ပြော​ခဲ့​ပါ​တယ်။ ၁၈  အခု​တော့ အဒေါ​နိ​ယ​က ဘုရင်​လုပ်​နေ​ပြီ။ ဒီ​ကိစ္စ​ကို အရှင်​မင်း​ကြီး လုံး​ဝ​မသိ​ပါ​ဘူး။+ ၁၉  သူ​က နွား​ထီး​တွေ၊ ဆူ​ဖြိုး​တဲ့ တိရစ္ဆာန်တွေ၊ သိုး​တွေ အများ​ကြီး​ပူ​ဇော်​ပြီး  သား​တော်​အားလုံး​ကို​ရော ပု​ရော​ဟိတ်​အဗျာ​သာ​နဲ့ စစ်​ဗိုလ်​ချုပ်​ယွာဘ​တို့​ကို​ပါ  ဖိတ်​ခေါ်​ထား​ပါ​တယ်။+ သား​တော်​ရှော​လ​မုန်​ကို​တော့ မဖိတ်​ပါ​ဘူး။+ ၂၀  အရှင်​မင်း​ကြီး၊ အစ္စရေး​အားလုံး မင်း​ကြီး​ကို စောင့်​မျှော်​နေ​ပါ​တယ်။ ဘယ်​သူ​က မင်း​ကြီး​နေ​ရာ​ကို ဆက်​ခံ​ပြီး နန်း​ထိုင်​ရ​မလဲ​ဆို​တာ မိန့်​ကြား​ပေး​ပါ။ ၂၁  ဒီ​လို​မှ မမိန့်​ကြား​ခဲ့​ရင် အရှင်​မင်း​ကြီး ကွယ်​လွန်​သွား​တဲ့​အခါ ကျွန်​မနဲ့ သား​တော်​ရှော​လ​မုန်​ဟာ သစ္စာ​ဖောက်​တွေလို့ သတ်​မှတ်​ခံ​ရ​ပါ​လိမ့်​မယ်” လို့​လျှောက်​တင်​တယ်။ ၂၂  အဲဒီ​လို  သူ​လျှောက်​တင်​နေ​တုန်း   ပရော​ဖက်​နာသန်   ဝင်​လာ​တော့၊+ ၂၃  “ပရော​ဖက်​နာသန် ရောက်​နေ​ပါ​တယ်” လို့ လျှောက်​တင်​ကြ​တယ်။ နာသန်​လည်း ရှေ့​တော်​ကို ဝင်​လာ​ပြီး ဦး​တိုက်​ခစား​တယ်။ ၂၄  ပြီး​တော့ “အရှင်​မင်း​ကြီး၊ ‘အဒေါ​နိ​ယ​ဟာ ငါ့​နေ​ရာ​ကို ဆက်​ခံ​မယ့်​သူ၊ ငါ့​ရာ​ဇ​ပလ္လင်​ပေါ် ထိုင်​မယ့်​သူ​ပဲ’+ ဆို​ပြီး မင်း​ကြီး မိန့်မှာ​ခဲ့​ပါ​သလား။ ၂၅  အခု နွား​ထီး​တွေ၊ ဆူ​ဖြိုး​တဲ့​တိရစ္ဆာန်တွေ၊ သိုး​တွေ အများ​ကြီး​ပူ​ဇော်​ဖို့ သူ ဆင်း​သွား​ပါ​တယ်။+ ပုရော​ဟိတ်​အဗျာ​သာ​နဲ့​အတူ စစ်​ဗိုလ်​ချုပ်​တွေ၊ သား​တော်တွေ​အားလုံး​ကို ဖိတ်​ခေါ်​ပါ​တယ်။+ အဲဒီ​မှာ အတူ​စား​သောက်​ပြီး ‘အဒေါ​နိ​ယ​မင်း​ကြီး အသက်​တော်​ရှည်​ပါ​စေ’ လို့​ကြွေး​ကြော်​နေ​ကြ​ပါ​တယ်။ ၂၆  ဒါ​ပေမဲ့ ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​ရဲ့​သား ​ဗေ​နာ​ယ၊+ သား​တော်​ရှော​လ​မုန်​နဲ့ ကျွန်​တော့်​ကို​တော့ မဖိတ်​ပါ​ဘူး။ ၂၇  မင်း​ကြီး​နေ​ရာ​ကို​ဆက်​ခံ​ပြီး နန်း​ထိုင်​မယ့်​သူ ဘယ်​သူ​ဆို​တာ ကျွန်​တော့်​ကို အသိ​မပေး​ဘဲ မင်း​ကြီး ခွင့်​ပြု​လိုက်​တာ​လား” လို့​လျှောက်​တင်​တယ်။ ၂၈  ဒါဝိဒ်​မင်း​က “ဗာ​သရှေ​ဘ​ကို ခေါ်​လိုက်​ပါ” လို့ အမိန့်​ပေး​တော့ ဗာ​သ​ရှေ​ဘ​လည်း ဝင်​လာ​ပြီး ခစား​တယ်။ ၂၉  အဲဒီ​အခါ မင်း​ကြီး​က “ငါ့​ကို ဆင်း​ရဲ​ဒုက္ခ​အမျိုး​မျိုး​က​နေ ကယ်​လွှတ်​ခဲ့​တဲ့​အရှင်၊+ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို  တိုင်​တည်​ပြီး ငါ​ပြော​တယ်။ ၃၀  ‘မင်း​ရဲ့​သား​တော် ရှော​လ​မုန်​က ငါ့​နေ​ရာ​ကို ဆက်​ခံ​ရ​မယ်။ ငါ့​ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​ရ​မယ်’ လို့ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ကျိန်​ပြော​ခဲ့​တဲ့​အတိုင်း ဒီ​နေ့ ငါ​လုပ်​မယ်” လို့​ပြော​တယ်။ ၃၁  ဗာ​သရှေ​ဘ​လည်း ဦး​ညွှတ်​ပျပ်​ဝပ်​ပြီး  “အရှင်​မင်းကြီး အသက်​တော်​ရှည်​ပါ​စေ” လို့​ပြော​တယ်။ ၃၂  ဒါဝိဒ်​မင်း​က ချက်​ချင်း​ပဲ “ပုရော​ဟိတ်​ဇာ​ဒုတ်၊ ပရော​ဖက်​နာသန်​နဲ့ ယော​ယ​ဒ+ ရဲ့​သား ဗေ​နာ​ယ​ကို+ ဆင့်​ခေါ်​လိုက်​ပါ” လို့ အမိန့်​ပေး​တယ်။ သူတို့​လည်း  မင်း​ကြီး​ဆီ လာ​ခစား​ကြ​တယ်။ ၃၃  မင်း​ကြီး​က  “သား​တော်​ရှော​လ​မုန်​ကို  ငါ​စီး​တဲ့  လား​ပေါ်  တင်​ပြီး+ ဂိဟုန်​အရပ်​ကို ခေါ်​သွား​ကြ။+ မင်း​မှု​ထမ်း​တွေ​ကို​ပါ တစ်​ပါ​တည်း ခေါ်​သွား။ ၃၄  အဲဒီ​မှာ ပု​ရော​ဟိတ်​ဇာ​ဒုတ်​နဲ့ ပရော​ဖက်​နာသန်​က ရှော​လ​မုန်​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိ​သိက်​ပေး​ရ​မယ်။+ တံ​ပိုး​မှုတ်​ပြီး “ရှော​လ​မုန်​မင်း​ကြီး အသက်​တော်​ရှည်​ပါ​စေ” လို့​လည်း ကြွေး​ကြော်​ရ​မယ်။+ ၃၅  ပြီး​ရင် သူ့​နောက်​က​နေ ပြန်​လိုက်​လာခဲ့​ကြ။ သူ ဒီ​ကို​လာ​ပြီး ငါ့​ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​ရ​မယ်။ ငါ့​နေ​ရာ​ကို ဆက်​ခံ​ရ​မယ်။ အစ္စရေး​နဲ့ ယုဒ​အမျိုး​ရဲ့ ခေါင်း​ဆောင်​အဖြစ် သူ့​ကို ငါ​ခန့်​အပ်​မယ်” လို့​အမိန့်​ပေး​လိုက်​တယ်။ ၃၆  ယော​ယ​ဒ​ရဲ့​သား​ ဗေ​နာ​ယ​လည်း ချက်​ချင်း​ပဲ “အမိန့်​တော်​အတိုင်း ဖြစ်​ပါ​စေ။* အရှင်​မင်း​ကြီး​ရဲ့​ဘုရား ယေဟောဝါ​က ဒီ​ကိစ္စ​ကို  အတည်​ပြု​ပါ​စေ။ ၃၇  ယေဟောဝါ​ဘုရား​က အရှင်​မင်း​ကြီး​နဲ့​အတူ ရှိ​ခဲ့​သလို ရှော​လ​မုန်​နဲ့​လည်း အတူ​ရှိ​ပါ​စေ။+ သူ့​ရာ​ဇ​ပလ္လင်​ကို မင်း​ကြီး​ရဲ့ရာ​ဇ​ပလ္လင်​ထက် ကြီးမြတ်​အောင် လုပ်​ပေး​ပါ​စေ”+ လို့​လျှောက်​တင်​တယ်။ ၃၈  အဲဒီ​နောက်  ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပရော​ဖက်​နာသန်၊ ယော​ယ​ဒ​ရဲ့​သား ဗေ​နာ​ယ၊+ ခေ​ရ​သိ​လူ၊ ပေလ​သိ​လူ​တွေ​က+ ရှော​လ​မုန်​ကို ဒါဝိဒ်​မင်း​ရဲ့​လား​ပေါ် တင်​ပြီး+ ဂိ​ဟုန်​အရပ်​ကို ဆင်း​သွား​တယ်။+ ၃၉  ပု​ရော​ဟိတ်​ဇာဒုတ်​လည်း ဆီ​ထည့်​ထား​တဲ့​ဦး​ချို​ကို+ တဲ​တော်​ထဲ​က​နေ+ ယူ​ပြီး ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​တယ်။+ ပြီး​တော့ တံ​ပိုးမှုတ်​လိုက်​တဲ့​အခါ  လူ​အားလုံး​က “ရှော​လ​မုန်​မင်း​ကြီး အသက်​တော်​ရှည်ပါ​စေ” လို့ ကြွေး​ကြော်​ကြ​တယ်။ ၄၀  လူ​အားလုံး​က ဝမ်း​သာ​အား​ရ​နဲ့ ပလွေတွေ​မှုတ်​ရင်း ရှော​လ​မုန်​နောက်​က​နေ လိုက်​တက်​လာ​တယ်။ သူတို့​ရဲ့​ကြွေး​ကြော်​သံ​ဟာ မြေကြီး​အက်​ကွဲ​မ​တတ် ကျယ်​လောင်​တယ်။+ ၄၁  အဒေါ​နိ​ယ​နဲ့  ဖိတ်​ခေါ်​ခံ​ရ​သူ​အားလုံး စား​သောက်​ပြီး​ချိန်​မှာ+​ အဲ​ဒီ​အသံ​ကို ကြား​တယ်။ ယွာဘ​က တံ​ပိုး​မှုတ်​သံ​ကြား​တော့ “မြို့​ထဲ​မှာ ဘာလို့  အုတ်​အုတ်​ကျက်​ကျက်  ဖြစ်​နေ​တာပါလိမ့်”   ဆို​ပြီး​   ပြော​တယ်။ ၄၂  အဲ​ဒီ​လို ပြော​နေ​တုန်း​မှာ​ပဲ ပုရော​ဟိတ်​ အဗျာ​သာ​ရဲ့​သား​ယောန​သန်+​ရောက်​လာ​တယ်။ အဒေါ​နိ​ယ​က “ဝင်ခဲ့။   မင်း​ဟာ​   လူ​ကောင်း​ ဆို​တော့​ သတင်း​ကောင်း ပါ​လာ​မှာ​ပဲ” လို့​ပြော​တယ်။ ၄၃  ယောန​သန်​က “သတင်း​ကောင်း​တော့ မဟုတ်​ပါ​ဘူး။ ဒါဝိဒ်​မင်း​ကြီး​က ရှော​လ​မုန်​ကို   မင်း​မြှောက်​လိုက်​ပြီ။ ၄၄  ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပရော​ဖက်​နာသန်၊  ယော​ယ​ဒ​ရဲ့​သား​​ဗေ​နာ​ယ၊ ခေရ​သိ​လူ၊ ပေလ​သိ​လူ​တွေ​ကို​လည်း ရှော​လ​မုန်​နဲ့​အတူ စေ​လွှတ်​လိုက်​တာ။ သူတို့​က ရှော​လ​မုန်​ကို မင်းကြီး​ရဲ့​လား​ပေါ်  တင်​ပြီး  ခေါ်​သွား​တယ်။+ ၄၅  ပုရော​ဟိတ်​ဇာဒုတ်​နဲ့ ပရော​ဖက်​နာသန်​က ဂိ​ဟုန်​အရပ်​မှာ ရှော​လ​မုန်​ကို  ဘိ​သိက်​ပေး​ပြီး  မင်း​မြှောက်​လိုက်​တယ်။ အဲဒီ​က​နေ သူတို့ ဝမ်း​သာ​အား​ရ ပြန်​လာ​ကြ​တာ တစ်​မြို့​လုံး အုတ်အုတ်​ကျက်ကျက် ဖြစ်​နေ​တာ​ပဲ။ အရှင်​ကြား​ရတဲ့​အသံ​ဟာ အဲဒီ​အသံ​ပါ။ ၄၆  အခု၊ ရှော​လ​မုန် နန်း​ထိုင်​နေ​ပြီ။ ၄၇  ဒါ​တင်​ဘယ်​က​မလဲ။ မင်း​မှု​ထမ်း​တွေ​က​လည်း ဒါဝိဒ်​မင်း​ကြီး​ဆီ လာ​ပြီး ‘ဘုရား​သခင်​က ရှော​လ​မုန်​ကို မင်း​ကြီး​ထက် ဘုန်း​တန်ခိုး​ပို​ကြီး​အောင်၊ မင်း​ကြီး​ထက် ကြီးမြတ်​တဲ့ ဘုရင်​ဖြစ်​အောင် လုပ်​ပေး​ပါ​စေ’  ဆို​ပြီး  ဂုဏ်​ယူ​ဝမ်း​မြောက်​စကား ဆို​ကြ​တယ်။ ဒါဝိဒ်​မင်း​ကြီး​လည်း သလွန်​ပေါ်​မှာ ဦး​ညွှတ်​ပြီး၊ ၄၈  ‘အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​ကြ။ ဒီ​နေ့ ဘုရား​သခင်​က ငါ့​ရာ​ဇ​ပလ္လင်​မှာ နန်း​ထိုင်​မယ့်​သူ​ကို ပေး​ရုံ​မက အဲ​ဒါ​ကို မြင်​ရ​တဲ့​အခွင့်​ကို​ပါ ပေး​သနား​ပြီ’ လို့ ပြော​နေ​တယ်” ဆို​ပြီး ပြန်​ဖြေတယ်။ ၄၉  အဲဒီ​သတင်း​ကို အဒေါ​နိ​ယ ဖိတ်​ခေါ်​ထား​သူ​အားလုံး  ကြား​တဲ့​အခါ ကြောက်​ကြောက်​နဲ့ တစ်​ယောက်​ပြီး​တစ်​ယောက်  ထ​ပြန်​သွား​ကြ​တယ်။ ၅၀  အဒေါ​နိ​ယ​လည်း ရှော​လ​မုန်​ကို ကြောက်​လာ​တော့ ထ​သွား​ပြီး ပူဇော်​ရာ​ပလ္လင်​ရဲ့ ဦး​ချို​အတက်​တွေ​ကို ဆုပ်​ကိုင်​ထား​တယ်။+ ၅၁  “အဒေါ​နိ​ယ​က ရှော​လ​မုန်​မင်း​ကြီး​ကို ကြောက်​လို့ ပူ​ဇော်ရာ​ပလ္လင်​ရဲ့ ဦး​ချို​အတက်​တွေ​ကို  ဆုပ်​ကိုင်​ပြီး  ‘ငါ့​ကို မကွပ်​မျက်​ပါ​ဘူး​လို့ ရှော​လ​မုန်​မင်း​ကြီး အရင်​ကတိ​ပေး​ပါ​စေ’ လို့​ပြော​နေ​ပါ​တယ်” ဆို​တဲ့​သတင်း​ကို ရှော​လ​မုန်​ကြား​တဲ့​အခါ၊ ၅၂  “သူ​သာ ကောင်း​ကောင်း​မွန်​မွန် နေ​မယ်​ဆို​ရင် သူ့​ဆံ​ခြည်​တစ်​မျှင်​မှ မြေပေါ် မကျ​စေ​ရ​ဘူး။ မဟုတ်​တာ​လုပ်​ရင်တော့+ သေရ​မယ်” လို့ အမိန့်​ပေး​တယ်။ ၅၃  အဲဒီ​နောက် လူ​လွှတ်​ပြီး အဒေါ​နိ​ယ​ကို ပူ​ဇော်ရာ​ပလ္လင်​က​နေ ခေါ်​လာ​ခိုင်း​တယ်။ အဒေါ​နိ​ယ​က ရှေ့​ကို​လာ​ပြီး ဦး​တိုက်​ခစား​တော့ ရှော​လ​မုန်​က “ကိုယ့်​အိမ်​ကို ပြန်​ပါ” ဆို​ပြီး ခွင့်​ပေး​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

ဟီ​ဘ​ရူး​လို “အာ​မင်။”