မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော

ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော

ကယ်တင်​မည့် မျှော်လင့်ချက် တစ်စုံတစ်ရာ​ရှိသလော

၂၀ ရာစု​သည် လူသား​တို့​ကြုံဖူး​ခဲ့​သမျှ​တွင် သွေးသွန်းမှု​အများဆုံး​ရာစုနှစ်​တစ်ခု​အဖြစ် နာမည်​ရထား​သည်။ ရာဇဝတ်မှု၊ စစ်ပွဲ​များ၊ လူမျိုးရေး​ပဋိပက္ခ၊ မူးယစ်​ဆေးဝါး အလွဲသုံးခြင်း၊ မရိုးသားမှု​နှင့်​အကြမ်းဖက်မှု​တို့သည် အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်​များ​အတွင်း နေရာအနှံ့​ဖြစ်ပျက်​ခဲ့​သည်။ ထို့​ပြင် ဖျားနာခြင်း၊ အိုမင်း​ခြင်း​နှင့်​သေခြင်း​တို့​ကြောင့် ဖြစ်ပေါ်​လာသော နာကျင်မှု​နှင့် ဆင်းရဲခြင်း​တို့​က ထပ်ဆင့်​ဖြစ်ပျက်​ခဲ့ပြီ။ ယနေ့ ကမ္ဘာ​ပေါ်​ရှိ များပြား​လှ​သော​ပြဿနာ​များ​မှ မလွတ်​မြောက်​လို​သူ မည်သူ​ရှိ​မည်​နည်း။ အနာဂတ်​ကို ကျွန်ုပ်​တို့​ရှုမျှော်​ကြ​စဉ် ကယ်တင်​မည့် မျှော်လင့်ချက် တစ်စုံတစ်ရာ​ရှိသလော။

လွန်ခဲ့သော​အနှစ် ၂,၀၀၀ ခန့်​က တမန်​တော်​ယောဟန်​အပ်နှင်း​ခံရ​သည့် အဆင်းအာရုံ​ကို သုံးသပ်ကြည့်​ပါ။ သူ​ဤသို့​ရေးသား​သည်– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ​ကျိန်းဝပ်​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင်​သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) ပရောဖက်​ဟေရှာယ​လည်း အလားတူ တင်ကူး​ဟော​ကြား​ခဲ့​သည်– “သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရား​သည်လည်း ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်တော်​၏​လူတို့သည် ခံရ​သော​ကဲ့ရဲ့​ခြင်း​ကိုလည်း မြေကြီး​တစ်ပြင်လုံး​၌ ပယ်ရှင်း​တော်​မူ​လိမ့်​မည်​ဟု ထာဝရ​ဘုရား​အမိန့်တော်​ရှိ၏။”—ဟေရှာယ ၂၅:၈

ဘုရားသခင့်​ကတိတော်​များ​ပြည့်စုံခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​မည်​ကို​သာ စဉ်းစား​ကြည့်​ပါ​လေ! လူသား​သည် ဖိနှိပ်မှု​နှင့် အကြမ်းဖက်မှု၊ ဆင်းရဲခြင်း​နှင့် ပူ​ပင်​သောကရောက်​စေသည့် အကြောင်းရင်း​များ​မှ လွတ်မြောက်​ကြလိမ့်မည်။ ဖျားနာခြင်း၊ အိုမင်း​ခြင်း​နှင့် သေခြင်း​တို့​ပင် ကျွန်ုပ်​တို့ကို ဘေးမသင့်​တော့! ကမ္ဘာ​ပေါ်​တွင် စုံလင်သော​အခြေအနေ​၌ ထာဝရ​အသက်​ရမည်ဟု ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​က ကတိပြု​ထား​သည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) ယင်းကို​ရ​လို​သူအား​လုံး ရရှိနိုင်​ကြ​မည်။ “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို​သိစေ​ခြင်း​ငှာ ဘုရားသခင်​အလိုတော်​ရှိ၏။”—၁ တိမောသေ ၂:၃၊ ၄

သို့သော် ဘုရားသခင့်​ကတိတော်​များ​မှ အကျိုး​ခံစားရ​ရန် ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​တွင် ယေရှု​ခရစ်​ပါဝင်​သည့်​အခန်းကဏ္ဍကို သဘောပေါက်​ရမည်၊ ကိုယ်တော်​ကို ယုံကြည်​ရမည်​ဖြစ်သည်။ ယေရှု​ကိုယ်တော်တိုင် ဤသို့​မိန့်ဆိုခဲ့သည်– “ဘုရားသခင်​၏​သားတော်ကို ယုံကြည်သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို​ချစ်တော်မူ​၏။” (ယောဟန် ၃:၁၆) ဤ​ကိစ္စ​တွင် ယေရှု​ခရစ်​၏ အရေးပါသော​အခန်းကဏ္ဍကို ထောက်ပြ​ကာ တမန်​တော်​ပေတရု​က ဤသို့​ဆို​သည်– “ထို​သခင်၏​နာမတော်​မှတစ်ပါး ငါ​တို့ကို​ကယ်တင်​နိုင်သော​နာမ​တစ်စုံတစ်ခု​မျှ ကောင်းကင်​အောက်​လူ​တို့​တွင် မ​ပေါ်​မရှိ။” (တမန်​တော် ၄:၁၂) တမန်​တော်​ပေါလု​နှင့် သူ၏​အဖော်​သိလ​တို့သည် စိတ်ရင်းမှန်​နှင့်​မေးမြန်း​သူ​တစ်ဦး​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “သခင်​ယေရှု​ခရစ်​ကို​ယုံကြည်​လော့။ ယုံကြည်​လျှင် သင်​နှင့်​သင်၏​အိမ်သူအိမ်သား​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​ကြလိမ့်မည်။”—တမန်​တော် ၁၆:၃၀၊ ၃၁

မှန်ပါသည်၊ ယေရှု​ခရစ်​သည် “အသက်ရှင်ခြင်း​သို့​ပို့ဆောင်​တော်​မူ​သော​အရှင်” ဖြစ်သော​ကြောင့် ကိုယ်တော်​အားဖြင့်​သာ ကယ်တင်ခြင်း​ရရှိနိုင်​သည်။ (တမန်​တော် ၃:၁၅) သို့သော် ကျွန်ုပ်​တို့​ကယ်တင်ခြင်း​ရ​ရန် လူတစ်ဦး​သည် ထိုသို့​သော​အဓိက​ပုဂ္ဂိုလ်​တစ်ဦး မည်သို့​ဖြစ်​နိုင်​မနည်း။ ဤကိစ္စနှင့်​ပတ်သက်​၍ ကိုယ်တော်​၏​အခန်းကဏ္ဍကို ရှင်းလင်းစွာ​သဘောပေါက်ခြင်း​သည် ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရ​ရန် မျှော်လင့်ချက်ကို ပို​ခိုင်မာ​စေ​သင့်​သည်။

[Picture Credit Lines on page 2]

Page 3: Bombers: USAF photo; starving children: UNITED NATIONS/​J. FRAND; burning battleship: U.S. Navy photo