မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ့ရဲ့ ယုံကြည်ခြင်းနဲ့အညီ အသက်ရှင်

သူ့ရဲ့ ယုံကြည်ခြင်းနဲ့အညီ အသက်ရှင်

ဆောင်ဟီးအသက် ၁၁ နှစ်အရွယ်မှာ နောက်ကျောက ပုံမှန်မဟုတ်ဘဲ ကွေးနေတာကို သူ့အမေက သတိပြုမိတယ်။ နံဘေးဘက်ကို “C” ဒါမှမဟုတ် “S” ပုံစံ ကျောရိုးကွေးနေခြင်းဖြစ်တဲ့ ကျောရိုးကွေး မူမမှန်ရောဂါရှိနေတယ်ဆိုတာကို ဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့တယ်။ ဆောင်ဟီးရဲ့ အခြေအနေဆိုးလာလို့ ခွဲစိတ်ကုသဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ ဆောင်ဟီးက သွေးသွင်းကုသမှုကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တယ်။ “နိုးလော့!” က သူ့အကြောင်းကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ရောဂါအကြောင်းသိလိုက်ရတဲ့အချိန်မှာ ဆရာဝန်တွေ ကူညီပေးနိုင်ခဲ့သလား။

ဆရာဝန်နှစ်ယောက်က သုံးနှစ်လောက် စောင့်ကြည့်ပေးနေခဲ့ပေမဲ့ ကျောရိုးဟာ ပိုပိုပြီး ကွေးလာခဲ့တယ်။ ကျွန်မရဲ့နှလုံးနဲ့ အဆုတ်တွေကို ဖိထားတဲ့အတွက် အသက်ရှူဖို့ခက်တဲ့အထိ အခြေအနေပိုဆိုးလာတယ်။ မခွဲလို့ကို မရတဲ့အဆင့်အထိဖြစ်လာတယ်။

ခွဲစိတ်ကုသဖို့ သဘောတူခဲ့သလား။

သဘောတူပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသရတာ ခက်မယ်လို့ ကျွန်မကို ပြောပြတယ်။ အဲဒီအချိန်လောက်မှာ ကျွန်မရဲ့ ကျောရိုးက ၁၁၆ ဒီဂရီ ကွေးနေတဲ့အထိ အခြေအနေက ဆိုးနေပြီ။ ကျွန်မအတွက်တော့ ခွဲစိတ်ကုသမှု ခံယူရာမှာ အခက်အခဲတစ်ခုရှိတယ်။ ကျမ်းစာအပေါ် အခြေခံတဲ့ ကျွန်မရဲ့ ဘာသာရေးယုံကြည်ချက်ကြောင့် သွေးသွင်း ခွဲစိတ်မှုကိုတော့ လက်ခံမှာမဟုတ်ဘူး *

သွေးမသွင်းဘဲ ခွဲစိတ်ပေးမယ့် ခွဲစိတ်ဆရာဝန်ကို ရှာတွေ့ခဲ့သလား။

ကျွန်မတို့နေထိုင်တဲ့ ယူအက်စ်အေ၊ ဖလော်ရီဒါမှာ အထူးကု ဆရာဝန်တစ်ယောက် ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ သွေးသွင်းကုသတာကို လက်မခံတဲ့အကြောင်းပြောပြတဲ့အခါ ဒီလောက်ခက်ခဲတဲ့ ခွဲစိတ်မှုကို ဘယ်ဆရာဝန်ကမှ သွေးမသွင်းဘဲ ကုပေးမှာမဟုတ်ဘူးလို့ သူပြောခဲ့တယ်။ ကျွန်မက ၁၄ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ခွဲစိတ်မခံဘူးဆိုရင် အသက် ၂၀ အထိတောင် နေရမှာမဟုတ်ဘူးလို့ သူ ပြောခဲ့တယ်။

ကိုယ့်ရဲ့ခံယူချက်နဲ့ပတ်သက်ပြီး သူ့ကိုရှင်းပြသလား။

ရှင်းပြတယ်။ ကျွန်မရဲ့ယုံကြည်ချက်က ကျမ်းစာအပေါ်အခြေခံတယ်။ ဘုရားသခင်က လူ၊ တိရစ္ဆာန်တွေရဲ့သွေးကို မြင့်မြတ်တယ်လို့ ရှုမြင်တဲ့အကြောင်း ပြောပြတယ်။ * အစ္စရေးလူမျိုးတစ်ယောက်ဟာ သွေးစားမယ်ဆိုရင် သေဒဏ်ပေးခံရမှာဖြစ်တယ်။ * ပြီးတော့ တမန်တော် ၁၅:၁၉၊ ၂၀ ကိုလည်း ဖတ်ပြတယ်။ “သွေး . . . ကို ကြဉ်ရှောင်” ဖို့ ခရစ်ယာန်တွေကို မှာကြားထားတယ်။ ဒါကြောင့် သွေးမစားသင့်သလို ခန္ဓာကိုယ်ထဲလည်း မသွင်းသင့်ဘူး။

ခွဲစိတ်ဆရာဝန်က ဘယ်လို တုံ့ပြန်ခဲ့သလဲ။

သွေးသွင်းမှရမယ်ဆိုပြီး သူအခိုင်အမာ ပြောနေတုန်းပဲ။ တကယ်လို့ သွေးသွင်းခံမယ်ဆိုရင် ခွဲစိတ်မှုအတွက် ပိုက်ဆံတစ်ပြားမှ မယူဘူးဆိုပြီး ဆေးရုံကတောင် ပြောလာလို့ ကျွန်မတို့အံ့သြသွားတယ်။

တကယ်ကောင်းတဲ့ ကမ်းလှမ်းချက်ပဲ။ ဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသလဲ။

သွေးမသွင်းလို့ ဘယ်သူကမှ ခွဲပေးချင်ပုံ မရပေမဲ့လည်း ကျွန်မတို့က သွေးမသွင်းဖို့ အခိုင်အမာဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အခြေအနေတွေ ရှုပ်ထွေးလာခဲ့တယ်။ တရားဥပဒေအရ ကျွန်မက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အခြေအနေက ဆိုးဆိုးလာတဲ့အတွက်ကြောင့် ကျွန်မရဲ့အမှုက တရားရုံးအထိရောက်သွားတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့ တရားသူကြီးက ကျွန်မဆန္ဒအတိုင်းခွဲစိတ်ပေးမယ့် ခွဲစိတ်ဆရာဝန်ရှာဖို့ ရက် ၃၀ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ။

ခွဲစိတ်ဆရာဝန်ရှာတွေ့ခဲ့သလား။

ရှာတွေ့ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ဒေသခံ ဆေးရုံဆက်သွယ်ရေးကော်မတီက နယူးယောက်မှာရှိတဲ့ ကျောရိုးကွေး မူမမှန်ရောဂါကု အထူးကုဆရာဝန်တစ်ယောက်ကို ဆက်သွယ်ပေးခဲ့တယ်။ သူက ကျွန်မနဲ့တွေ့ဖို့သဘောတူပြီး ကျွန်မတောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားပေးချင်သူဖြစ်တယ်။ ဒါကြောင့် တရားရုံးက သတ်မှတ်ပေးထားတဲ့ရက်အတွင်းမှာ ခွဲစိတ်ပေးမယ့်သူကို ရှာတွေ့ခဲ့တယ်။ *

ခွဲစိတ်ကုသမှု အဆင်ပြေခဲ့သလား။

ခွဲစိတ်မှု အောင်မြင်ခဲ့တယ်။ ခွဲစိတ်ဆရာဝန် ရောဘတ် အမ်. ဘန်းစတိန်းက ကျောရိုး ထပ်မကွေးအောင် ထိန်းပေးတဲ့ စတီးချောင်းကို ကျွန်မရဲ့ကျောရိုးမှာ ထည့်သွင်းပေးခဲ့တယ်။ နှစ်ပတ်ခြားပြီး ခွဲစိတ်ကုသမှု နှစ်ခါ လုပ်ပေးခဲ့တယ်။

ဘာကြောင့် နှစ်ခါ လုပ်ပေးတာလဲ။

တကယ်လို့ ပထမခွဲစိတ်မှုမှာ သွေးထွက် များခဲ့ရင် ဒုတိယခွဲစိတ်မှုမတိုင်ခင် သွေးနီဥတွေပြန်များလာအောင် ခန္ဓာကိုယ်က ထုတ်လုပ်ပေးဖို့ အချိန်ခြားပေးခြင်းဖြစ်တယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့သားတွေရဲ့ အစီအစဉ်ကောင်းမှု၊ ကျွမ်းကျင်မှုနဲ့ စနစ်တကျလုပ်ဆောင်မှုကြောင့် နှစ်ခါစလုံး သွေးထွက်နည်းခဲ့လို့ ကျေးဇူးတင်လိုက်တာ။ သွေးသွင်းကုသမှုကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေလည်း မကြုံရဘဲ ကောင်းကောင်း ပြန်ကျန်းမာလာခဲ့တယ်။ *

ရလဒ်ကောင်းကြောင့် ခွဲပေးတဲ့ ဆရာဝန်က ဘယ်လို မှတ်ချက်ပေးခဲ့သလဲ။

ဆရာဝန်တွေဟာ လူနာနဲ့ပတ်သက်တဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားပေးသင့်တယ်

သူ တကယ့်ကို ကျေနပ်အားရခဲ့တယ်။ “ရောဂါကုသတယ်ဆိုတာ ခွဲစိတ်ကုသမှု လုပ်ပေးရုံလောက်ပဲ မဟုတ်ဘူး” လို့ သူပြောခဲ့တယ်။ ဆရာဝန်တွေဟာ လူနာအပါအဝင် လူနာနဲ့ပတ်သက်တဲ့ လူနာရဲ့ယုံကြည်ချက်၊ အလေးအမြတ်ထားတဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ လက်ခံထားသူဖြစ်တယ်။ ယေဟောဝါသက်သေတွေအပါအဝင် လူတော်တော်များများက အဲဒီရှုမြင်ချက်ကို အပြည့်အဝထောက်ခံကြပါတယ်။

^ စာပိုဒ်၊ 7 ၁။ ဆောင်ဟီးရဲ့အမေက ယေဟောဝါသက်သေ တစ်ယောက် ဖြစ်ပါတယ်။ ဆောင်ဟီးကလည်း မိခင်ရဲ့ ယုံကြည်ခြင်းအတိုင်း လက်ခံယုံကြည်သူ ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ပါတယ်။

^ စာပိုဒ်၊ 17 ၄။ ဆေးရုံဆက်သွယ်ရေးကော်မတီက ယေဟောဝါသက်သေ လူနာတွေကို သွေးမသွင်းဘဲ ကောင်းစွာကုသပေးနိုင်တဲ့ ဆရာဝန်ရှာတွေ့နိုင်ဖို့ ကူညီပေးတယ်။

^ စာပိုဒ်၊ 21 ၅။ သွေးသွင်းခြင်းရဲ့ အန္တရာယ်အကြောင်း ဖော်ပြတဲ့ ဆောင်းပါးထဲမှာ ထူးချွန်တဲ့ ဆေးဝါးကုသမှု ကော်မရှင်၊ နယူးဆောက်သ်ဝေးလ် (သြစတြေးလျ) ကျန်းမာရေးဌာနက ဒီလိုပြောခဲ့တယ်– “သွေးသွင်းတယ်ဆိုတာ သက်ရှိခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ထည့်သွင်းပေးခြင်းဖြစ်တယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲ မရင်းနှီးတဲ့အရာတစ်ခုခု ဝင်လာပြီဆိုရင် အဲဒီအရာကို ခန္ဓာကိုယ်က လက်ခံလေ့မရှိဘူး။ ဒါကြောင့် သွေးသွင်းခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကလည်း သိသာထင်ရှားပါတယ်။”