မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

သင့်ဆယ်ကျော်သက်ကလေး ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်လုပ်တဲ့အခါ

သင့်ဆယ်ကျော်သက်ကလေး ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်လုပ်တဲ့အခါ

ပြဿနာ

သင့်ဆယ်ကျော်သက်ကလေးက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် တမင်တကာလုပ်တယ်ဆိုတာ သင်သိလိုက်ရတယ်။ ‘ဘာလို့လုပ်တာပါလိမ့်။ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားနေတာများလား’ လို့ သင်စဉ်းစားမိပါလိမ့်မယ်။

သင်စဉ်းစားသလို ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်ဆယ်ကျော်သက် ကလေး ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင် လုပ်တယ်ဆိုရင်  *သူအကူအညီလိုအပ်နေပြီ။ သင်ဘယ်လိုကူညီပေးနိုင်မလဲ။ ဦးဆုံး အဲဒီလိုလုပ်ရတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။ *

ဘာကြောင့်အဲဒီလိုလုပ်တာလဲ

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တာက သူများလုပ်လို့လိုက်လုပ်တာလား။ တချို့သူတွေ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တာက တခြားသူတွေ အဲဒီလိုလုပ်တယ်ဆိုတာ ကြားတဲ့အတွက်ဖြစ်တယ်။ တခြားသူတွေလုပ်လို့ လိုက်လုပ်တတ်သူတွေရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်သူ အများစုကတော့ အဲဒီအကြောင်းရင်းကြောင့်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်သူတွေဟာ လူမသိအောင်လုပ်လေ့ရှိပြီး အဲဒီအကျင့်ရှိတာကိုလည်း ရှက်ကြတယ်။ အသက် ၂၀ ရှိပြီဖြစ်တဲ့ စီလီယာ *က “ကျွန်မရဲ့လုပ်ရပ်ကို တခြားသူတွေကို မသိစေချင်ဘူး။ ကျွန်မရဲ့ အမာရွတ်တွေကို မမြင်အောင်ဖုံးထားရတယ်” လို့ပြောတယ်။

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တာက ဂရုစိုက်တာခံချင်လို့လား။ လူတွေရဲ့ဂရုစိုက်တာခံချင်လို့ လုပ်တဲ့သူတချို့ရှိနိုင်တယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့သူတွေဟာ သူတို့ရဲ့ အကျင့်ကို လူတွေမသိစေချင်တဲ့သူတွေဖြစ်တယ်။ သူတို့ရဲ့အနာတွေပြပြီး တခြားသူတွေအာရုံစိုက်မှုရအောင် လုပ်တဲ့သူတွေလည်းမဟုတ်ဘူး။ ဒါပေမဲ့ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ခဲ့သူတစ်ယောက်က သူ့ရဲ့အနာတွေကို တစ်ယောက်ယောက်တွေ့ပြီး အဲဒီအကြောင်း တခြားသူတွေသိလာတဲ့အခါ သူ့ကို အကူအညီပေးလာတာမျိုး သူလိုချင်ခဲ့တယ်။

ဒါဆိုရင် လူတွေ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ကြတာလဲ။ အကြောင်းရင်းတွေက ရှုပ်ထွေးလှပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အကြောင်းရင်းတစ်ခုကတော့ စကားနဲ့ ပြောမထွက်တဲ့ စိတ်ခံစားချက်တွေကြောင့် လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်လေ့ရှိတာဖြစ်တယ်။ စိတ်ကျန်းမာရေးပညာရှင် စတီဗင် လယ်ဗန်ခရန်က သူ့ရဲ့စာအုပ် (Cutting) မှာ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့သူကို “စိတ်ခံစားချက်ကို အသားနာတာနဲ့ ဖြေတဲ့သူ” အဖြစ် ဖော်ပြထားတယ်။

စကားနဲ့ ပြောမထွက်တဲ့ စိတ်ခံစားချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင် လုပ်လေ့ရှိ

ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ ခံစားနေရရင်ကော။ သင့်ရဲ့ဆယ်ကျော်သက်ကလေး ကိုယ့်ကိုယ်ကိုယ်အနာတရလုပ်တာနဲ့ ပတ်သက်ပြီး ငါပြုစုပျိုးထောင်ပုံမှားသွားတယ်လို့ အပြစ်တင်နေမယ့်အစား သင့်ကလေး အခြေအနေကောင်းလာအောင် ဘယ်လိုကောင်းကောင်းဂရုစိုက်မလဲဆိုတာ အာရုံစိုက်ပါ။

သင်လုပ်ဆောင်နိုင်ရာ

သင့်ကလေးမှာရှိတဲ့ စိတ်ညစ်စရာတွေကို သင့်ကိုပြောပြဖို့ အားပေးပါ။ အောက်ပါအကြံပြုချက်တွေက အထောက်အကူပြုနိုင်ပါတယ်။

နှစ်သိမ့်ပေးပါ။ သင့်ဆယ်ကျော်သက်ကလေးက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တယ်လို့ ပြောလာရင် အထိတ်တလန့်မတုံ့ပြန်ပါနဲ့။ တည်တည်ငြိမ်ငြိမ်ရှိပြီး နှစ်သိမ့်ပေးတဲ့ ပုံစံနဲ့ပြောဆိုပါ။—ကျမ်းစာမူ– ၁ သက်သာလောနိတ် ၅:၁၄

အပြစ်တင်တဲ့လေသံမပါတဲ့ မေးခွန်းတွေမေးပါ။ ဥပမာ၊ သင်ဒီလိုပြောနိုင်တယ်– “ကိုယ့်ကိုယ်ကိုယ် အလိုမကျတဲ့အချိန်တွေ ရှိတယ်ဆိုတာ အမေသိပါတယ်ကွယ်။ သမီးက ဘာကိုစိတ်အပျက်ဆုံးလဲ။ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အခါ၊ စိတ်ဓာတ်ကျချိန်တွေမှာ အမေ ဘာလုပ်ပေးရမလဲ။ အမေတို့သားအမိနှစ်ယောက် ပိုပြီးရင်းနှီးလာအောင် ဘာလုပ်ကြရင်ကောင်းမလဲ။” သင့်ကလေးပြောနေတဲ့အခါ ကြားဖြတ်မပြောဘဲ နားထောင်ပေးပါ။—ကျမ်းစာမူ– ယာကုပ် ၁:၁၉

သင့်ရဲ့ဆယ်ကျော်သက်ကလေးကို သူ့မှာရှိတဲ့ အရည်အသွေးကောင်းတွေ တွေ့မြင်လာအောင်ကူညီပေးပါ။ ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင် လုပ်တဲ့သူတွေက သူတို့ရဲ့ချို့ယွင်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြတဲ့အတွက် သင့်ရဲ့ဆယ်ကျော်သက်ကလေးမှာရှိတဲ့ အရည်အသွေးကောင်းတွေကို သူတွေ့ မြင်လာအောင် အားပေးနိုင်တယ်။ ကိုယ်နှစ်သက်တဲ့ ကိုယ့်မှာရှိတဲ့ အရည်အသွေးသုံးခုကို ချရေးကြည့်ပါလို့ အကြံပြုနိုင်တယ်။ “ကျွန်မရဲ့အစွမ်းအစလေးတွေကို ချရေးတဲ့အခါ ကျွန်မမှာ အရည်အသွေးကောင်းတွေရှိတာကို တွေ့လာတယ်” လို့ ဘရီယာနာက ပြောတယ်။ *

ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းဖို့ သင့်ဆယ်ကျော်သက်ကလေးကို အားပေးပါ။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” လို့ သမ္မာကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၅:၇) “ကျွန်မရဲ့ခံစားချက်တွေကို ယေဟောဝါကို ရင်ဖွင့်ဖို့ ကြိုးစားတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်ဖို့ သွေးဆောင်ခံရချိန်မှာဖြစ်တယ်။ အဲဒီအခါ မလုပ်မိအောင်ပိုကြိုးစားဖို့ ကူညီပေးတယ်” လို့ လော်ရာနာကပြောတယ်။—ကျမ်းစာမူ– ၁ သက်သာလောနိတ် ၅:၁၇

^ အပိုဒ်၊ 5 ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်လုပ်ခြင်းဆိုတာက စိတ်မထိန်းနိုင်ဘဲ ကိုယ့်အသားကို လှီးတာ၊ ထုတာ၊ ရိုက်နှက်တာ ဒါမှမဟုတ် တခြားနည်းတွေနဲ့ အနာတရဖြစ်အောင်လုပ်တဲ့ အကျင့်ဖြစ်တယ်။

^ အပိုဒ်၊ 5 ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက သမီးနဲ့ရော သားနဲ့ပါ သက်ဆိုင်ပါတယ်။

^ အပိုဒ်၊ 7 ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။

^ အပိုဒ်၊ 15 ကိုယ့်ကိုယ်ကိုယ် အနာတရပြုမှုဟာ များသောအားဖြင့် စိတ်ကျဝေဒနာ ဒါမှမဟုတ် တခြားစိတ်ပိုင်းဆိုင်ရာဝေဒနာတွေရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်တယ်။ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ ဆေးကုသဖို့ လိုအပ်နိုင်ပါတယ်။ နိုးလော့! က ဆေးကုထုံးတစ်ခုခုကို ထောက်ခံခြင်းမျိုးမရှိပါ။ ဒါပေမဲ့ ခရစ်ယာန်တွေရွေးချယ်တဲ့ ကုထုံးက သမ္မာကျမ်းစာမူနဲ့ကိုက်ညီသင့်ပါတယ်။