မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကျန်းမာရေးကောင်းအောင် သင် ပြုလုပ်နိုင်

သင့်ကျန်းမာရေးကောင်းအောင် သင် ပြုလုပ်နိုင်

ရက်စ်တမ်

ရုရှားနိုင်ငံမှာနေထိုင်တဲ့ ရက်စ်တမ်ဟာ အလုပ်များတဲ့သူဖြစ်တယ်။ အရင်တုန်းက သူ့မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့အကျင့်တချို့ ရှိတယ်။ ဒါပေမဲ့ အဲဒီအကျင့်တွေကြောင့် သူ့မှာ ဆုံးရှုံးနစ်နာတာတွေရှိတယ်ဆိုတာ သူသိမြင်လာတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီး အရက်အလွန်အကျွံ မသောက်တော့ဘူး။ ဒီလိုလုပ်လိုက်ပေမဲ့လည်း ကွန်ပျူတာရှေ့ တစ်နေကုန် ထိုင်နေရတဲ့အတွက် လေးလံထိုင်းမှိုင်းတယ်လို့ သူခံစားရတယ်။

ရက်စ်တမ်ဟာ နံနက်ရှစ်နာရီမှာ အလုပ်စပေမဲ့ ဆယ်နာရီလောက်ထိ အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲ၊ မကြာခဏလည်း ဖျားနာတတ်တယ်။ ဒါကြောင့် သူ့လုပ်ရိုးလုပ်စဉ်ကို အပြောင်းအလဲ လုပ်ခဲ့တယ်။ ရလဒ်အနေနဲ့ “လွန်ခဲ့တဲ့ခုနစ်နှစ်အတွင်းမှာ ဖျားလို့ခွင့်ယူတာ တစ်နှစ်ကို နှစ်ရက်ထက် မပိုခဲ့ဘူး။ နိုးကြားဖျတ်လတ်လာတယ်လို့ ခံစားရတယ်၊ ကျွန်တော် အသက်ရှင်ရကျိုးနပ်နေပြီ” ဆိုပြီး သူပြောတယ်။

ရမ်၊ သူ့ဇနီးနဲ့ ကလေးနှစ်ယောက်တို့ဟာ နီပေါလ်နိုင်ငံမှာ နေထိုင်ကြတယ်။ သူတို့ရပ်ကွက်မှာ ကောင်းမွန်တဲ့ အညစ်အကြေးစွန့်စနစ် မရှိတဲ့အတွက် ခြင်နဲ့ ယင်ကောင်တွေ အရမ်းပေါတယ်။ အရင်တုန်းက ရမ်နဲ့သူ့မိသားစုဟာ မျက်စိ ကူးစက်ရောဂါတွေအပြင် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း မကြာခဏဆိုသလို ခံစားခဲ့ရတယ်။ သူတို့လည်း အပြောင်းအလဲတွေ လုပ်လိုက်တဲ့အခါ ကျန်းမာရေး ပိုကောင်းလာခဲ့တယ်။

သင့်ကျန်းမာရေးကို ဂရုစိုက်ပါ

ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ လူအတော်များများက သူတို့ရဲ့အလေ့အထနဲ့ ကျန်းမာရေး ဆက်နွှယ်နေတယ်ဆိုတာ မသိကြဘူး။ ကျန်းမာရေးကောင်းတယ်ဆိုတာ ကံကောင်းအကြောင်းလှလို့ပါ၊ ဒါမှမဟုတ်ရင်လည်း ဒီကိစ္စက ထိန်းချုပ်လို့မရတဲ့အရာပါလို့ ယူဆတတ်ကြတယ်။ ဒီလိုကံစီမံရာ လက်ခံတဲ့အမြင်က လူများစွာအတွက် ကျန်းမာရေးပိုကောင်းအောင်လုပ်ဖို့နဲ့ ပိုအကျိုးဖြစ်ထွန်းတဲ့ဘဝရရှိဖို့ အဟန့်အတား ဖြစ်စေတယ်။

တကယ်တော့၊ သင့်စီးပွားရေးအခြေအနေ ဘယ်လိုပဲဖြစ်ပါစေ သင့်ကျန်းမာရေးနဲ့ မိသားစုကျန်းမာရေးကို ကာကွယ်ဖို့နဲ့ များစွာကောင်းမွန်စေဖို့ သင်လုပ်ဆောင်နိုင်တဲ့ ရိုးရှင်းတဲ့အချက်တွေ ရှိတယ်။ လုပ်ရကျိုးနပ်ပါ့မလား။ လုံးဝနပ်ပါလိမ့်မယ်။ သင့်ဘဝကို တိုးတက်စေနိုင်ပြီး အချိန်မတန်ဘဲ သေဆုံးရတဲ့အဖြစ်မျိုးကို ရှောင်ရှားနိုင်ပါတယ်။

ရမ်နဲ့ သူ့မိသားစု သောက်ရေသန့် ရယူနေ

မိဘတွေအနေနဲ့ ကလေးတွေကို အလေ့အကျင့်ကောင်းရှိအောင် အပြောနဲ့ရော အလုပ်နဲ့ပါ သင်ပေးခြင်းဖြင့် ကျန်းမာရေး ပိုကောင်းစေနိုင်ပါတယ်။ အချိန်ပိုပေးရပြီး အကုန်အကျတွေရှိပေမဲ့ အကျိုးကျေးဇူးအနေနဲ့ ဝေဒနာခံစားရတာ၊ ဖျားနာလို့နားရတဲ့အချိန်နဲ့ ဆေးဖိုးဝါးခတွေ လျော့နည်းသွားပါလိမ့်မယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့စကားပုံအတိုင်းပါပဲ။

နောက်ပိုင်းဆောင်းပါးတွေမှာ ရက်စ်တမ်၊ ရမ်နဲ့ တခြားသူတွေကို ကူညီပေးတဲ့ ရိုးရှင်းတဲ့အချက်ငါးချက်ကို သုံးသပ်ကြပါမယ်။ ဒီအချက်တွေက သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။