မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သော့ချက် ၁—ချင့်ချင့်ချိန်ချိန် စားပါ

သော့ချက် ၁—ချင့်ချင့်ချိန်ချိန် စားပါ

“အစာစားပါ။ အလွန်အကျွံ မစားနဲ့။ အသီးအရွက် များများစား။” စာရေးဆရာ မိုက်ကယ် ပေါလ်လန်းက ရိုးရှင်းပြီး ယုံကြည်စိတ်ချထိုက်တဲ့ အကြံဉာဏ်ကို အဲဒီလို အတိုချုပ် ဖော်ပြခဲ့တယ်။ သူ ဘာကိုဆိုလိုချင်တာလဲ။

လတ်ဆတ်တဲ့အစာတွေကို စားပါ။ ခေတ်ပေါ်နည်းတွေနဲ့ ပြုပြင်စီမံထားတဲ့ အစားအစာတွေကို စားမယ့်အစား နှစ်ပေါင်းများစွာ လူတွေစားသုံးလာခဲ့တဲ့ သဘာဝဖြစ်ပြီး လတ်ဆတ်တဲ့ အစားအစာတွေကိုသာ စားဖို့ကြိုးစားပါ။ တချို့ဆိုင်တွေက စီးပွားဖြစ် ထုပ်ပိုးထားတဲ့ အစားအစာ၊ အမြန်ရ အစားအစာတွေမှာ သကြား၊ ဆားနဲ့ အဆီတွေ ရာခိုင်နှုန်းတော်တော်လေး ပါဝင်လေ့ရှိပြီး ဒါတွေက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ တခြားပြင်းထန်တဲ့ဖျားနာမှုတွေနဲ့ ဆက်နွှယ်နေတယ်။ ထမင်းဟင်းချက်တဲ့အခါ ကြော်မယ့်အစား ပြုတ်တာ၊ ဖုတ်တာ၊ ကင်တာတို့ကို စမ်းကြည့်ပါ။ ဆားလျှော့ထည့်ပြီး ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပိုသုံးကြည့်ပါ။ အသားတွေကို ကောင်းကောင်းကျက်အောင် ချက်ပါ၊ ပုပ်သိုးပျက်စီးနေတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားပါနဲ့။

အလွန်အကျွံ မစားပါနဲ့။ အလွန်အကျွံ စားသောက်လို့ ကိုယ်အလေးချိန်များနေတဲ့၊ အဝလွန်နေတဲ့လူတွေဟာ ကမ္ဘာတစ်ဝန်း ကြောက်စရာကောင်းလောက်အောင် တိုးများလာနေတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အစီရင်ခံတယ်။ အာဖရိကတိုက်ရဲ့ တချို့ဒေသတွေမှာ “အာဟာရချို့တဲ့,တဲ့ကလေးတွေထက် အဝလွန်နေတဲ့ကလေးတွေ ပိုများကြောင်း” လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တယ်။ အဝလွန်တဲ့ကလေးတွေက လောလောဆယ်မှာကော အနာဂတ်မှာပါ ဆီးချိုရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တယ်။ မိဘတို့၊ သင်တို့အစာစားတဲ့အခါ အကန့်အသတ်နဲ့စားခြင်းဖြင့် ကလေးတွေအတွက် ပုံသက်သေကောင်း ချမှတ်ပေးပါ။

အသီးအရွက် များများစားပါ။ သင့်တင့်မျှတတဲ့အစားအစာဖြစ်ဖို့ ထမင်း၊ အာလူး၊ ပေါင်မုန့်လို ကစီဓာတ်ပါတဲ့ အစာတွေသာ မဟုတ်ဘဲ အသီးအရွက်နဲ့ ပဲအမျိုးမျိုးကိုလည်း စားသင့်တယ်။ အသားကို အဓိကစားတဲ့တချို့နိုင်ငံမှာ ငါးကိုပိုစားဖို့ အားပေးခံရကြတယ်၊ အကြောင်းက ငါးက ကျန်းမာရေးနဲ့ ပိုညီညွတ်လို့ပဲ။ ဖြူဖွေးနေတဲ့ဆန်နဲ့ ဖြူဖွေးတဲ့ဂျုံမှုန့်ကနေလုပ်ထားတဲ့ အစာတွေက မြန်မာနိုင်ငံမှာ စားနေကျဖြစ်ပေမဲ့ တကယ်တော့ ဆန်လုံးသီး (ဆန်လုံးညို) နဲ့ ဂျုံကြမ်းကနေလုပ်ထားတဲ့ အစာတွေက ပိုပြီးအာဟာရရှိတဲ့အတွက် ရနိုင်မယ်ဆိုရင် အဲဒါတွေကို စားပါ။ ဒါပေမဲ့ အန္တရာယ်ရှိနိုင်တဲ့ လူအများကြိုက် ဓာတ်စာနဲ့ ဆေးဝါးတွေကို ရှောင်ပါ။ မိဘတို့၊ ကျန်းမာစေတဲ့အစားအစာကို ခံတွင်းတွေ့လာအောင် လုပ်ပေးခြင်းဖြင့် သင့်ကလေးရဲ့ ကျန်းမာရေးကို ကာကွယ်ပါ။ ဥပမာ၊ သားရေစာအဖြစ် အာလူးကြော်နဲ့ သကြားလုံးတွေအစား သေချာဆေးကြောထားတဲ့ အသီးအရွက်တွေ၊ အငန်ဓာတ်မပါတဲ့ နေကြာစေ့၊ မြေပဲတို့ကို စားစေပါ။

အရည် များများသောက်ပါ။ လူကြီးနဲ့ကလေးတွေဟာ နေ့စဉ် ရေနဲ့ တခြားအချိုဓာတ်မပါတဲ့အရည်တွေကို များများသောက်ဖို့ လိုအပ်ပါတယ်။ ပူအိုက်တဲ့အချိန်၊ ခွန်အားသုံးရတဲ့အလုပ် လုပ်တဲ့အချိန်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာ ပိုသောက်ပေးပါ။ အဲဒီအရည်တွေက အစာခြေဖျက်ရာမှာ ထောက်ကူပေးတဲ့အပြင် သင့်ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေ စိုပြေစေကာ ကိုယ်အလေးချိန် လျော့ကျစေတယ်။ သင့်ကို ကြည့်ကောင်းရှုပျော် ဖြစ်စေတယ်။ အရက် အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည်များစွာ သောက်သုံးခြင်းတို့ကို ရှောင်ပါ။ တစ်ရက်ကို အချိုရည်တစ်ပုလင်းသောက်ခြင်းက တစ်နှစ်မှာ ၁၅ ပေါင် (၆.၈ ကီလိုဂရမ်) တိုးလာစေနိုင်တယ်။

တချို့နိုင်ငံတွေမှာ ရေသန့်ရရှိဖို့ ခက်ခဲပြီး အကုန်အကျလည်း များနိုင်တယ်။ ဒါပေမဲ့ သောက်ရေက အရမ်းအရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ရေကို ကျိုချက်ဖို့ (သို့) ဓာတုနည်းအရ သန့်စင်ဖို့ လိုအပ်တယ်။ မသန့်ရှင်းတဲ့ရေကြောင့် သေဆုံးရသူတွေဟာ စစ်ပွဲ (သို့) ငလျင်ကြောင့် သေဆုံးရသူတွေထက် ပိုများတယ်လို့ ပြောကြတယ်၊ တစ်ရက်ကို ကလေး ၄,၀၀၀ သေဆုံးကြောင်း သိရတယ်။ ကလေးတွေကို မွေးစမှခြောက်လအထိ မိခင်နို့ရည်သာ တိုက်သင့်ကြောင်း၊ အသက်နှစ်နှစ်အထိ မိခင်နို့ရည်နဲ့အတူ တခြားအစာတွေကို ကျွေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုတယ်။