မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေး ကောင်းစေမယ့်အရာတွေကို လုပ်ဆောင်ပါ

ကျန်းမာရေး ကောင်းစေမယ့်အရာတွေကို လုပ်ဆောင်ပါ

ဒီစာစောင်ရဲ့ ပထမဆုံးဆောင်းပါးပါ ရမ် ကို သင်မှတ်မိပါလိမ့်မယ်။ အစားအသောက်နဲ့ တခြားနေ့စဉ်လုပ်ရိုးလုပ်စဉ်တွေဟာ ကျန်းမာရေးအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ ကမ္ဘာတစ်ဝန်းကလူတွေလိုပဲ ရမ် မသိခဲ့ဘူး။ သူဒီလိုပြောပြတယ်– “နိုးလော့! မှာပါတဲ့ ‘အာဟာရရှိသောအစားအစာများ သင့်လက်တစ်ကမ်းမှာရှိ’ (မေ ၈၊ ၂၀၀၂ [အင်္ဂလိပ်]) ဆိုတဲ့ဆောင်းပါးကြောင့် အာဟာရရှိတဲ့အစာတွေ ဘာကြောင့် စားဖို့လိုအပ်သလဲဆိုတာ နားလည်လာခဲ့တယ်။” (၁၉၉၇၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် “အာဟာရဖြစ်စေသော အစားအစာက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပုံ” နဲ့ ၂၀၀၅၊ ဇူလိုင် ၈ ရက်ထုတ် “အဝလွန်ခြင်း ဖြေရှင်းနည်းကား အဘယ်နည်း” တို့ကိုလည်း ကြည့်ပါ။)

ရမ် ဒီလိုရှင်းပြတယ်– “ဒီဆောင်းပါးကနေ သင်ယူသိရှိခဲ့ရာကို လက်တွေ့ကျင့်သုံးဖို့ ကျွန်တော်တို့တစ်မိသားစုလုံး ကြိုးစားခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်တွေ ကောင်းလာတယ်။ အာဟာရရှိတဲ့အစာတွေ မစားခင်တုန်းက မကြာခဏဆိုသလို အအေးမိတတ်ပေမဲ့ အခုတော့ သိပ်မဖြစ်တော့ဘူး။ စျေးသက်သာစွာနဲ့ လွယ်လွယ်ကူကူ ရေသန့်ရနိုင်တဲ့နည်းကိုလည်း သိရှိခဲ့တယ်၊ ဒါကိုဖော်ပြထားတဲ့ ‘သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ နည်းလမ်းခြောက်သွယ်’ (စက်တင်ဘာ ၂၂၊ ၂၀၀၃ [အင်္ဂလိပ်]) ဆိုတဲ့ နိုးလော့! ဆောင်းပါးကို ကျေးဇူးတင်ပါတယ်။”

“ကျွန်တော့်မိသားစု ကျန်းမာရေးကို တိုးတက်စေဖို့ ထပ်ကူညီပေးခဲ့တာက ဇွန် ၈၊ ၂၀၀၄ နိုးလော့! စာစောင်မှာပါတဲ့ ‘ဆပ်ပြာ “ကိုယ့်-လက်ဖြစ် ကာကွယ်ဆေး”’ ဆောင်းပါး ဖြစ်တယ်။ ဒီဆောင်းပါးကို ဖတ်ပြီးပြီးချင်းပဲ အကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်ခဲ့ကြတယ်။ အခုတော့ မျက်စိကူးစက်ရောဂါတွေ အရင်ကလို သိပ်မဖြစ်တော့ဘူး။

“ကျွန်တော်တို့နေတဲ့နေရာမှာ ယင်နဲ့ ခြင်တွေ အရမ်းများပေမဲ့ ဒါတွေကို လူတွေ သိပ်ဂရုမစိုက်ကြဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာ—သင့်အသက်တာတွင် ဩဇာညောင်း * ဆိုတဲ့ ဗီဒီယိုခွေ ကြည့်ပြီးနောက် ဒီအင်းဆက်တွေ မရှိအောင် ကြိုးစားလုပ်ဆောင်သင့်ကြောင်း ကျွန်တော်တို့မိသားစု သိရှိခဲ့ရတယ်။ ဒီအသိပညာကလည်း ဆက်ပြီးကျန်းမာနေဖို့ ကူညီပေးခဲ့တယ်။”

လက်မလျှော့နဲ့။ ဘယ်လို အပြောင်းအလဲကိုပဲ လုပ်ဖို့ လိုအပ်ပါစေ တဖြည်းဖြည်း စတင်ခြင်းနဲ့ လက်လှမ်းမှီတဲ့ပန်းတိုင်တွေကို ချမှတ်ခြင်းဖြင့် ပိုအောင်မြင်နိုင်စရာအကြောင်း ရှိတယ်။ ဥပမာ၊ ကျန်းမာရေးနဲ့ သိပ်မကိုက်ညီတဲ့ အစာတွေကို ချက်ချင်းဖြတ်လိုက်မယ့်အစား လျှော့စားဖို့ ကြိုးစားကြည့်ပါ။ ညမှာ နည်းနည်းလောက် စောအိပ်ကြည့်ပြီး လေ့ကျင့်ခန်း နည်းနည်းလောက် ပိုလုပ်ကြည့်ပါ။ ဘာမှမလုပ်တာထက် တစ်ခုခုလုပ်တာက ပိုကောင်းတယ်။ အကျင့်ကောင်းတစ်ခုက လုပ်နေကျဖြစ်လာဖို့ဆိုရင် အပတ်နဲ့ချီ၊ လနဲ့ချီ အချိန်ပေးတတ်ရတယ်။ ဒီအတောအတွင်း သင့်ကြိုးစားမှုကနေ အကျိုးကျေးဇူးတွေ ချက်ချင်းမရရင်လည်း စိတ်မပျက်ပါနဲ့။ အခက်အခဲတွေရှိပေမဲ့ မလျှော့တမ်းလုပ်ဆောင်နေမယ်ဆိုရင် သင့်ကျန်းမာရေး တိုးတက်လာနိုင်ပါတယ်။

မစုံလင်တဲ့ ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့ကျန်းမာရေးကို ဘယ်သူမှ မရနိုင်ပါ။ သင်ဖျားနာခဲ့ရင် သင့်ဘက်က ပေါ့ဆလို့မဟုတ်ဘဲ လူ့မွေးရာပါ အားနည်းချက်ကြောင့် ဖြစ်နိုင်တယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိုးရိမ်မှုအပါအဝင် တခြားဘယ်အကြောင်းကမှ သင့်ကို အလွန်အကျွံ စိတ်ဖိစီးစေပြီး စိုးရိမ်ပူပန်စေတာမျိုး မဖြစ်ပါစေနဲ့။ ယေရှုက “သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း” လို့မေးခဲ့တယ်။ (လုကာ ၁၂:၂၅) အဲဒီအစား အသက်တိုစေပြီး ကျန်းမာရေးချို့တဲ့စေတဲ့ အရာတွေကို ရှောင်ဖို့သာ ကြိုးစားပါ။ ဒါက “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တဲ့ ဘုရားသခင့်ကမ္ဘာသစ် ရောက်လာတဲ့အထိ ကျန်းမာရေးကောင်းနေနိုင်ဖို့ သင့်ကို ထောက်ကူပါလိမ့်မယ်။—ဟေရှာယ ၃၃:၂၄

^ အပိုဒ်၊ 5 ယေဟောဝါသက်သေများ ထုတ်ဝေသည်။