မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီ

အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီ

အရက်​၏​ကျေးကျွန်​ဘဝ​မှ လွတ်မြောက်ပြီ

အစာ​စားချိန်​တွင် အရက်ယမကာ​ကို တော်သင့်ရုံ​မှီဝဲခြင်း​က ထမင်းပွဲ​ကို စိုပြည်​စေနိုင်​၏၊ အခမ်းအနား​တွင် ပျော်ရွှင်မှု​ကို ထပ်လောင်း​ပေး​နိုင်၏။ သို့သော် အချို့​သူများ​အတွက်​မူ အရက်ယမကာ​မှီဝဲခြင်း​ကြောင့် စိုးရိမ်ဖွယ်​ရာ​ပြဿနာ​များ ပေါ်ပေါက်​စေ​၏။ အရက်​၏​ကျေးကျွန်​ဘဝ​မှ ရုန်းထွက်​နိုင်​ခဲ့​သော လူတစ်ဦး​၏​ပြောပြချက်​ကို အောက်တွင်​လေ့လာ​ကြည့်​ပါ။

တင်းမာ​နေတဲ့ ကျွန်တော်​တို့​ရဲ့ အိမ်တွင်းရေး​အခြေအနေ​ကို ပြန်​ပြောပြ​ဖို့ အခုထက်ထိ နာကျင်​စွာ​ခံစား​နေရ​တုန်း​ပါ​ပဲ။ အဖေနဲ့​အမေက အရက်သောက်​တယ်။ အဲဒီနောက် အဖေက အမေ့ကို​ရိုက်တယ်။ ကျွန်တော်​လည်း မကြာခဏ အဖေ့​ရဲ့ လက်သီး​စာ​မိတယ်။ အဖေနဲ့​အမေ​ခွဲနေ​ဖို့ ဆုံးဖြတ်​ခဲ့​ကြ​တုန်း​က ကျွန်တော့်​အသက် လေးနှစ်​ပဲ​ရှိသေးတယ်။ အမေ့​ဘက်က အဘွား​နဲ့​အတူ​နေခဲ့ရ​တာ​ကို မှတ်မိ​နေ​သေး​တယ်။

ကျွန်တော့်​ကို သူတို့ မလိုချင်​ကြဘူး​လို့ ခံစား​ရတယ်။ ကျွန်တော် အသက်​ခု​နစ်​နှစ်​ရောက်တော့ ကျွန်တော့်​ရဲ့​ဝမ်းနည်းမှု​တွေ​ကို ဖြေဖျောက်​ဖို့ ဝိုင်​သိုလှောင်ခန်း​ထဲ တိတ်တိတ်လေး​ဝင်ပြီး ဝိုင်​ခိုး​သောက်​တယ်။ အသက် ၁၂ နှစ်မှာ ကျွန်တော့်​ကြောင့် အမေနဲ့​အဘွား အကြီးအကျယ် စကား​များ​ကြတယ်။ အမေက အရမ်း​စိတ်ဆိုး​ပြီး ကျွန်တော့်​ကို ကောက်​ဆွ​တဲ့​ခက်ရင်းခွ​နဲ့ ပစ်ပေါက်​လိုက်လို့ အသက်​လွတ်​အောင် မနည်း​ရှောင်​ခဲ့​ရတယ်။ အသက်​အန္တရာယ်​ထိခိုက်​နိုင်​တဲ့​အခြေအနေ​မျိုး​က ဒီ​တစ်ကြိမ်​တည်း​မဟုတ်ဘူး။ ကျွန်တော့်​အပြင်​က ဒဏ်ရာ​ထက် ကျွန်တော်​ရဲ့​စိတ်ဒဏ်ရာ​က ပို​နက်​တယ်။

ကျွန်တော် အသက် ၁၄ နှစ်​ရောက်တော့ အရက်​ကို စွဲစွဲမြဲမြဲ​သောက်​လာတယ်။ နောက်ဆုံး၊ အသက် ၁၇ နှစ်မှာ အိမ်ကနေ ကျွန်တော်​ထွက်ပြေး​ခဲ့​တယ်။ အရက်သောက်​တာ​က ကျွန်တော့်​ကို လွတ်လပ်မှု​ပေး​တယ်လို့ ခံစား​ရတယ်။ ကျွန်တော်​ဟာ ခက်ထန်​ကြမ်းတမ်း​လာပြီး အရက်​ဆိုင်​တွေ​မှာ ပြဿနာ​တွေ​တက်​လာတယ်။ အရက်သောက်​တာ​က ကျွန်တော့်​ဘဝရဲ့ တစ်ခု​တည်း​သော​ပျော်စရာ​ဖြစ်လာ​တယ်။ တစ်ရက်​တည်း​မှာပဲ ဝိုင်​ငါး​လီတာ၊ ဘီယာ​တွေ​နဲ့ အရက်​ပြင်း​တွေ​ကိုလည်း သောက်​နိုင်တယ်။

ကျွန်တော်​လက်ထပ်​ပြီး​နောက်​လည်း အရက်​ချည်း​ပဲ​သောက်​နေလို့ ကျွန်တော့်​ဇနီး​နဲ့ ပြဿနာ​တက်တယ်။ မကျေနပ်ချက်​တွေ၊ နာကြည်း​ချက်​တွေ​ကြောင့် မိန်းမ​နဲ့​ကလေး​တွေ​ကို​ရိုက်​ပြီး ကျွန်တော်​ကြီးပြင်း​ခဲ့​ရတဲ့ အခြေအနေ​ဆိုး​မျိုး​ဖြစ်အောင် ပြန်​ဖန်တီး​ခဲ့​တယ်။ ကျွန်တော်​ရှာဖွေ​လို့ ရ​သမျှ​ငွေ​အားလုံးနီးပါး​ကို အရက်သောက်​ပစ်​တယ်။ ကျွန်တော်​တို့​မှာ အိမ်ထောင်​ပရိဘောဂ​မရှိလို့ ကျွန်တော့်​မိန်းမ​နဲ့ ကျွန်တော်​ဟာ ကြမ်းပြင်​ပေါ်မှာ​အိပ်ခဲ့​ရတယ်။ ကျွန်တော့်​မှာ ဘဝ​ရည်ရွယ်ချက်​လည်း​မရှိဘူး၊ အခြေအနေ​တွေ ပို​ကောင်း​အောင်​လုပ်ဖို့​လည်း မကြိုးစား​ခဲ့​ဘူး။

တစ်နေ့​မှာ ကျွန်တော် ယေဟောဝါသက်သေ​တစ်ယောက်​နဲ့ စကားပြော​ခွင့်​ရခဲ့တယ်။ ကျွန်တော်​က ဆင်းရဲ​ခက်ခဲ​မှု​တွေ ဘာကြောင့် ဒီလောက်တောင်​များနေ​ရတာလဲ​လို့ မေးခွန်းထုတ်​တော့ သက်သေခံ​က ပြဿနာ​မရှိတဲ့​ကမ္ဘာ​တစ်ခု​ကို ဘုရားသခင်​ကတိပြု​ထား​တဲ့​အကြောင်း ကျမ်းစာ​နဲ့​ထောက်ပြ​ခဲ့​တယ်။ အဲဒါ​ကြောင့် သက်သေခံတွေ​နဲ့ ကျမ်းစာ စ​ဖတ်​ဖြစ်​ခဲ့​တယ်။ ကျွန်တော် အရက်​လျှော့​သောက်​ပြီး ကျမ်းစာ​သွန်သင်ချက်​တွေ​ကို ကျင့်သုံး​လာတာ​နဲ့​အမျှ ကျွန်တော်​တို့​ရဲ့ မိသားစု​ဘဝဟာ အများကြီး​တိုးတက်​လာတယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားသခင် လက်ခံ​တဲ့​နည်းနဲ့ ဝတ်ပြု​ကိုးကွယ်​ချင်​တယ်​ဆိုရင် ကျွန်တော့်​ရဲ့​အရက်​ပြဿနာ​ကို အောင်မြင်​ရမယ်ဆိုတာ သဘောပေါက်​လာတယ်။ ကျွန်တော် သုံးလလောက်​ကြိုးစား​ပြီး​တဲ့​နောက် အရက်​ပြတ်​သွားတယ်။ ခြောက်​လ​ကြာပြီး​တဲ့​နောက်​မှာ​တော့ ကျွန်တော့်​ရဲ့​အသက်တာကို ဘုရားသခင်​ထံ အပ်နှံ​တဲ့​အထိမ်းအမှတ်​အနေ​နဲ့ နှစ်ခြင်း​ခံ​လိုက်တယ်။

အရက်​ရဲ့​ကျေးကျွန်​ဘဝကို အဆုံးသတ်​ပြီး​တဲ့​နောက် အကြွေး​တွေ​အားလုံး​ကျေ​အောင် ဆပ်​နိုင်​ခဲ့​တယ်။ နောက်တော့ အိမ်တစ်လုံး​ဝယ်​လိုက်ပြီး ခရစ်ယာန်​စည်းဝေး​တွေ​တက်​ဖို့နဲ့ တစ်အိမ်​တက်​ဆင်း​ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ဖို့ ကား​လည်း​ဝယ်​လိုက်တယ်။ နောက်ဆုံး​မှာ ကျွန်တော်​ဟာ ကိုယ့်​ကိုယ်ကို လေးစားမှု​ရှိ​လာတယ်။

တစ်ခါ​တ​လေ မိတ်ဆုံပွဲ​တွေ​မှာ အရက်သောက်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ အရက်​ပြတ်​အောင် ကျွန်တော် ဘယ်လောက်ထိ​ကြိုးစား​ခဲ့​ရတယ်၊ တစ်ခါ​သောက်​မိ​တာ​နဲ့ ဒုံး​ရင်း​အခြေအနေ​ကို ပြန်ရောက်​သွားနိုင်တယ်​ဆိုတာ​တွေ​ကို လူ​အတော်များများ​က မသိကြဘူး။ ကျွန်တော် အရက်သောက်​ချင်​နေတုန်းပဲ။ ဒါ​ကြောင့် မပြတ်​ဆုတောင်း​နေဖို့၊ မ​သောက်​တော့​ဘူးဆို​တဲ့ ဆုံးဖြတ်ချက်​ခိုင်မာ​နေဖို့လို​တယ်။ သောက်​ချင်စိတ်​ပေါ်လာတဲ့​အခါ အရက်​မပါတဲ့​အရည်​ကို တ​ဝ​ကြီး​သောက်​လိုက်တယ်။ ကျွန်တော် အရက်​လုံးဝ​မသောက်တော့တာ အခု​ဆိုရင် ဆယ်နှစ်​တောင်​ရှိပြီ။

လူမတတ်နိုင်​တာ​ကို ယေဟောဝါ​တတ်​နိုင်တယ်။ ဘယ်တော့မှ​မရနိုင်​တော့​ဘူးလို့ ထင်​ခဲ့​တဲ့ လွတ်လပ်မှုကို​ရဖို့ ကိုယ်တော် ကူညီ​ပေး​ခဲ့​တယ်။ ကလေး​ဘဝက​ရခဲ့တဲ့ စိတ်ဒဏ်ရာ​တွေ​ကို ခံစား​နေရ​တုန်း​ပဲ။ အပျက်​သဘောထားတွေကို​လည်း တိုက်လှန်​နေရ​တုန်း​ပဲ။ တစ်ဖက်​က​ကြည့်​ရင်​တော့ ဘုရားသခင်​နဲ့ ကောင်း​တဲ့​ဆက်ဆံ​ရေး​ရှိတယ်၊ အသင်းတော်မှာ မိတ်ဆွေစစ်​တွေ​ရှိတယ်၊ ယုံကြည်မှု​ချင်း​တူ​တဲ့ မိသားစု​ရှိတယ်ဆိုတာ​တွေ​က ကောင်းချီး​တွေ​ဖြစ်တယ်။ ကျွန်တော်​အရက်ဖြတ်​တဲ့​အခါ ကျွန်တော့်​ဇနီး​နဲ့ ကလေး​တွေ​က စိတ်ရောကိုယ်ပါ ကူညီ​ထောက်​မပေးခဲ့​ကြတယ်။ ကျွန်တော့်​ဇနီး​က “အရင်က ကျွန်မ​ဘဝဟာ အရမ်း​ဆိုး​ခဲ့​တယ်၊ အခုတော့ ကျွန်မ​ခင်ပွန်း၊ ကလေး​နှစ်ယောက်​နဲ့​အတူ မိသားစု​ဘဝကို​ပျော်မွေ့နိုင်​လို့ ယေဟောဝါ​ကို အရမ်း​ကျေးဇူး​တင်​တယ်” လို့​ပြော​ခဲ့​တယ်။—ဆောင်းပါး​ရှင်​ရေးသား​ပေး​ပို့​သည်။

[စာမျက်နှာ ၁၄ ပါ အကျဉ်း​ဖော်ပြချက်]

ကျွန်တော် အသက် ၁၄ နှစ်​ရောက်တော့ အရက်​ကို စွဲစွဲမြဲမြဲ​သောက်​လာတယ်။

[စာမျက်နှာ ၁၈ ပါ အကျဉ်း​ဖော်ပြချက်]

လူမတတ်နိုင်​တာ​ကို ယေဟောဝါ​တတ်​နိုင်တယ်

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သမ္မာကျမ်းစာ​နှင့် အရက်

▪ သမ္မာကျမ်းစာ​က အရက်ယမကာ​မှီဝဲခြင်း​ကို မ​ရှုတ်ချ​ပါ။ ‘လူကို ရွှင်လန်း​စေသော စပျစ်​ဝိုင်’ သည်​ဘုရားသခင်​ထံ​မှ လက်ဆောင်​တစ်ခု​ဖြစ်သည်ဟု ကျမ်းစာ​က​ဖော်ပြ​၏။ (ဆာလံ ၁၀၄:၁၄၊ ၁၅) စပျစ်​ပင်ကို သာယာ​ဝ​ပြော​မှု​နှင့် လုံခြုံမှု​အထိမ်းအမှတ်​အဖြစ်​လည်း ကျမ်းစာ​က​ရည်ညွှန်း​သည်။ (မိက္ခာ ၄:၄) အမှန်​မှာ ယေရှု​ခရစ်​၏ ပထမ​ဆုံး​အံ့ဖွယ်​အမှုမှာ မင်္ဂလာဆောင်​ပွဲ​တစ်ခု​တွင် ရေ​ကို ဝိုင်​အဖြစ် ပြောင်းလဲခြင်း​ဖြစ်သည်။ (ယောဟန် ၂:၇-၉) တိမောသေ​၏ “ရင်ထဲ​၌ . . . မကြာမကြာ​ခံရ​သော​ရောဂါ” အကြောင်း တမန်​တော်​ပေါလု​ကြား​သောအခါ ‘စပျစ်​ဝိုင်​အနည်းငယ်​ကို’ သောက်သုံး​ရန် အကြံပေး​ခဲ့​သည်။—၁ တိမောသေ ၅:၂၃

▪ သမ္မာကျမ်းစာ ပြစ်တင်​ရှုတ်ချ​သည်​မှာ အရက်ယမကာ​ကို အလွန်အကျွံ​မှီဝဲခြင်း​ဖြစ်သည်–

“သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​သော​သူ . . . တို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ။”—၁ ကောရိန္သု ၆:၉-၁၁

‘လွန်ကျူး​စေ​တတ်သော စပျစ်​ဝိုင်​နှင့်​ယစ်​မူး​ခြင်း​ကို​ရှောင် . . . ကြလော့။’—ဧဖက် ၅:၁၈

‘အဘယ်သူ​သည် ဝမ်းနည်းခြင်း​ရှိ​သနည်း။ အဘယ်သူ​သည် ညည်းတွား​ခြင်း​ရှိ​သနည်း။ အဘယ်သူ​သည် ရန်​တွေ့​ခြင်း​ရှိ​သနည်း။ အဘယ်သူ​သည် မြည်တမ်း​ခြင်း​ရှိ​သနည်း။ အဘယ်သူ​သည် အကျိုးအကြောင်း​မရှိ၊ ထိခိုက်​၍​နာ​ခြင်း​ရှိ​သနည်း။ အဘယ်သူ​သည် မျက်စိ​နီ​ခြင်း​ရှိ​သနည်း​ဟူ​မူ​ကား စပျစ်​ဝိုင်ကို ကြာမြင့်စွာ​သောက်​လျက်​နေသော​သူ၊ ဆေး​နှင့်​ရော​သော​စပျစ်​ဝိုင်ကို ရှာ​တတ်သော​သူတို့သည် ထိုသို့​သော​လက္ခဏာ​ရှိကြ​၏။ ဖလား​၌​နီ​လျက်၊ အရောင်​တောက်​လျက်၊ အချို​အမြိ​န်​ဝင်​လျက်​ရှိသော စပျစ်​ဝိုင်ကို မကြည့်​မ​ရှု​နှင့်။ နောက်ဆုံး​၌ မြွေ​ကဲ့သို့​ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့သို့ နာ​စေ​တတ်၏။ သင့်​မျက်စိ​တို့သည် အမျိုး​ပျက်​သော​မိန်းမတို့ကို ကြည့် ရှု​၍ သင့်​နှလုံး​သည်လည်း ကောက်​သော​စကား​ကို မြွက်ဆို​လိမ့်​မည်။’—သု. ၂၃:၂၉- ၃၃

ပူးတွဲ​ပါ​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သည့်​အတိုင်း အရက်ယမကာ​ကြောင့် ပြဿနာ​ဖြစ်တတ်​သူ​အချို့​သည် ယင်းကို လုံးလုံး​ရှောင်ရန် ပညာရှိ​စွာ​ရွေးချယ်​ခဲ့​ကြသည်။—မဿဲ ၅:၂၉