မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချမ်းသာကြွယ်ဝသောကမ္ဘာတွင် အဘယ်ကြောင့် ဤမျှဆင်းရဲနွမ်းပါးရ

ချမ်းသာကြွယ်ဝသောကမ္ဘာတွင် အဘယ်ကြောင့် ဤမျှဆင်းရဲနွမ်းပါးရ

ချမ်းသာ​ကြွယ်ဝသော​ကမ္ဘာ​တွင် အဘယ်ကြောင့် ဤမျှ​ဆင်းရဲ​နွမ်းပါး​ရ

အေဒီ ပထမ​ရာစု​တွင် ယေရှု​ခရစ်​က “ဆင်းရဲသော​သူတို့သည် သင်တို့၌ အစဉ်​ရှိကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၁၁) ယေရှု​အချိန်​မှ​စ၍ လက်ရှိ​အချိန်အထိ ဆင်းရဲ​နွမ်းပါး​သူများ အမြဲလိုလို​ပင် ရှိ​လေ​သည်။ သို့သော် ဤမျှ​ချမ်းသာ​ကြွယ်ဝ​လှ​သည့် ကမ္ဘာ​တွင် လူများစွာ​သည် အဘယ်ကြောင့် ဆင်းရဲ​နွမ်းပါး​နေရ​သနည်း။

လူ​တို့ ဆင်းရဲ​နွမ်းပါး​ရခြင်း​မှာ သူတို့၏ မှားယွင်း​သည့်​ဆုံးဖြတ်ချက်​များ​ကြောင့်​ဟု အချို့​က ယူမှတ်​ကြ​၏။ အချို့​သော​ကိစ္စ​များ​တွင် ထိုသို့​ဖြစ်​နိုင်​ပါ​သည်။ အရက်​အလွန်အကျွံ​သောက်​စား​ရန်၊ မူးယစ်​ဆေးဝါး​သုံးစွဲ​ရန်၊ လောင်းကစား​ရန် ရွေးချယ်​ကြ​သူတို့သည် မိမိတို့၏​ရုပ်ပစ္စည်း​ပိုင်ဆိုင်ရာ​များ​ကို အလွယ်တကူ ဆုံးရှုံး​သွား​နိုင်​သည်။ သို့သော် ဆင်းရဲ​နွမ်းပါး​သူအား​လုံး​သည် မှားယွင်းသော​ဆုံးဖြတ်ချက်​များ​ချ​မိ​၍ မွဲတေ​ကြသည်​မဟုတ်ပါ။

စက်​မှု​လုပ်ငန်း​အပြောင်းအလဲ​များ​ကြောင့် လူများစွာ အလုပ်​လက်မဲ့​ဖြစ်သွား​ကြသည်။ အလုပ်သမား​များစွာ​သည် တ​ရိပ်​ရိပ်​တက်​နေသည့် ဆေး​ကုသ​စရိတ်​များ​ကြောင့် မိမိတို့​စုဆောင်း​ထားသော ချွေးနှဲစာ​များ ကုန်​သွား​ကြသည်။ ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​ရှိ သန်းပေါင်း​များစွာသော ဆင်းရဲ​နွမ်းပါး​သူ​အများစုမှာ အမှား​တစ်ခုခု ပြုလုပ်​ခဲ့​ကြ​၍ ဆင်းရဲ​နွမ်းပါး​နေရ​ခြင်း​မဟုတ်​ချေ။ ဆင်းရဲ​နွမ်းပါး​ရခြင်း​မှာ မထိန်းချုပ်​နိုင်သော အောက်​ဖော်ပြ​ပါ အကြောင်းရင်း​များ​ကြောင့်​ဖြစ်သည်။

အတိတ်​မှ​သင်ခန်းစာ

၁၉၃၀ ပြည့်လွန်​နှစ်များ​အစောပိုင်းက ရုတ်တရက်​ဖြစ်ပွား​သော ငွေကြေး​ပြဿနာ​ကြောင့် ကမ္ဘာ​တစ်ဝန်း စီးပွားပျက်​ကပ်​ဆိုက်​ခဲ့​၏။ နိုင်ငံ​တစ်နိုင်ငံ​တွင် လူ​သန်းပေါင်း​များစွာ အလုပ်​လက်မဲ့​ဖြစ်​ခဲ့​ရပြီး မိသားစု​ထောင်ပေါင်း​များစွာ အိုးမဲ့အိမ်မဲ့​ဖြစ်သွား​သည်။ တစ်ချိန်တည်း​တွင် လူအများ ဆာလောင်​မွတ်​သိပ်​နေစဉ် လယ်သမားများ​သည် များပြား​လှ​သည့်​ပမာဏ​ရှိ နွား​နို့​များ​ကို ရေ​မြောင်း​ထဲ သွန်ပစ်​ခဲ့​ကြ​ပြီး ကျွဲ​နွား​တိရစ္ဆာန် သန်းပေါင်း​များစွာကို သတ်ပစ်​ရန် လယ်သမားများ​ကို အာဏာပိုင်​များ​က ဖိအားပေး​ခဲ့​ကြသည်။

အဘယ်ကြောင့် ဤသို့​ဖြုန်းတီး​ရသနည်း။ လယ်ယာ​ထွက်ကုန်​များနှင့် အခြားသော​ကုန်ပစ္စည်း​များ​ကို အမြတ်​တင်​ရော​င်း​ရန် သတ်မှတ်​ခဲ့​သည့် စီးပွားရေး​စနစ်​ကြောင့်​ဖြစ်၏။ နွား​နို့၊ အသား​နှင့် ဂျုံ၊ စပါး​တို့သည် ဆင်းရဲ​နွမ်းပါး​သူတို့​အတွက် အလွန်​တန်ဖိုး​ရှိသည်။ သို့သော် အဆိုပါ​စားသောက်​ကုန်​များ​ကို အမြတ်​တင်​ရော​င်း၍ မရတော့​သည့်​အခါ တန်ဖိုး​မဲ့​သွားပြီ​ဟု သတ်မှတ်​ကာ လွှင့်ပစ်လိုက်​ကြ​တော့​၏။

မြို့ကြီး​များစွာ​တွင် အစားအသောက်​အတွက် ရုန်းရင်းခတ်​မှုများ ဖြစ်ပွား​ခဲ့​သည်။ မိမိတို့​မိသားစု​အတွက် အစာရေစာ​မဝယ်​နိုင်သော ပြည်သူ​အချို့​သည် သေနတ်​ဖြင့်​ခြိမ်းခြောက်​၍ အစားအစာ​များ လုယူ​ခဲ့​ကြသည်။ အခြားသူ​တို့​မူ မွတ်​သိပ်​မှု​ဒဏ်​ကို ခံစား​ခဲ့​ကြ​ရသည်။ အဆိုပါ​ဖြစ်ရပ်​များသည် အမေရိကန်​နိုင်ငံ​တွင် ဖြစ်ပျက်​ခဲ့​ခြင်း​ဖြစ်သည်။ စီးပွားပျက်​ကပ်​အစပိုင်း​တွင် အဆိုပါ​နိုင်ငံ​၏ အင်အားကြီး​မား​သော ငွေကြေး​စနစ်​သည် ဝင်ငွေ​အနည်းဆုံး​ရရှိ​သူတို့ကို ချည့်နဲ့​စေ​ခဲ့​၏။ အဆိုပါ​စီးပွားရေး​စနစ်​သည် နိုင်ငံသား​အားလုံး​၏​လိုအပ်ရာ​များ​ဖြစ်သော စား​ဝတ်​နေ​ရေး​နှင့် အလုပ်အကိုင်​တို့ကို အဓိက​ဦးစား​ပေး​မည့်​အစား အကျိုးအမြတ်​များများ​ရရှိ​ရေး​နှင့်​နှိုင်းယှဉ်​ကာ ယင်း​လိုအပ်ရာ​များ​ကို ပဓာန​မကျ​သော​ကိစ္စ​ဟု ရှုမြင်ခဲ့​သည်။

ယနေ့ခေတ် စီးပွားရေး​အခြေအနေ

ကမ္ဘာ့​စီးပွားရေး​သည် စီးပွားပျက်​ကပ်​မှ ပြန်​နာလန်ထူ​လာ​ခဲ့​ရာ ယခု လူ​များစွာမှာ ပို​၍​ချမ်းသာ​ကြွယ်ဝ​လာ၊ ပို​၍​လုံခြုံ​စိတ်ချမှု​ရှိလာ​ပုံ​ရ၏။ သို့သော် ဥစ္စာ​ဓန​ကြွယ်ဝ​လာ​သော်လည်း ဆင်းရဲ​နွမ်းပါး​သူတို့မှာ မိမိတို့​ဘဝကို​တိုးတက်စေ​သည့် အခွင့်အလမ်း​များ လုံးဝ​မရ​ကြ​ချေ။ နိုင်ငံ​အချို့​တွင် အစာရေစာ​ခေါင်းပါး​မှု​နှင့် ဆင်းရဲ​မွဲတေမှု​တို့သည် ကြားနေ​ကျ​သတင်း​များ​ဖြစ်နေ​ရာ လူအများ​က ယင်း​သတင်း​များ​ကို​ဖတ်ရှု​ရန် ငြီးငွေ့​လာ​ကြသည်။ သို့သော် စစ်​ကြောင့် စစ်​ဘေးဒုက္ခ​သည်​များ ငတ်မွတ်​လာ​သည့်​အခါ၊ နိုင်ငံရေး​ကြိုးကိုင်မှု​ကြောင့် သိုလှောင်​ထား​သည့် စားသုံး​ကုန်​များ ပျက်စီး​သွားသော​အခါ၊ ဈေးကွက်​တွန်းအား​က ဆင်းရဲ​နွမ်းပါး​သူတို့​မတတ်နိုင်​သည်​အထိ ဘဝ​လိုအပ်ရာ​များ​၏​တန်ဖိုး​ကို တိုးမြှင့်​လိုက်​သောအခါ စီးပွားရေး​စနစ်​၏​ရလဒ်များ​သည် ဆင်းရဲ​နွမ်းပါး​သူ​အများစုကို ကူညီ​ပေး​နိုင်စွမ်း​မရှိကြောင်း တွေ့မြင်​နေရ​သည်။ ကမ္ဘာ့​စီးပွားရေး​စီစဉ်​ဖွဲ့စည်းပုံ​သည် ဆင်းရဲ​နွမ်းပါး​သူ သန်းပေါင်း​များစွာကို လျစ်လျူရှု​ထား​သည်။

အမှန်​ဆို​ရ​လျှင် လူ​တို့​တည်ထောင်​ထားသော မည်သည့်​စီးပွားရေး​စနစ်​က​မျှ လူသား​အားလုံး​၏ ရုပ်ပစ္စည်း​လိုအပ်ရာ​များ​ကို လုံလောက်​စွာ မ​ဖြည့်ဆည်း​ပေး​နိုင်​ခဲ့​ချေ။ လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က လူ့​ဘဝကို နှိုက်နှိုက်​ချွတ်ချွတ်​လေ့လာ​ခဲ့​သူ​တစ်ဦး​ဤသို့​ကောက်ချက်​ချ​ခဲ့​၏– “နေ​အောက်မှာ​ပြု​သမျှ​သော ညှဉ်းဆဲခြင်း​တို့ကို ငါ​ထပ်၍​ဆင်ခြင်​၏။ ညှဉ်းဆဲခြင်း​ကို​ခံရ​သော​သူတို့သည် ငိုကြွေး​သော်လည်း ချမ်းသာပေး​နိုင်သော​သူ​မရှိ။ ညှဉ်းဆဲ​တတ်သော​သူတို့သည် တန်ခိုး​ရှိသဖြင့် ချမ်းသာပေး​နိုင်သော​သူ​မရှိ။” (ဒေ. ၄:၁) ရုပ်ပစ္စည်း​အလျှံပယ် ကြွယ်ဝ​ချမ်းသာ​နေသည့် ဤ​ခေတ်​ကာလ​တွင် မရိုးသား​သော စီးပွားရေး​အမူအကျင့်များ ပြည့်နှက်​နေဆဲ​ရှိသည်။

လက်ရှိ​အချိန်တွင်​မူ သန်းပေါင်း​များစွာ​သည် ဆင်းရဲ​တွင်း​မှ မ​ရုန်းထွက်​နိုင်​ကြ​ချေ။ သို့သော် များစွာသော​သူတို့​မူ စီးပွားရေး​ပြဿနာ​များ​ကို အောင်မြင်စွာ ရင်ဆိုင်​ဖြေရှင်း​တတ်​ခဲ့​ကြပြီ။ ထို​သူတို့သည် အနာဂတ်​တွင်​ရရှိ​မည့် ပို​ကောင်းသော​ဘဝ​အသက်တာကို​လည်း မျှော်လင့်​စောင့်စား​နေကြ၏။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

အသက်ရှင်​ရန် ရုန်းကန်​နေရ

စာရေး​ဆရာ​နှင့် သတင်းစာ​ဆရာ​ဖြစ်သူ ဒေးဗစ် ကေ​ရှစ်​ပ​လာ​သည် The Working Poor—Invisible in America ဟူသော ၎င်း​၏​စာအုပ်​တွင် အမေရိကန်​နိုင်ငံ​မှ လူ​အချို့ ဆင်းရဲ​တွင်း​နက်​ပုံ​ကို​သိမြင်​ရန် ဤသို့​ဖော်ပြ​ထား​သည်– “ပျက်စီး​ဟောင်းနွမ်း​နေသည့် လူနေ​တိုက်ခန်း​တစ်ခု​သည် ကလေးငယ်​တစ်ဦး၏ ရင်​ကျပ်​ရောဂါ​ကို ပိုမို​ဆိုးဝါး​စေ​သည်၊ ယင်းက ဆေးရုံ​၌ အရေးပေါ်​ကုသ​ဖို့​ဖြစ်စေ​၏၊ ယင်းက ဆေး​ဖိုး​ဝါး​ခ မ​ရှင်း​နိုင်​ဘဲ​ဖြစ်စေ​၏၊ ယင်းက နာမည်​ပျက်​စာရင်း​ဝင်​စေ​၏၊ ယင်းက မော်တော်​ယာဉ်​အတွက် ချေးငွေ​အတိုးနှုန်း​ကို ထိုး​တက်​စေ​၏၊ ယင်းက တစ်ပတ်ရစ်​ကား​ဝယ်​စီး​စေ​၏၊ ယင်းက မိခင်​အား အလုပ်ခွင်​သို့ အချိန်​မှန်​ရောက်ရှိ​ရန် အနှောင့်အယှက်​ဖြစ်စေ​၏၊ ယင်းက ရာထူး​တိုး​ဖို့၊ လစာ​ကောင်း​ဖို့ အခွင့်အလမ်း​နည်းပါး​စေ​၏၊ ယင်း​တို့​ကြောင့် သူသည် ပျက်စီး​ဟောင်းနွမ်း​နေသည့် လူနေ​တိုက်ခန်း​ထဲ​မှ ရု​န်း​မ​ထွက်​နိုင်​တော့​ချေ။” အဆိုပါ​ကလေးငယ်​နှင့် ၎င်း​၏​မိခင်​တို့သည် ကမ္ဘာ့​အချမ်းသာဆုံး​နိုင်ငံ​တွင် နေထိုင်​နေကြ​သော်လည်း သူတို့​အပေါ် ဘေးဆိုးကြီး​က​အုပ်​မိုး​နေသည့်​အလား အမြဲ​ထိတ်လန့်​ကြောက်ရွံ့​နေရ​ရှာ​သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ရည်ရွယ်ချက်​ကောင်း​ရုံ​နှင့် လုံလောက်​ပါသလော

၁၉၉၃၊ နိုဝင်ဘာ​လ​တွင် ဝါ​ရှင်​တန်​ဒီ​စီ​ရှိ အစိုးရ​အဆောက်အအုံ​တစ်ခု​အတွင်း​၌ အရာရှိ​အုပ်စု​တစ်စု​သည် အရေးကြီးသော​ပြဿနာ​တစ်ရပ်​ကို ကိုင်တွယ်​ဖြေရှင်းရန် အားထုတ်​ကြိုးပမ်း​နေကြ​သည်။ အဆိုပါ​အရာရှိများ​သည် အမေရိကန်​နိုင်ငံ​ရှိ အိုးမဲ့အိမ်မဲ့​များ​ကို​ကူညီ​ရန် ဒေါ်လာ​သန်းပေါင်း​များစွာ သုံးစွဲ​လို​ကြသည်။ ၎င်း​တို့ ဆွေးနွေး​ပြောဆို​နေကြ​စဉ် ရဲ​များ၊ မီး​သတ်​သမားများ​နှင့် အရေးပေါ်​ဆေး​ဘက်​ဆိုင်ရာ​လုပ်သားများ​က လမ်း​တစ်ဖက်​ရှိ ဘတ်စကား​မှတ်တိုင်​တွင် စုရုံး​ခဲ့​ကြသည်။ လူနာ​တင်​ယာဉ်​အမှုထမ်းများ​သည် အိုးမဲ့အိမ်မဲ့​အမျိုးသမီး​တစ်ဦး၏​အလောင်းကို ကောက်နေ​ကြ​၏။ သူသည် အိုးမဲ့အိမ်မဲ့​များ​ကို ကူညီ​ပေး​ရန်​တာဝန်​ရှိသည့် အစိုးရ​အေဂျင်စီ​တစ်ခု​ဖြစ်သော အမေရိကန်​အိုးအိမ်​နှင့် မြို့​ပြ​ဖွံ့ဖြိုးရေး​ဌာန (အိပ်ခ်ျယူဒီ) ရှေ့တွင် သေဆုံး​ခဲ့​သည်။

နောက်ပိုင်း​တွင် The New York Times မဂ္ဂဇင်း​မှ သတင်းထောက်​တစ်ဦး​က အိပ်ခ်ျယူဒီ​မှ လုပ်သား​တစ်ဦး​ကို တွေ့ဆုံ​မေးမြန်းခဲ့​၏။ အဆိုပါ​လုပ်သား​က အ​ခင်း​ဖြစ်ပွား​ရာ​နေရာတွင်​ရှိနေကြ​သည့် အရေးပေါ်​အမှုထမ်းများ၊ ယာဉ်များ​နှင့်​ပတ်သက်​၍ ဤသို့​ဝေဖန်​ခဲ့​သည်– “မသေ​ခင်​က ဘာ​အကူအညီ​မှ​မရခဲ့​တဲ့​သူဟာ သေဆုံး​ပြီး​နောက်​မှ အကူအညီ​အများကြီး​ရသွား​တာ​ကို တွေ့​လိုက်ရ​တာ အတော်​ထူးဆန်း​တယ်။”

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

၁၉၃၀ ပြည့်လွန်​နှစ်များ​က စီးပွားပျက်​ကပ်​အတွင်း တိုင်းတစ်ပါး​မှ​ပြောင်းရွှေ့​လာ​သည့် မိခင်​နှင့် ၎င်း​၏​ကလေး​သုံးဦး

[Credit Line]

Dorothea Lange, FSA Collection, Library of Congress

[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]

လခ​နည်း​ပြီး ပင်ပန်း​ကြီးစွာ​လုပ်​ရသည့် ဤ​ကဲ့သို့​သော​စက်ရုံ​တစ်ရုံ​တွင် ပျမ်းမျှ​လုပ်အားခ​မှာ တစ်လ​လျှင် ၁၄ ဒေါ်လာ​ဖြစ်​ပြီး အလုပ်သမား​များသည် တစ်ပတ်​လျှင် နာရီ ၇၀ အလုပ်လုပ်​ရန် အတင်းအကျပ် စေခိုင်း​ခံရ​ကြ​ပေမည်

[Credit Line]

© Fernando Moleres/​Panos Pictures