မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း

ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း

ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း

ချာနိုဘိုင်းလ်၊ ဘိုပါးလ်၊ ဗဲလ်ဒဇ်၊ သရီးမိုင်ကျွန်း။ အဆိုပါအမည်များသည် ကမ္ဘာ့ဒေသအသီးသီးတွင်ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်ကို ဘေးသင့်စေခဲ့သောပုံရိပ်များကို ပြန်မြင်ယောင်စေပေမည်။ ၎င်းဘေးဆိုးကြီးတစ်ခုစီက ကမ္ဘာ့ပတ်ဝန်းကျင်သည် တိုက်ခိုက်ခံနေရကြောင်း ကျွန်ုပ်တို့ကို သတိပေးလျက်ရှိသည်။

အာဏာပိုင်အသီးသီးနှင့် လူအသီးသီးတို့က သတိပေးချက်များကို ဖော်ပြခဲ့ကြသည်။ အချို့မှာ မိမိတို့၏ရပ်တည်ချက်ကို လူသိရှင်ကြားဖော်ပြခဲ့ကြသည်။ ထိခိုက်ပျက်စီးလွယ်သည့် ဝန်းကျင်ဒေသတစ်လျှောက် လမ်းဖောက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အင်္ဂလိပ်စာကြည့်တိုက်မှူးတစ်ဦးသည် မြေထိုးစက်တွင် မိမိကိုယ်ကို သံကြိုးဖြင့်ချည်နှောင်ထားခဲ့သည်။ ဩစတြေးလျနိုင်ငံရှိ မူလတိုင်းရင်းသူနှစ်ဦးသည် အမျိုးသားဥယျာဉ်တစ်ခုအတွင်း ယူရေနီယံသတ္တုတူးဖော်ခြင်းကို ဆန့်ကျင်သည့်ကင်ပိန်းတစ်ရပ်ကို ဦးဆောင်ခဲ့ကြသည်။ သတ္တုတူးဖော်ခြင်းမှာ ခေတ္တရပ်ဆိုင်းသွားသည်။ ရည်ရွယ်ချက်ကောင်းရှိငြားလည်း ၎င်းကြိုးပမ်းမှုများကိုမူ အမြဲတစေ လက်ခံခဲ့ကြသည်မဟုတ်ပါ။ သာဓကအနေဖြင့် ဆိုဗီယက်အုပ်စိုးမှုအောက်တွင် ရေတပ်ဗိုလ်မှူးကြီးတစ်ဦးသည် အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၏ အဏုမြူဓာတ်ပေါင်းဖိုများမှ ဓာတ်ရောင်ခြည် ယိုစိမ့်မှုများနှင့်စပ်လျဉ်းပြီး စိုးရိမ်ခဲ့သည်။ ၎င်းတို့တည်ရှိရာနေရာများကို သူထုတ်ဖော်ရေးသားသည့်အခါ အဖမ်းခံလိုက်ရသည်။

အဖွဲ့အစည်းအသီးသီးကလည်း ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့်အရာများနှင့်စပ်လျဉ်းပြီး သတိပေးခဲ့ကြပြီဖြစ်သည်။ ယင်းအဖွဲ့အစည်းများတွင် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ်နှင့် ဂရင်းပိစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့ ပါဝင်ကြသည်။ အချို့မှာ မိမိတို့အလုပ်နှင့်ဆက်စပ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုသာ သတင်းပေးကြသည်။ အချို့သူများမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင် မိမိတို့ကိုယ်ကို မြှပ်နှံထားကြသည်။ ဂရင်းပိစ်အဖွဲ့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စများ ပေါ်ပေါက်သည့်နေရာများသို့ လှုပ်ရှားဆောင်ရွက်သူများကို စေလွှတ်ခြင်း၊ ကမ္ဘာချီပူနွေးလာခြင်း၊ အန္တရာယ်ကြုံနေရသည့် မျိုးစိတ်များ၊ တိရစ္ဆာန်များနှင့် အပင်များကို မျိုးရိုးဗီဇပြောင်းလဲမှုအန္တရာယ်များ အစရှိသည့်ကိစ္စများကို လူအများအာရုံစိုက်လာအောင် လုပ်ဆောင်ခြင်းတို့အတွက် နာမည်ကြီးသည်။

“ကမ္ဘာချီသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖော်ထုတ်ရန် တီထွင်ဉာဏ်ဖြင့်ရင်ဆိုင်နည်း” ကိုအသုံးပြုကြသည်ဟု လှုပ်ရှားသူတချို့က ပြောဆိုကြသည်။ ထို့ကြောင့် ရှေးကျသောသစ်တောများ ခုတ်လှဲခြင်းကို ကာကွယ်ရန် သစ်စက်၏အဝင်ဝတွင် မိမိတို့ကိုယ်ကို သံကြိုးနှင့်ချည်နှောင်တားဆီးသည့် နည်းလမ်းများကို အသုံးပြုကြသည်။ အခြားလှုပ်ရှားမှုအုပ်စုက နိုင်ငံတစ်ခု၏ဝေလငါးဖမ်းခြင်းလုပ်ငန်း တရားဝင်ဆိုင်းငံ့ထားမှုကို ထိုနိုင်ငံက ချိုးဖောက်နေကြောင်း လူသိရှင်ကြားကြေညာကာ ထိုနိုင်ငံ၏လုပ်ရပ်များကို မိမိတို့စောင့်ကြည့်နေကြောင်းဖော်ပြရန် မျက်လုံးအတုကြီးများတပ်လျက် ယင်းတို့၏သံရုံးအသီးသီးရှေ့ သွားရောက်ကြသည်။

အလေးထားစရာကိစ္စ များစွာရှိပါသည်။ သာဓကအနေဖြင့် ရေထုညစ်ညမ်းမှုအန္တရာယ်နှင့်စပ်လျဉ်းပြီး တစ်ဦးချင်းထံမှဖြစ်စေ၊ အဖွဲ့အစည်းများထံမှဖြစ်စေ အထပ်ထပ်သတိပေးချက်များ ရရှိကြသည်။ သို့တိုင် အခြေအနေမှာ အားရဖွယ်ရာမရှိချေ။ လူသန်းတစ်ထောင်သည် သန့်ရှင်းသည့်သောက်ရေ မရရှိကြပါ။ တိုင်းမ်စ်မဂ္ဂဇင်းအရ “ရေနှင့်ဆက်စပ်နေသည့်ရောဂါများကြောင့် နှစ်စဉ် လူ ၃.၄ သန်းသေဆုံးလျက်ရှိသည်။” လေထုညစ်ညမ်းမှုသည်လည်း အလားတူပင်။ “လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၂.၇ သန်းမှ ၃.၀ သန်းခန့်အထိ သေဆုံးလျက်ရှိသည်” ဟု ၂၀၀၁ ကမ္ဘာ့လူဦးရေအခြေပြ စာအုပ်တွင် ဖော်ပြထားသည်။ ယင်းက ဤသို့ထပ်ဆင့်ဖော်ပြသည်– “အိမ်ပြင်ရှိ လေထုညစ်ညမ်းမှုသည် လူ ၁.၁ ဘီလီယံကျော်ကို ထိခိုက်စေလျက်ရှိသည်။” သတ်သတ်မှတ်မှတ်သာဓကတစ်ခုအဖြစ် “ဥရောပရှိကလေးများတွင်ဖြစ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၏ ၁၀ ရာခိုင်နှုန်းသည် လေထုထဲရှိ မြူမှုန်များကြောင့်ဖြစ်သည်” ဟုဖော်ပြသည်။ မှန်ပါသည်၊ သတိပေးချက်များနှင့် ဤမျှအထိ အရေးတယူလုပ်ဆောင်မှုတို့ရှိသော်လည်း အသက်အတွက်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝအင်အားစုများနှင့်ဆက်စပ်နေသည့် ပြဿနာများမှာ ပို၍ဆိုးရွားလာသည်။

လူများစွာအတွက် ဤအခြေအနေဖြစ်ရခြင်းကို နားမလည်နိုင်အောင်ဖြစ်နေသည်။ ပတ်ဝန်းကျင်အခြေအနေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမှာ ယခင်ကထက် ပို၍စုံစုံလင်လင် ရရှိနေသည်။ လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ယခင်ကထက် ပို၍စိတ်ဝင်စားလာကြပြီ။ အစိုးရများသည် ပြဿနာများကိုဖြေရှင်းရန် ကူညီပေးသည့်ဌာနများကို တည်ထောင်ထားကြပြီ။ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အထောက်အကူပြုသည့် နည်းပညာများကို ယခင်ကထက်ပို၍ ကျွန်ုပ်တို့ ရရှိထားကြသည်။ သို့တိုင် အခြေအနေမှာ ပိုကောင်းမွန်လာသည့်ပုံ မရပါ။ အဘယ့်ကြောင့်နည်း။

ရှေ့တစ်လှမ်းတိုး၊ နောက်နှစ်လှမ်းဆုတ်

စက်မှုလုပ်ငန်းတိုးတက်မှုသည် ကျွန်ုပ်တို့အသက်ရှင်ရေးကို ပိုမိုလွယ်ကူချောမွေ့စေဖို့ဖြစ်သည်။ ကဏ္ဍအချို့တွင် လွယ်ကူချောမွေ့စေခဲ့ပြီ။ သို့ရာတွင် ဤ “တိုးတက်မှု” သည်ပင် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို တိုး၍ဆိုးရွားစေ၏။ စက်မှုလုပ်ငန်း၏ တီထွင်ထုတ်လုပ်မှုများနှင့် တိုးတက်မှုများကြောင့် ကျွန်ုပ်တို့ဝမ်းသာကျေးဇူးတင်ကြသော်လည်း ယင်းထုတ်လုပ်မှုများနှင့် ၎င်းတို့ကို ကျွန်ုပ်တို့သုံးစွဲမှုတို့ကြောင့် ဤကမ္ဘာကြီး ပျက်စီးရလေ့ရှိသည်။

သာဓကတစ်ခုမှာ မော်တော်ကားဖြစ်၏။ ယင်းသည် ခရီးသွားလာရာတွင် ပိုမိုမြန်ဆန်လွယ်ကူစေသည်။ မြင်းများ၊ မြင်းရထားများဖြင့် သွားလာသည့်ခေတ်သို့ ပြန်သွားလိုသူ အလွန်နည်းပေမည်။ မည်သို့ပင်ဖြစ်စေ ခေတ်သစ်သယ်ယူပို့ဆောင်ရေးသည် ပြဿနာအပုံလိုက် တက်စေသည်။ ပြဿနာတစ်ခုမှာ ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ ဓာတ်ငွေ့တန်ချိန် သန်းနှင့်ချီထုတ်လွှတ်သည့် တီထွင်မှုများဖြင့် လူသားများသည် ကမ္ဘာ့လေထု၏ ဓာတုဖွဲ့စည်းပေါင်းစပ်မှုကို ပြောင်းလဲပစ်လျက်ရှိသည်။ ယင်းဓာတ်ငွေ့များသည် လေထုပူနွေးလာခြင်းဖြစ်သော ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်သည်။ လွန်ခဲ့သည့်ရာစုနှစ်အတွင်းတွင် အပူချိန် တိုးမြှင့်လာခဲ့သည်။ ယူ.အက်စ်. သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီက “၂၀ ရာစု၏အဆုံးပိုင်း ၁၅ နှစ်အတွင်း ထိုရာစုနှစ်၏အပူနွေးဆုံးနှစ် ၁၀ နှစ် ဖြစ်ပေါ်ခဲ့သည်” ဟုဖော်ပြသည်။ အချို့သောသိပ္ပံပညာရှင်များသည် ၂၁ ရာစုတွင် ပျမ်းမျှကမ္ဘာ့အပူချိန်သည် ၂.၂ မှ ၁၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာနိုင်သည်ဟု ယုံကြည်ထားကြသည်။

အပူချိန်ပိုလာခြင်းကြောင့် အခြားပြဿနာများ တက်လာဖို့ရှိသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ဆီးနှင်းဖုံးလွှမ်းမှုမှာ လျော့နည်းလာသည်။ ၂၀၀၂ ခုနှစ်အစောပိုင်း၌ တောင်ဝင်ရိုးစွန်းဒေသရှိ ၁,၂၅၀ စတုရန်းမိုင်ရှိသော ရေခဲပြင်ကြီးသည် ပြိုကွဲသွားခဲ့ပြီ။ ဤရာစုနှစ်အတွင်း ပင်လယ်ရေမျက်နှာပြင်သည် သိသိသာသာ မြင့်တက်လာနိုင်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် ပင်လယ်အနီးအနားတွင် နေထိုင်ကြသောကြောင့် နောက်ဆုံးတွင် အိုးမဲ့အိမ်မဲ့၊ လယ်ယာမဲ့ဖြစ်သွားနိုင်သည်။ ယင်းသည် ပင်လယ်ကမ်းရိုးတန်းမြို့များအတွက်လည်း ကြီးမားသည့်အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။

အပူချိန်မြင့်တက်လာခြင်းကြောင့် မိုးများလာစေကာ ရာသီဥတုပြင်းထန်မှု မကြာခဏဖြစ်စေမည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ ၁၉၉၉ ခုနှစ်၊ ပြင်သစ်နိုင်ငံတွင် လူပေါင်း ၉၀ နှင့် သစ်ပင်သန်းပေါင်း ၂၇၀ သေကျေပျက်စီးခဲ့ရသည့် မုန်တိုင်းကြီးကဲ့သို့သော မုန်တိုင်းများစွာသည် နောင်ဖြစ်လာမည့်အရာများ၏ ရှေ့ပြေးအရိပ်မျှသာဖြစ်သည်ဟု အချို့က ယူဆကြသည်။ ရာသီဥတုပြောင်းလဲမှုများသည် ငှက်ဖျား၊ တုပ်ကွေးနှင့် ကာလဝမ်းရောဂါအစရှိသည့် ရောဂါများကိုပျံ့နှံ့စေသည်ဟု အခြားသုတေသီများက ယူဆကြသည်။

နည်းပညာ၏အကျိုးသက်ရောက်မှုသည် မည်မျှရှုပ်ထွေးကြောင်းကို မော်တော်ကား၏သာဓကတွင် ဖော်ပြနေသည်– ယေဘုယျအားဖြင့် လူတို့အတွက် အကျိုးပြုသည့် တီထွင်ကြံဆမှုများသည် ဘဝကဏ္ဍများစွာကိုထိခိုက်စေမည့် ပြဿနာအမြောက်အမြား ဖြစ်ပေါ်စေနိုင်ပေသည်။ အောက်ပါ ၂၀၀၁ လူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ၏ဖော်ပြချက်မှာ မှန်ကန်လှပေသည်– “နည်းပညာတိုးတက်ထွန်းကားမှုတိုင်းသည် ကောင်းကျိုးရော ဆိုးကျိုးပါ ဖြစ်စေမည့်အလားအလာရှိသည်၊ အချို့မှာ ကြိုတင်မှန်းဆဖို့ မလွယ်ချေ။”

ပတ်ဝန်းကျင်ပြဿနာများအတွက် ဖြေရှင်းနည်းများရရှိရန် နည်းပညာကို မျှော်ကိုးလေ့ရှိကြသည်။ သာဓကအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသမားများသည် ပိုးသတ်ဆေးအသုံးပြုခြင်းကို ကြာမြင့်စွာကတည်းက ပြစ်တင်ရှုတ်ချလာခဲ့သည်။ ပိုးသတ်ဆေးအသုံးပြုမှုကို လျော့ချနိုင်မည့် သို့မဟုတ် ပပျောက်စေမည့် မျိုးရိုးဗီဇပြုပြင်ထားသည့်အပင်များကို ပေါ်ထွက်လာစေသောအချိန်တွင် နည်းပညာသည် သင့်တော်သည့်ဖြေရှင်းနည်းကို ပေးခဲ့ပြီဟုယူဆခဲ့ကြသည်။ သို့ရာတွင် ပိုးသတ်ဆေးမလိုဘဲ ပင်စည်ဖောက်ပိုးကို ထိန်းချုပ်နိုင်ရန် ဖန်တီးထားသည့် ဘီတီပြောင်းပင်သည် လိပ်ပြာများကိုလည်း သေစေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ထို့ကြောင့် “ဖြေရှင်းနည်းများ” သည် တစ်ခါတစ်ရံ တန်ပြန်ဆိုးကျိုးများနှင့် ထပ်ဆင့်ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

အုပ်ချုပ်သူများက ကူညီနိုင်မည်လော

ပတ်ဝန်းကျင်ဖျက်ဆီးမှုသည် ဧရာမပြဿနာကြီးဖြစ်သောကြောင့် အောင်မြင်သည့်ဖြေရှင်းနည်းအတွက် ကမ္ဘာ့အစိုးရများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါလိမ့်မည်။ အချို့ကိစ္စများတွင် အစိုးရကိုယ်စားလှယ်များသည် ပတ်ဝန်းကျင်ကို အကူအညီဖြစ်စေသည့် အပြုသဘောဆောင်သော အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်ရဲရင့်မှုကို ချီးမွမ်းဖွယ်ပြသခဲ့ကြသည်။ သို့သော် တကယ့်အောင်မြင်မှုမှာ အလှမ်းဝေးနေဆဲပင်။

၁၉၉၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာထိပ်သီးညီလာခံသည် သာဓကတစ်ခုဖြစ်သည်။ ကမ္ဘာချီပူနွေးမှုဖြစ်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုများလျှော့ချရေး စာချုပ်ပါစည်းကမ်းချက်များအပေါ် အငြင်းပွားခဲ့ကြသည်။ နောက်ဆုံးတွင် လူအများအံ့သြရလောက်အောင် သဘောတူညီမှုရရှိခဲ့သည်။ ထိုသဘောတူညီချက်ကို ကျိုတို အကြိုညှိနှိုင်းသဘောတူညီချက် ဟုခေါ်ကြသည်။ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ယူနိုက်တက်စတိတ်စသည့် ဖွံ့ဖြိုးပြီးဒေသများသည် ၂၀၁၂ ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ပျမ်းမျှ ၅.၂ ရာခိုင်နှုန်း လျော့ချသွားမည်ဖြစ်သည်။ ယင်းသည် ကျေနပ်လောက်ဖွယ်ဖြစ်သည်။ သို့သော် ၂၀၀၁ ခုနှစ် အစောပိုင်းတွင် ယူ.အက်စ်. အစိုးရသည် ကျိုတိုအကြိုညှိနှိုင်းသဘောတူညီချက်ကို စွန့်လွှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းက လူများစွာကို တအံ့တသြဖြစ်စေခဲ့သည်၊ အကြောင်းမှာ ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းပင်မရှိသည့် ယူနိုက်တက်စတိတ်သည် ဓာတ်ငွေ့ထုတ်လွှတ်မှုအစုစု၏ လေးပုံတစ်ပုံခန့်ကို ထုတ်လွှတ်နေခြင်းကြောင့်တည်း။ ထို့ပြင် အခြားအစိုးရများကလည်း ဤစာချုပ်ကို လက်ခံအတည်ပြုရန် နှောင့်နှေးနေကြသည်။

အစိုးရများသည် အဓိပ္ပာယ်ရှိသည့်ဖြေရှင်းနည်းများကို အကြံပြုတင်ပြရန် မည်မျှခက်ခဲကြောင်း အထက်ပါသာဓကတွင် ဖော်ပြနေသည်။ အစိုးရအသီးသီးသည် အတူတကွစေ့စပ်ညှိနှိုင်းရန်၊ ပတ်ဝန်းကျင်အရေးကိစ္စများအား မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်နှင့်ပတ်သက်၍ သဘောတူညီကြရန် ခက်ခဲသည်။ သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီးလျှင်ပင် အချို့အုပ်စုများမှာ ကတိကဝတ်များကို နောက်ပိုင်းတွင် ရုပ်သိမ်းတတ်ကြသည်။ အခြားအစိုးရများမှာ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရန် အခက်တွေ့နေကြသည်။ အခြားကိစ္စများတွင် အစိုးရများနှင့် ကော်ပိုရေးရှင်းများသည် ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်စေရာ၌ ကုန်ကျစရိတ်များ ထည့်ဝင်ရမည်ကို လက်မခံနိုင်ဟု ယူဆကြသည်။ အချို့ဒေသများတွင် စီးပွားရေးအသင်းအဖွဲ့ ကြီးများသည် ကော်ပိုရေးရှင်းအမြတ်အစွန်း လျော့နည်းစေမည့် အလုပ်မျိုးကို မလုပ်ရန် အုပ်ချုပ်သူများအပေါ် အကြီးအကျယ်သြဇာလွှမ်းထားကြသည်ဖြစ်ရာ အခြေခံအားဖြင့် လိုဘကြီးလွန်းခြင်းသာ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် ကော်ပိုရေးရှင်းများသည် နောင်ဖြစ်လာမည့် အကျိုးဆက်များကိုမစဉ်းစားဘဲ ရနိုင်သမျှ များများရယူလိုကြသည့်သဘော ရှိခဲ့ကြသည်။

ပြဿနာများကို သာ၍ရှုပ်ထွေးစေသည့်အရာမှာ ကမ္ဘာမြေညစ်ညမ်းမှု၏ အကျိုးဆက်များသည် မည်မျှပြင်းထန်မည်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်အားလုံးက သဘောထားတိုက်ဆိုင်မှု မရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရပေါ်လစီချမှတ်သူများသည် အချို့သူများယူဆသလောက် ကြီးကောင်းကြီးလာနိုင်သော သို့မဟုတ် ကြီးချင်မှလည်းကြီးမည့် ပြဿနာကို ထိန်းချုပ်နိုင်ရန် စီးပွားရေးတိုးချဲ့မှုကို မည်မျှအထိ ကန့်သတ်သွားဖို့လိုမည်နှင့်စပ်လျဉ်းပြီး ဇဝေဇဝါဖြစ်နေကြသည်။

လူသားတို့သည် အမှန်ပင် ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ပြဿနာရှိနေကြောင်း၊ ယင်းပြဿနာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာလုပ်ဆောင်ရန်လိုကြောင်း လူတိုင်း သိထားကြသည်။ အချို့သောနိုင်ငံသားများသည် အသိစိတ်ရှိရှိ ကြိုးပမ်းလုပ်ဆောင်ကြသော်လည်း ပတ်ဝန်းကျင်အခြေအနေများမှာ အများအားဖြင့် ပို၍ဆိုးဝါးလာသည်။ ကမ္ဘာမြေသည် လူသားများနေထိုင်ရန် မသင့်သည့်နေရာ ဖြစ်သွားမည်လော။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် စစ်ဆေးကြည့်ကြစို့။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဆူညံသံညစ်ညမ်းမှု

မမြင်နိုင်သော်လည်း ကြားနေရသည့် ညစ်ညမ်းမှုတစ်မျိုးမှာ ဆူညံသံညစ်ညမ်းမှုဖြစ်သည်။ ယင်းသည် အကြားအာရုံဆုံးရှုံးခြင်း၊ စိတ်ဖိစီးခြင်း၊ သွေးတိုးခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းရည် ဆုံးရှုံးမှုတို့ ဖြစ်စေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ဆူညံသည့်ဝန်းကျင်တွင် ကျောင်းတက်ရသော ကလေးများသည် စာဖတ်စွမ်းရည်လျော့နည်းနိုင်သည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သစ်တောပြုန်းတီးခြင်းကြောင့် ကြွက်များ သောင်းကျန်း

ဖိလစ်ပိုင်နိုင်ငံ၊ စမာကျွန်းရှိ မြို့ ၁၅ မြို့တွင် ကြွက်များသောင်းကျန်းမှုဒဏ်ကို ခံနေရရာ အစိုးရသတင်းရပ်ကွက်တစ်ခုက ထိုဒေသ၏ သစ်တောပြုန်းတီးမှုကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။ သစ်ပင်များဆုံးရှုံးသွားခြင်းသည် ကြွက်များ၏အစားအစာသာမက ကြွက်ကိုစားသောသတ္တဝါများကိုပါ လျော့နည်းစေသည်။ ကြွက်များသည် လူနေပို၍ထူထပ်သည့်နေရာသို့ ဝင်ရောက်အစာရှာလာကြသည်။

[Credit Line]

© Michael Harvey/Panos Pictures

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အဆိပ်အတောက် စွန့်ပစ်ပစ္စည်း၏ သားကောင်များ

အသက်သုံးလခွဲအရွယ် မိုက်ကယ်သည် ကင်ဆာရောဂါတစ်မျိုးဖြစ်သော နဗ်ကြောဆဲလ်လျာမြင်း ဖြစ်နေကြောင်းသိလိုက်ရသည်။ ထိုဒေသတွင် ၎င်းရောဂါကို သူတစ်ဦးတည်းခံစားနေရလျှင် ယင်းသည် သိပ်မထူးဆန်းပါ။ သို့ရာတွင် ထိုဒေသငယ်လေးမှ အခြားကလေး ၁၀၀ နီးပါးတွင်လည်း ကင်ဆာဖြစ်နေကြောင်း နောက်ပိုင်းတွင် တွေ့ ရှိခဲ့ကြသည်။ ယင်းက မိဘများစွာကို အထိတ်တလန့်ဖြစ်သွားစေ၏။ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေခြင်းသည် ထိုဒေသရှိ ဓာတုပစ္စည်းကုမ္ပဏီများနှင့် ဆက်နွှယ်မှုရှိသည်ဟု အချို့က ယူဆကြသည်။ စွန့်ပစ်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်း သီးခြားအဖွဲ့တစ်ခုသည် ကုမ္ပဏီတစ်ခုမှ ယခင်ကယူလာခဲ့သည့် အဆိပ်အတောက်ရည်စည်ပိုင်းများကို ကြက်ခြံဟောင်းတစ်ခုတွင် သိုလှောင်ထားရာ ထိုအရည်များ တစ်ချိန်ချိန်တွင် ယိုစိမ့်သွားကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။ ဒေသရှိရေတွင်းများ ညစ်ညမ်းရခြင်း၏သဲလွန်စကို သုတေသီများ ရှာဖွေတွေ့ ရှိခဲ့ကြသည်။ မိဘများသည် မိမိတို့ကလေးများတွင် ကင်ဆာရောဂါပွားလာခြင်းမှာ ဤအကြောင်းကြောင့်များဖြစ်လေမလားဟု စဉ်းစားလာကြတော့သည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အဆိပ်ဖြစ် ဓာတုပစ္စည်းများ

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ဖော့စဂျင်းနှင့် မုန်ညင်းအဆိပ်ငွေ့အများစုပါဝင်သော အဆိပ် အတောက်ပစ္စည်းတန်ချိန် ၁၂၀,၀၀၀ ကို သင်္ဘောများတွင် အလုံပိတ်ထည့်ကာ ပင်လယ်ထဲနှစ်မြှုပ်ထားခဲ့ပြီး အချို့ကို မြောက်အိုင်ယာလန်၏ အနောက်မြောက်ဘက်တွင်ထားရှိခဲ့သည်။ ယင်းအဆိပ်အတောက်ပစ္စည်းများသည် ယခုအခါ ယိုစိမ့်ထွက်လာမည့် အန္တရာယ်ရှိကြောင်း ရုရှားသိပ္ပံပညာရှင်များက သတိပေးနေကြသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သေစေသည့် လေထုညစ်ညမ်းမှု

ကမ္ဘာတစ်ဝန်းရှိ နှစ်စဉ်သေဆုံးသူ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ကနေဒါနိုင်ငံ၊ အွန်တဲရီယိုပြည်နယ်တစ်ခုတည်းတွင် မြို့သားများသည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော ကျန်းမာရေးကုန်ကျစရိတ်နှင့် အလုပ်ပျက်ကွက်မှုအတွက် နှစ်စဉ်ဒေါ်လာ ၁ သန်းကျော် ကုန်ကျသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သန္တာကျောက်တန်းများ သေဆုံးခြင်း

အရှေ့တောင်အာရှတွင် တံငါသည်အချို့သည် ငါးများကိုဖမ်းရလွယ်ကူစေရန် မေ့မြောစေသည့် ဆိုင်ယာနိုက်အဆိပ်ရည်ကို အသုံးပြုကြသည်။ အဆိပ်မှာ ငါး၏ကိုယ်ထဲမှထွက်သွားသောကြောင့် ငါးများကို စားသုံးနိုင်သော်လည်း အဆိပ်များသည် ပင်လယ်ထဲတွင်ကျန်ရစ်ခဲ့ပြီး သန္တာကျောက်တန်းများကို သေစေသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ တပ်ဆင်သင့်သလော

အာရှမြို့များရှိ လေထုညစ်ညမ်းမှုအများစုသည် ကားမီးခိုးငွေ့ မှဖြစ်သည်ဟု အေးရှားဝိခ်မဂ္ဂဇင်းက သတင်းထုတ်ပြန်သည်။ ဒီဇယ်နှင့် နှစ်လုံးထိုးအင်ဂျင်များသည် ညစ်ညမ်းမှုအများဆုံးဖြစ်စေပြီး လေထဲတွင် လွင့်မျောနေသည့် အမှုန်ငယ်များစွာကို ထုတ်လွှတ်ပေးသည်။ ယင်းတို့ကြောင့် ကျန်းမာရေးချို့တဲ့မှုများစွာ ဖြစ်ပေါ်စေသည်။ ထိုမဂ္ဂဇင်းကပင် ဤသို့ဖော်ပြသည်– “လေထုညစ်ညမ်းမှု၏ ဆိုးကျိုးနှင့်ပတ်သက်ပြီး ထိုင်ဝမ်၏အထင်ကရ ပညာရှင် ဒေါက်တာချန်ချောင်ချွမ်က ဒီဇယ်ငွေ့များသည် ကင်ဆာရောဂါဖြစ်စေသည်ဟု ပြောဆိုခဲ့သည်။” အာရှမြို့များတွင် လူအချို့သည် မိမိကိုယ်ကိုကာကွယ်ရန် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို တပ်ဆင်ကြသည်။ ယင်းနှာခေါင်းစည်းများသည် အကူအညီဖြစ်စေသလော။ ဒေါက်တာချန်က ဤသို့ပြောခဲ့သည်– “ဒီနှာခေါင်းစည်းတွေက ထိရောက်မှုမရှိဘူး။ ညစ်ညမ်းမှုအများစုက ဓာတ်ငွေ့ ပုံစံမျိုးဖြစ်ပြီး အမှုန်တွေက အလွန်သေးငယ်တဲ့အတွက် ရိုးရိုးနှာခေါင်းစည်းတစ်ခုဟာ ဒါတွေကို စစ်ထုတ်မပေးနိုင်ဘူး။ ဒီအပြင် . . . နှာခေါင်းစည်းတွေက လေမလုံဘူး။ ဒါကြောင့် စိတ်ချရတယ်လို့ အထင်မှားနေကြတာပါ။”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သစ်ပင်များကို ပြန်လည်စိုက်ပျိုးခြင်းက ပတ်ဝန်းကျင်ကို ကယ်တင်ရန် အကူအညီဖြစ်

[Picture Credit Lines on page 8]

AFP/Getty Images; top left: Published with the permission of The Trustees of the Imperial War Museum, London (IWM H 42208); top right: Howard Hall/howardhall.com