မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | ကမ္ဘာကြီး ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်နေ​ပြီလား

အဖြေရှာရာဝယ်

အဖြေရှာရာဝယ်

သတင်းဆိုး​တွေ ကြားနေ​ရလို့ စိုးရိမ်ထိတ်လန့်​နေ​သလား။ ဒါဆိုရင် သင်​တစ်ဦးတည်း မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်​သမ္မတ ဘား​ရက်​အို​ဘားမား​က သတင်းစာ​မှာပါ​တဲ့ သတင်းဆိုး​တွေကြောင့် “ကမ္ဘာကြီး​ဟာ ဘယ်သူမှ မဖြေရှင်း​နိုင်အောင် ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်နေ​တယ်” လို့ လူ​အများ ယူဆ​နေ​ကြောင်း ပြောတယ်။

အဲဒီလို​ပြောပြီး​မကြာခင်​မှာ ကမ္ဘာ့​ပြဿနာ​အများစု​အတွက် လတ်တလော ဖြေရှင်းနည်း​တွေအကြောင်း သူ အားတက်သရော ပြောတယ်။ အစိုးရ​တချို့​ရဲ့ လုပ်ဆောင်ချက်​တွေဟာ “သတင်းကောင်း​ပဲ၊” ဒါတွေ​ကို “အကောင်းမြင်​တယ်၊” “မျှော်လင့်ချက်​ထားတယ်” လို့ ပြောတယ်။ တစ်နည်း​အားဖြင့် လူတွေ ရည်ရွယ်ချက်​ကောင်း​နဲ့ ကြိုးပမ်း​နေတဲ့​အတွက် ကမ္ဘာချီ​ကပ်ဘေး မ​ကြုံရ​အောင် ထိန်းထား​နိုင်တယ်​ဆိုတဲ့ သဘော​ပဲ။

လူ​အများစု​လည်း သူ့လို​ပဲ အကောင်းမြင်​ကြ​တယ်။ အရှိန်အဟုန်​နဲ့ တိုးတက်လာ​တဲ့ နည်းပညာ​တွေ​က ကမ္ဘာ့​ပြဿနာ​တွေကို ဖြေရှင်း​ပေးနိုင်​မယ်လို့ သိပ္ပံ​ပညာ​ကို အားထား​သူ​တချို့ ခန့်မှန်း​တယ်။ ဒီဂျစ်တယ်​နည်းပညာ​နဲ့ တီထွင်မှု​ဆိုင်ရာ ပညာရှင်​တစ်​ဦး​က ၂၀၃၀ ပြည့်နှစ်​ကျ​ရင် “ကျွန်တော်တို့ရဲ့ နည်းပညာ​ဟာ အဆ​တစ်ထောင် ပို​စွမ်းဆောင်​နိုင်မယ်။ ၂၀၄၅ ခုနှစ်​ကျ​ရင် အဆ​တစ်သန်း ပို​စွမ်းဆောင်​နိုင်မယ်” ဆိုပြီး အတိအကျ ဟောကိန်းထုတ်​တယ်။ “အခု​လည်း အခြေအနေ​ကောင်း​နေတယ်။ ပြဿနာတွေ ဘယ်လောက်​ပဲ များပါစေ၊ အ​လျ​ဉ်​မီ ဖြေရှင်း​နိုင်ပါတယ်” လို့ သူဆက်​ပြောတယ်။

ကမ္ဘာ့အခြေအနေ အတော်​ဆိုး​နေ​သလား။ ကမ္ဘာပျက်​မယ့်​ကပ်ဘေး တကယ် နီး​နေ​ပြီ​လား။ သိပ္ပံပညာရှင်​နဲ့ နိုင်ငံရေးသမား​တချို့​က မျှော်လင့်ချက်​ထား​ဖို့ ပြော​ပေ​မဲ့ လူ​အများ​အတွက်​တော့ အနာဂတ်​ဟာ မရေမရာ ဖြစ်နေ​တုန်းပဲ။ ဘာကြောင့်လဲ။

အဖျက်စွမ်းအားကြီးတဲ့ လက်နက်များ။ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေဟာ နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ရန်လိုတဲ့ ခေါင်းဆောင်တွေဟာ လက်နက်ထိန်းချုပ်ရေးဥပဒေတွေကို အရေးမလုပ်ကြဘူး။ နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေက သူတို့ရဲ့ လက်နက်တွေကို စွမ်းရည်တိုးမြှင့်ဖို့၊ ပိုစွမ်းအားမြင့်တဲ့ လက်နက်အသစ်တွေ ထုတ်လုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေကြတယ်။ အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေ မရှိသေးတဲ့ နိုင်ငံတွေကလည်း အခုဆိုရင် အစုလိုက်အပြုံလိုက် သတ်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်လာကြပြီ။

နျူကလီးယားစစ်ပွဲအတွက် အသင့်ဖြစ်နေတဲ့ နိုင်ငံတွေကြောင့် ကမ္ဘာကြီးဟာ “ငြိမ်းချမ်း” နေချိန်မှာတောင် အန္တရာယ်ဇုန်ထဲ ရောက်နေတယ်။ “လူ့ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ်ဆုံးဖြတ်နိုင်တဲ့ လူသတ်စက်ရုပ်တွေကြောင့် အလွန်စိုးရိမ်စရာဖြစ်နေပြီ” လို့ အဏုမြူသိပ္ပံပညာရှင်များရဲ့ ဂျာနယ်မှာ ဖော်ပြတယ်။

ကျန်းမာရေးပြဿနာ တိုးများလာခြင်း။ သိပ္ပံပညာဟာ လူတွေ ကျန်းမာရေးကောင်းအောင် အပြည့်အဝ မလုပ်ပေးနိုင်ဘူး။ သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ မူးယစ်ဆေးသုံးခြင်းတို့ကြောင့် ရောဂါတွေ တိုးများလာတယ်။ ကင်ဆာ၊ နှလုံး၊ ဆီးချို စတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် တဖြုတ်ဖြုတ် သေနေကြတယ်။ စိတ်ဝေဒနာအပါအဝင် တခြားရောဂါတွေကြောင့် မသန်မစွမ်းဖြစ်သူတွေလည်း တိုးများလာတယ်။ မကြာသေးခင်နှစ်တွေမှာ ကြောက်စရာကောင်းတဲ့ အီဘိုလာနဲ့ ဇီကာဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့ခဲ့တယ်။ အချုပ်ပြောရရင် လူတွေဟာ ရောဂါကို မထိန်းချုပ်နိုင်ဘူး။ ရောဂါကင်းစင်ဖို့ဆိုတာ မဖြစ်နိုင်ပုံပေါက်နေတယ်။

လူတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း။ စက်ရုံတွေဟာ ကမ္ဘာ့လေထုကို ညစ်ညမ်းစေတယ်။ ညစ်ညမ်းတဲ့လေတွေ ရှူရလို့ နှစ်စဉ် လူသန်းနဲ့ချီ သေနေကြတယ်။

လူတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအေဂျင်စီတွေဟာ မိလ္လာအညစ်အကြေး၊ ဆေးဘက်ဆိုင်ရာနဲ့ စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်း၊ ပလတ်စတစ်နဲ့ အမှိုက်သရိုက်တွေကို ပင်လယ်ထဲ စွန့်ပစ်နေကြတယ်။ “အဲဒီအညစ်အကြေးတွေကြောင့် ပင်လယ်သတ္တဝါတွေနဲ့ အပင်တွေသာမက အဲဒါတွေကို စားသုံးတဲ့ လူတွေပါ အဆိပ်သင့်နေပြီ” လို့ ရေကြောင်းသိပ္ပံ စွယ်စုံကျမ်းမှာ ဖော်ပြတယ်။

ဒါ့အပြင် သန့်ရှင်းတဲ့ရေ ရှားပါးလာတယ်။ ဗြိတိသျှလူမျိုး သိပ္ပံစာရေးဆရာ ရောဘင် မက်ကီးက “ကမ္ဘာတစ်ဝန်းမှာ ရေရှားပါးမှု ကြုံနေရတယ်” လို့ သတိပေးတယ်။ ရေရှားပါးမှုဟာ အများအားဖြင့် လူတွေကြောင့်ဖြစ်တယ်၊ ဒါဟာ စိုးရိမ်စရာပဲလို့ နိုင်ငံရေးသမားတွေ ပြောတယ်။

သဘာဝဘေးကြောင့် လူတွေ ဒုက္ခရောက်ရ။ မုန်တိုင်း၊ လေဆင်နှာမောင်းနဲ့ ငလျင်တွေကြောင့် ရေကြီးတာ၊ မြေပြိုတာ၊ ပျက်စီးဆုံးၡုံးတာတွေ ကြုံနေရတယ်။ အဲဒီလိုသဘာဝဘေးတွေကြောင့် သေတဲ့သူ၊ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ များသည်ထက် များလာတယ်။ အမေရိကန်နိုင်ငံ၊ အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာနရဲ့ လေ့လာချက်အရ “အလွန်ပြင်းထန်တဲ့ မုန်တိုင်း၊ အပူလှိုင်း၊ ရေကြီးတာ၊ မိုးခေါင်တာတွေ” ဖြစ်ဖို့ အလားအလာ ပိုများလာကြောင်း တွေ့ရှိရတယ်။ သဘာဝဘေးကြောင့် လူသားတွေ ပျက်သုဉ်းပျောက်ကွယ်သွားမလား။

လူ့အသက်​အန္တရာယ်​ကို ခြိမ်းခြောက်​နေတဲ့ တခြား​အရာတွေ​ကိုလည်း သင် စဉ်းစား​မိမှာ​ပဲ။ အခု​ချိန်မှာ​ကြုံ​နေတဲ့ အဖြစ်ဆိုး​တွေ​ကိုပဲ အာရုံစိုက်​နေရင် အနာဂတ်​နဲ့ပတ်သက်ပြီး ကျေနပ်​လောက်တဲ့​အဖြေ ရနိုင်​မှာ မဟုတ်ဘူး။ နိုင်ငံရေးသမား​နဲ့ သိပ္ပံပညာရှင်တွေ ပြောတာ​တွေကို နားထောင်​နေရင်​လည်း ကျေနပ်​လောက်တဲ့​အဖြေ ရမှာ​မဟုတ်ဘူး။ ဒါပေမဲ့ ရှေ့ဆောင်းပါး​မှာ ပါတဲ့​အတိုင်း ကမ္ဘာ့အခြေအနေ​နဲ့ အနာဂတ်​အကြောင်း ကျေနပ်စရာ​ကောင်းတဲ့​အဖြေ ရရှိထားသူ​တွေ အများကြီး​ရှိတယ်။ အဖြေတွေကို ဘယ်မှာ ရှာတွေ့နိုင်​သလဲ။