မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစု​အတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ

သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ

အခက်အခဲ

  • သင့်ရဲ့​သား​ဟာ စိတ်​ကြီး​ဝင်​နေတယ်။ အသက်​က​ဖြင့် ဆယ်နှစ်​ပဲ​ရှိသေးတယ်။

  • သူ့ကို ဖူးဖူးမှုတ် ခစား​စေချင်တယ်။

‘ဒီ​ကလေး ဘယ်လို​ဖြစ်သွား​ပါလိမ့်။ သူ့ကို ပျော်​စေချင်​တာ မှန်​ပေ​မဲ့ လူ​တကာ​ထက် သာ​တယ်​ဆိုတဲ့ အတွေး​မျိုး​တော့ မဝင်​စေချင်ဘူး။’

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် မပျောက်ဆုံး​စေ​ဘဲ တစ်ချိန်​တည်းမှာ နှိမ့်ချစိတ် ရှိအောင် ကလေးတွေကို သင်ပေး​လို့​ရ​မလား။

သိသင့်သိထိုက်ရာ

ကလေးတွေကို အလိုလိုက် အကြိုက်​ဆောင်​ဖို့၊ ချီးမွမ်းစရာ မရှိရင်​တောင် များများ ချီးမွမ်း​ပေးဖို့၊ ဆူ​ဆုံးမ​တာ​တွေ မ​လုပ်ဖို့ လွန်ခဲ့တဲ့​ဆ​ယ်​စု​နှစ်တွေ​က မိဘတွေ တိုက်တွန်း​ခံ​ရတယ်။ ကလေးတွေကို ဖူးဖူးမှုတ် အလိုလိုက်​မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား​တတ်တဲ့ ကလေးတွေ​အဖြစ် ကြီးပြင်းလာ​မယ်လို့ ထင်ကြ​တယ်။ ဒါပေမဲ့ ဘာ​ရလဒ်​တွေ ထွက်လာ​သလဲ။ “အဲဒီလိုလုပ်တာက ပျော်ရွှင်​ပြီး အလိုက်​အ​ထိုက်​နေ​တတ်တဲ့ ကလေးတွေ ဖြစ်လာ​မယ့်အစား အတ္တ​သမား​တွေ ဖြစ်လာ​စေတယ်” လို့ စာအုပ်တစ်အုပ် (Generation Me) မှာ ဖော်ပြတယ်။

အလိုလိုက်​ခံရ​လွန်း​တဲ့ ကလေးတွေဟာ စိတ်တို​င်း​မ​ကျ​မှု၊ ပြစ်တင်ဝေဖန်မှု၊ မအောင်မြင်​မှု​တွေကို မခံစား​ဖူး​ဘဲ ကြီးပြင်းလာ​ကြ​တယ်။ အဲဒီလို လို​တရ​တဲ့​ကလေးတွေဟာ ကြီးလာ​တဲ့အခါ ပေါင်းသင်း​ရ ခက်​သူတွေ ဖြစ်လာတယ်။ အဲဒီလိုလူ​အများစုဟာ စိုးရိမ်​သောက​တွေ၊ စိတ်ကျ​တာ​တွေ ခံစား​ကြရတယ်။

ကလေးတွေဟာ ကိုယ်တိုင်​ရဲ့ အောင်မြင်မှု​တွေကြောင့်​သာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် တန်ဖိုးထား​စိတ် ဖြစ်ပေါ်​လာနိုင်တယ်။ သူများ​ထက် တော်​တယ်​တတ်တယ်​လို့ ပြောပေး​ရုံ​နဲ့ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ရှိ​ရုံ​ထက်မက အတတ်ပညာ​တချို့ သင်ယူ​ဖို့၊ လေ့ကျင့်​ဖို့၊ ထူးချွန်​အောင်​ကြိုးစား​ဖို့​လည်း လိုတယ်။ (ပညာအလိမ္မာ ၂၂:၂၉) သူတစ်ပါး​အကျိုး​ကို ဂရုစိုက်​တတ်​သူတွေ ဖြစ်ဖို့​လည်း လိုတယ်။ (၁ ကောရိန္သု ၁၀:၂၄) အဲဒါတွေ လုပ်ဆောင်​နိုင်​ဖို့ဆိုရင် စိတ်နှိမ့်ချမှု ရှိ​ရမယ်။

လုပ်ဆောင်နိုင်ရာ

ချီးမွမ်း​သင့်တဲ့​အခါ ချီးမွမ်း​ပါ။ သင့်​သမီး​ဟာ စာမေးပွဲ​မှာ ရမှတ်​ကောင်းတယ်​ဆိုပါစို့။ ချီးမွမ်း​လိုက်ပါ။ ရမှတ်​နည်း​တယ်ဆိုရင် ဆရာ/ဆရာမ​ကို ချက်ချင်း အပြစ်​မ​ဖို့​ပါနဲ့။ အဲဒီလို​လုပ်​ရင် စိတ်နှိမ့်ချမှု​ရှိအောင် သမီးကို သင်ပေး​ဖို့ ခက်​သွားမယ်။ နောက်​တစ်ကြိမ်​မှာ ပို​ကြိုးစား​နိုင်တဲ့​အကြောင်း ပြောပြ​ပါ။ တကယ်​အောင်မြင်မှု​တွေ ရှိ​မှသာ ချီးမွမ်း​ပါ။

လိုအပ်​တဲ့အခါ ပဲ့ပြင်ဆုံးမ​ပါ။ ကလေး အမှား​လုပ်​တိုင်း ဆို​ဆုံးမ​ရမယ်လို့ ပြော​နေတာ​မဟုတ်ဘူး။ (ကောလောသဲ ၃:၂၁) ကြီးလေး​တဲ့​အမှား​ဆိုရင်တော့ ပဲ့ပြင်ဆုံးမ​ရမယ်။ မကောင်းတဲ့ စိတ်သဘောထား​တွေကိုလည်း ပဲ့ပြင်ပေး​ရမယ်။ မဟုတ်​ရင် အကျင့်ပါ​သွားမယ်။

ဥပမာ၊ သင့်ရဲ့​သား​ဟာ အ​ကြွား​သန်​တယ် ဆိုပါစို့။ မ​ပဲ့ပြင်ပေး​ဘူး​ဆိုရင် စိတ်​ကြီး​ဝင်​ပြီး တခြား​သူတွေ​ကို မတူမတန် ဆက်ဆံ​လာနိုင်တယ်။ ဒါကြောင့် ကြွား​တယ်ဆိုတာ လူ​အမြင်​ကတ်​စရာ ဖြစ်ပြီး အရှက်ရ​စေနိုင်​တယ်ဆိုတာ ရှင်းပြပါ။ (ပညာအလိမ္မာ ၂၇:⁠၂) ကိုယ့်ကိုယ်ကိုယ် တော်သင့်​ရုံ​ရှုမြင်​သူ​ဟာ ကိုယ့်ရဲ့ အစွမ်းအစတွေ​ကို အများ​သိအောင် ကြေညာ​ဖို့ မလိုဘူး​ဆိုတာ​လည်း ရှင်းပြပါ။ အဲဒီလို မေတ္တာ​အရင်းခံ​ပြီး ဆုံးမပဲ့ပြင်​တာ​က သိမ်ငယ်စိတ် မဝင်​စေ​ဘဲ နှိမ့်ချ​တတ်လာ​အောင် သင်ပေး​ရာ​ရောက်​တယ်။ ​—⁠ကျမ်းစာအကြံပြုချက်– မဿဲ ၂၃:⁠၁၂

လက်တွေ့ဘဝ​အတွက် သင့်​ကလေးကို ပြင်ဆင်ပေး​ပါ။ ကလေးရဲ့​ဆန္ဒမှန်​သမျှ ဖြည့်ဆည်း​ပေးမယ်​ဆိုရင် သူ့မှာ အခွင့်အာဏာ​ရှိတယ်လို့ ခံစား​သွား​စေနိုင်​တယ်။ ဒါကြောင့် သင့်​ကလေး​က သင် မတတ်နိုင်​တာကို ဝယ်​ခိုင်း​မယ်ဆိုရင် ဝင်ငွေ​ထွက်​ငွေ မျှတ​အောင် သုံးစွဲ​ဖို့လို​ကြောင်း ရှင်းပြပါ။ အားလပ်ရက် အပန်းဖြေ​ခရီးထွက်​မယ့် အစီအစဉ်​ကို ဖျက်သိမ်း​လိုက်​ရလို့ ကလေး စိတ်ထိခိုက်​သွားမယ် ဆိုပါစို့။ ဘဝ​မှာ စိတ်ထိခိုက်​စရာ​တွေ ကြုံရ​နိုင်တယ်၊ ဒါတွေ​ကို သင် ဘယ်လို ဖြေရှင်း​ခဲ့တယ်​ဆိုတာ ရှင်းပြပါ။ သင့်​ကလေး ဘာ​အခက်အခဲ​မှ မ​ကြုံရ​အောင် ကာကွယ်​ပေးမယ့်​အစား လူကြီး​ဖြစ်လာ​ရင် ကြုံရမယ့် အခက်အခဲ​တွေအတွက် ကြိုတင်ပြင်ဆင်​ပေးပါ။ ​—⁠ကျမ်းစာအကြံပြုချက်– ပညာအလိမ္မာ ၂၉:⁠၂၁

ပေးကမ်း​တတ်အောင် အားပေးပါ။ “ရယူခြင်း​ထက် ပေးကမ်းခြင်း​က ပို​ပျော်ရွှင်​စေတယ်” ဆိုတာ မှန်ကန်ကြောင်း ကလေးကို လက်တွေ့ပြ​ပေးပါ။ (တမန်တော် ၂၀:၃၅) ဘယ်လိုနည်းနဲ့​လဲ။ စျေး​ဝယ်​ပေးဖို့၊ ကြို​ပို့​ပေးဖို့၊ တစ်ခုခု​ပြုပြင်​ပေးဖို့ အကူအညီ​လို​နေ​သူတွေ​ရဲ့ နာမည်ကို ချရေးပါ။ အဲဒီနောက် ကလေး​နဲ့အတူ သွား​ပြီး ကူညီပေးပါ။ အဲဒီလို ကူညီပေး​လိုက်လို့ သင် ပျော်ရွှင်​ကျေနပ်​သွားတာကို သင့်​ကလေး မြင်​ပါလိမ့်မယ်။ ဒီနည်းနဲ့ သင့်​ကလေးကို စိတ်နှိမ့်ချ​တတ်အောင် သင်ပေးနိုင်တယ်။ ဒီလို​ပုံသက်သေ​နဲ့ သင်ပေး​တာဟာ အထိရောက်ဆုံး​ပဲ။​—⁠ကျမ်းစာအကြံပြုချက်– လုကာ ၆:⁠၃၈