မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့မျိုးရိုးဗီဇကို ပြုပြင်ခြင်းဟာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်လား

အသက်ရှည်ဖို့ ရှာပုံတော်ဖွင့်ခြင်း

အသက်ရှည်ဖို့ ရှာပုံတော်ဖွင့်ခြင်း

“လူသားတွေ​အတွက် ဘုရား​သခင် ပေးထားတဲ့​အလုပ်​ကို ငါ​တွေ့တယ်။ ဘုရားက အရာ​အားလုံး​ကို သူ့​အချိန်နဲ့​သူ တင့်တယ်​လှပစွာ လုပ်​ထားတယ်။ လူသားတွေ​ရဲ့ စိတ်ထဲမှာ ထာဝရ​ကာလ​ကို ထည့်ပေး​ထား​တယ်။”​ဒေသနာ ၃:၁၀၊ ၁၁

ရှေး​ပညာရှိ ဘုရင် ရှောလမုန်​ရဲ့ စကားတွေ​က ဘဝနဲ့​ပတ်သက်ပြီး လူတွေ​ရဲ့ ခံစားချက်​ကို အတိ​အကျ ဖော်ပြ​တယ်။ အသက် တို​ပြီး သေခြင်း​ကို မရှောင်လွဲ​နိုင်​တဲ့​အတွက် အသက်​ရှည်​ချင်​တဲ့​ဆန္ဒ အမြဲ​ပြင်းပြ​ခဲ့​ကြ​တယ်။ ဒါကြောင့် အသက်​ရှည်​နည်း လျှို့ဝှက်ချက်​ကို ရှာပုံတော်​ဖွင့်​တဲ့ ဒဏ္ဍာရီ​ပုံပြင် အများကြီး ရှိ​တယ်။

ဥပမာ၊ ဆူမေးရီးယန်း​ဘုရင် ဂီလ်ဂါမဲ့ရှ်​အကြောင်း သုံးသပ်​ကြည့်​ပါ။ သူ့​အကြောင်း ဆန်းပြား​တဲ့ ဒဏ္ဍာရီ​ပုံပြင်​များစွာ ရှိ​တယ်။ ဂီလ်ဂါမဲ့ရှ် မော်ကွန်း​ကဗျာ ဖော်ပြချက်​အရ သူဟာ သေခြင်း​ကနေ လွတ်မြောက်​နည်း​ကို လေ့လာ​ဖို့ အန္တရာယ်​များ​တဲ့​ခရီး​ကို နှင်​ခဲ့​တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။

ဓာတ်ခွဲခန်းထဲက အလယ်ခေတ် အဂ္ဂိရတ်ပညာရှင်တစ်ဦး

ဘီစီ လေး​ရာစု​မှာ တရုတ် အဂ္ဂိရတ်​ပညာရှင်တွေ​က “အသက်​ရှည်​ဆေး” ဖော်​ဖို့ ကြိုးစား​ခဲ့​ကြ​တယ်။ ပြဒါး​နဲ့ စိန်​အဆိပ်​ရော​ထား​တဲ့ ဆေးရည်​ကို ဖော်စပ်​ကြ​တယ်။ အဲဒီ​ဆေး​တွေ​ကြောင့် တရုတ်​ဧကရာဇ်​အတော်​များများ သေဆုံး​ခဲ့​ရ​တယ်။ အလယ်​ခေတ် ဥရောပ အဂ္ဂိရတ်​ပညာရှင်​တချို့​က ရွှေ​ပါ​တဲ့​ဆေး​ကို ဖော်စပ်​ကြ​တယ်။ မပျက်စီး​နိုင်​တဲ့​ဂုဏ်​သတ္တိ​ရှိ​တဲ့ ရွှေ​က လူ့​အသက်​ကို ရှည်​စေ​နိုင်​တယ်​လို့ ယူဆ​ကြ​လို့​ပါ​ပဲ။

ဒီနေ့ တချို့သော ဇီဝ​ဗေဒ​ပညာရှင်​တွေ၊ မျိုးရိုး​ဗီဇ​ပညာရှင်တွေ​က အိုမင်း​ရ​တဲ့ အကြောင်းရင်း​ကို ရှာဖွေ​ဖို့ ကြိုးစား​နေ​ကြ​တယ်။ “အသက်​ရှည်​ဆေး” ရှာပုံတော် ဖွင့်​ခဲ့​သူတွေ​လို​ပဲ သူတို့လည်း မအို၊ မသေ​ချင်​တဲ့​ဆန္ဒ ပြင်းပြ​နေ​ကြ​တယ်​ဆိုတာ ဖော်ပြ​တယ်။ ဒါပေမဲ့ ဘာ​ရလဒ်တွေ ရ​ခဲ့​ပြီ​လဲ။

ဘုရားက “လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။”​—ဒေသနာ ၃:၁၀၊ ၁၁

အို​ရတဲ့​အကြောင်းရင်း​ကို ရှာဖွေ​ခြင်း

လူ့​ဆဲလ်​ကို လေ့လာ​တဲ့ သိပ္ပံ​ပညာရှင်တွေ​က အိုရ​သေရ​တဲ့ အကြောင်းရင်း​ကို သီအိုရီ ၃၀၀ ကျော်နဲ့ ရှင်းပြ​ကြတယ်။ မကြာသေး​ခင်​နှစ်တွေ​အတွင်း လူနဲ့ တိရစ္ဆာန်​ဆဲလ်​တွေ​မှာ အိုမင်း​ခြင်း​ဖြစ်စဉ်​ကို နှေးကွေး​စေ​မယ့် မျိုးရိုး​ဗီဇ​တွေ၊ ပရိုတိန်း​တွေကို မော်လီကျူး ဇီဝ​ဗေဒ​ပညာရှင်​တွေ အောင်မြင်​စွာ ထုတ်ဖော်​နိုင်​ခဲ့​ကြ​တယ်။ ဒါကြောင့် “သေခြင်း​ပြဿနာ” ရှာဖွေ​လေ့လာ​ဖို့ နာမည်ကျော်​သူဋ္ဌေးကြီး​တချို့က ငွေကြေး​ထောက်ပံ့​ကြတယ်။ ဘာတွေ​များ ရှာဖွေ​တွေ့ရှိ​ခဲ့​ကြ​ပြီ​လဲ။

ကိုယ်တွင်း​နာရီ​ကို နောက်ဆုတ်​ခြင်း။ တယ်လိုမီရာ လို့​ခေါ်​တဲ့ ခရိုမိုဆုမ်း​အဖျားပိုင်း​မှာ အိုမင်း​ရ​တဲ့ အဓိက​အကြောင်းရင်း ရှိ​တယ်​လို့ ဇီဝ​ဗေဒ​ပညာရှင်​တချို့ ယူဆ​ကြ​တယ်။ တယ်လိုမီရာတွေက ဆဲလ်​ကွဲ​ပွား​တဲ့​အခါ​တိုင်း ဆဲလ်​ထဲက မျိုးရိုး​ဗီဇ​ပစ္စည်းတွေကို ကာကွယ်​ပေး​ကြ​တယ်။ ဒါပေမဲ့ ဆဲလ်​ကွဲ​ပွား​တဲ့​အခါ​တိုင်း တယ်လိုမီရာတွေ တို​သွား​တယ်။ ဒီလိုနဲ့ ဆဲလ် မပွား​တော့​တဲ့​အခါ အို​လာ​တော့​တယ်။

၂၀၀၉ နိုဗယ်​ဆု​ရှင် အဲလီဇဘက် ဘလက်ဘန်း​နဲ့ အဖွဲ့က ဆဲလ်​အိုမင်း​မှု​ကို ဖြစ်​စေ​တဲ့ တယ်လိုမီရာ တို​သွား​ခြင်း​ကို တားဆီး​တဲ့ အင်ဇိုင်း​တစ်မျိုး​ကို ရှာဖွေ​တွေ့ရှိ​ကြတယ်။ ဒါပေမဲ့ တယ်လိုမီရာက “အသက်​ရှည်​စေ​နိုင်​တဲ့​အရာတွေ မဟုတ်ဘူး” ဆိုပြီး သူတို့ရဲ့ မှတ်တမ်းမှာ အသိ​အမှတ်ပြု​ဝန်ခံ​ထား​တယ်။

ဇရာ​ကို အံတု​ဖို့ နည်း​တစ်နည်း​ကတော့ ဆဲလ်​ပြန်လည်​ပြုပြင်​ဖန်တီးခြင်း ဖြစ်​တယ်။ ဆဲလ် အိုမင်း​ပြီး မပွား​နိုင်​တော့​တဲ့​အခါ အနီးနား​က ကိုယ်ခံအား​ဆဲလ်​တွေ​ဆီ အချက်ပေး​မှား​ပြီး ရောင်ရမ်း​ခြင်း၊ နာတာရှည် နာကျင်​ခြင်း၊ ရောဂါ​တို့ ဖြစ်​စေ​တယ်။ မကြာသေး​ခင်​တုန်း​က ပြင်သစ် သိပ္ပံ​ပညာရှင်တွေ​က အသက် ၁၀၀ ကျော် သက်ကြီး​ရွယ်အို​တချို့​ဆီက ဆဲလ်တွေ​ကို ပြုပြင်​ဖန်တီး​ခဲ့​ကြ​တယ်။ ဆဲလ်တွေ​မှာ “အိုမင်း​ခြင်း​ကို ပြောင်းပြန်​ပြုလုပ်​နိုင်​စွမ်း” ကို ဖော်ထုတ်​နိုင်​ပြီ​လို့ သုတေသီ​အဖွဲ့ ခေါင်းဆောင် ပါမောက္ခ ဇင်းမာ့ခ် လာမေတာ​က ကြေညာ​ခဲ့​တယ်။

သိပ္ပံ​ပညာ​က ကျွန်တော်တို့​အသက်​ကို ပို​ရှည်​စေ​နိုင်​မလား

ဇရာ​ကို အံတု​တဲ့​ကုသ​နည်းတွေ​က လူ့​သက်တမ်း​ကို သိသိ​သာသာ ရှည်​စေ​နိုင်​တယ်​ဆိုတဲ့​အချက်ကို သိပ္ပံ​ပညာရှင်​အားလုံး သဘောတူ​ကြ​တာ​တော့ မဟုတ်ဘူး။ ၁၉ ရာစု​က​စပြီး လူ့​သက်တမ်း တဖြည်းဖြည်း ရှည်​လာတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကူးစက်​ရောဂါ ထိန်းချုပ်​နိုင်​မှု၊ ပိုးသတ်​ဆေး​နဲ့ ကာကွယ်​ဆေး သုံးစွဲ​ခြင်း​တို့​ကြောင့် ဖြစ်တယ်။ လူ့​သက်တမ်းဟာ နဂို​သက်တမ်း​လောက်​ပဲ ရှိ​တယ်​လို့ မျိုးရိုး​ဗီဇ​ပညာရှင်​တချို့ ယူဆကြတယ်။

လွန်ခဲ့တဲ့​အနှစ် ၃,၅၀၀ ခန့်​က ကျမ်းစာ​ရေးသူ မောရှေ​က “ကျွန်တော်တို့ရဲ့ သက်တမ်းဟာ အနှစ် ၇၀ ပါပဲ။ သန်မာ​လှ​ရင်​တော့ အနှစ် ၈၀ ပေါ့။ ဒါပေမဲ့ ဒုက္ခတွေ၊ ဝမ်းနည်း​စရာတွေ​နဲ့​ပဲ ပြည့်​နေတယ်။ အဲဒီ​နှစ်တွေ အကုန်​မြန်​လွန်း​လို့ ကျွန်တော်တို့ ပျောက်လွင့်​သွားမှာပဲ” လို့ အသိ​အမှတ်​ပြု​ထား​တယ်။ (ဆာလံ ၉၀:၁၀) သက်တမ်း​ရှည်​ဖို့ လူတွေ ကြိုးစား​အားထုတ်​နေ​ပေမဲ့ မောရှေ ဖော်ပြ​သလောက်​ပဲ အသက်​ရှည်​ကြ​ပါ​တယ်။

ပင်လယ်နီ​ဒေသက သံပခြုပ်တွေ၊ ကမာ​မျိုးဝင်​တွေဟာ အနှစ် ၂၀၀ ကျော် အသက်​ရှင်​ကြတယ်။ ဆီကွာယာ​သစ်ပင်တွေ​ဆိုရင် နှစ်​ထောင်ချီ ရှင်သန်​ကြတယ်။ လူ့​သက်တမ်း​ကို အဲဒါတွေ​နဲ့ နှိုင်းယှဉ်​တဲ့​အခါ ‘ဘဝ​ဆိုတာ အနှစ် ၇၀/၈၀ လောက်​ပဲ​လား’ လို့ တွေးမိ​ပါ​လိမ့်​မယ်။