မာတိကာဆီ ကျော်သွား

အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား

အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား

ကျမ်းစာအဖြေ

 ဒီနေ့ခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေ ဆိုးသည်ထက် ဆိုးလာမယ်ဆိုပြီး ကျမ်းစာ ကြိုဟောတယ်။ ကိုယ်ကျင့်တရား အကြီးအကျယ် ပျက်စီးယိုယွင်းပြီး လူမှုဆက်ဆံရေး စံနှုန်းတွေ ဆုတ်ယုတ်ကျဆင်းတဲ့အထိ ဖြစ်သွားမယ်။ a (၂ တိမောသေ ၃:၁-၅) ဒါပေမဲ့ ဒီလိုအပျက်သြဇာ လွှမ်းမိုးမခံသူတွေ ရှိမယ်လို့လည်း ကျမ်းစာ ကြိုဟောတယ်။ သူတို့က အပျက်သြဇာတွေကို ဘုရားအကူအညီနဲ့ တွန်းလှန်ပြီး အလိုတော်နဲ့အညီ တွေးခေါ်လုပ်ဆောင်ဖို့ ကြိုးစားကြလိမ့်မယ်။—ဟေရှာယ ၂:၂၊ ၃

ဒီဆောင်းပါးမှာ

 အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်အကြောင်း ကျမ်းစာမှာ ဘာတွေ ကြိုဟောသလဲ။

 နေရာတကာ မြင်တွေ့ရမယ့် စရိုက်ဆိုး အတော်များများကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒီစရိုက်ဆိုးအားလုံးဟာ အတ္တစိတ်ကို အရင်းခံတယ်။ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊” “မချုပ်တည်းနိုင်သူ၊” “ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ” ဖြစ်လာမယ်။—၂ တိမောသေ ၃:၂-၄

 ဒီကြိုဟောချက်အတိုင်းပဲ အခုခေတ် လူတွေဟာ တစ်ကိုယ်ကောင်းဆန်ကြတယ်။ ကိုယ်အဆင်ပြေရေး၊ ကိုယ့်အလိုဆန္ဒ ပြည့်ရေးကိုပဲ စဉ်းစားကြတယ်။ အတ္တကြီးလို့ ‘ငါ့ဖို့သမားတွေ၊ တစ်ဘို့တည်း ကြည့်တဲ့သူတွေ’ ဆိုပြီး သမုတ်ခံရသူတွေတောင် ရှိတယ်။ လူများစွာဟာ ကိုယ့်အတွက်ပဲ ကြည့်တတ်လွန်းလို့ “ကောင်းမြတ်ရာကို မုန်းတီး” ကြတယ်၊ အရည်အသွေးကောင်းတွေကို မြတ်နိုးရကောင်းမှန်း မသိကြဘူး။ ကိုယ့်မှာ ရှိတာတွေ၊ ကိုယ့်အတွက် တခြားသူ လုပ်ပေးတာတွေကို ကျေးဇူးတင်မဲ့အစား “ကျေးဇူးကန်း” ကြတယ်။—၂ တိမောသေ ၃:၂၊ ၃

 အတ္တစိတ်ကို အရင်းခံတဲ့ အောက်ပါ သဘောထားတွေကိုလည်း နေရာအနှံ့ မြင်တွေ့နေရတယ်။

  •   လောဘကြီးခြင်း။ “ငွေကိုတပ်မက်” သူတွေ များလာတယ်။ ဘဝမှာ ငွေရှိမှ၊ ချမ်းသာမှ အောင်မြင်တယ်လို့ ယူဆကြတယ်။—၂ တိမောသေ ၃:၂

  •   မာနကြီးခြင်း။ “ဝါကြွားသူ၊ မောက်မာသူ၊” “မာနထောင်လွှားသူ” တွေ မနည်းမနောပါပဲ။ (၂ တိမောသေ ၃:၂၊) ကိုယ် ဘယ်လောက် တော်တယ်၊ တတ်တယ်၊ ချမ်းသာတယ်ဆိုတာ ပိုပိုသာသာလေး ကြွားလုံးထုတ်လိုက်ရမှ ကျေနပ်ကြတယ်။

  •   သွားပုပ်လေလွင့်ပြောခြင်း။ “ဘုရားကို စော်ကားပြောဆိုသူ၊” “သွားပုပ်လေလွင့်ပြောသူ” တွေကိုလည်း နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရတယ်။ (၂ တိမောသေ ၃:၂၊ ၃) တခြားသူ ဒါမှမဟုတ် ဘုရားကို စော်ကားပြောဆိုတာ၊ တခြားသူ ဒါမှမဟုတ် ဘုရားအကြောင်း မဟုတ်မမှန်ပြောဆိုတာကို ဆိုလိုတယ်။

  •   ခေါင်းမာခြင်း။ “သစ္စာမရှိသူ၊” “ညှိနှိုင်းလို့မရသူ၊” “သစ္စာဖောက်သူ၊” “တဇောက်ကန်းနိုင်သူ” တွေ များလာတယ်။ (၂ တိမောသေ ၃:၂-၄) ပြောဆိုညှိနှိုင်းဖို့၊ သဘောတူညီချက်ရဖို့၊ ကတိတည်ဖို့ ခက်တဲ့ လူစားမျိုးပါ။

  •   အကြမ်းဖက်ခြင်း။ အခုခေတ် လူတွေဟာ ‘ကြမ်းကြုတ်သူတွေ၊’ ထစ်ခနဲဆို ဒေါသထွက်ပြီး ရက်စက်ရမ်းကားဖို့ ဝန်မလေးသူတွေပါ။—၂ တိမောသေ ၃:၃

  •   တရားမဲ့ခြင်း။ ကျွန်တော်တို့ခေတ်မှာ “မတရားမှုတွေ များသည်ထက် များလာ” မယ်လို့ ယေရှု ကြိုဟောတယ်။ (မဿဲ ၂၄:၁၂) ‘ဆူပူအုံကြွမှုတွေ’ များလာမယ်လို့လည်း ကြိုဟောတယ်။—လုကာ ၂၁:၉

  •   မိသားစုသံယောဇဉ် မရှိခြင်း။ “မိဘစကား နားမထောင်သူ၊” “[မိသားစုကို] ချစ်ခင်တွယ်တာစိတ် မရှိသူ” များလာတဲ့အတွက် မိသားစုမှာ ပစ်ပယ်ခံရသူ၊ အကြမ်းဖက်နှိပ်စက်ခံရသူတွေ ပိုများလာတယ်။—၂ တိမောသေ ၃:၂၊ ၃

  •   ဘာသာရေးအရေခြုံမှု။ ‘ဘုရားတရား ကြည်ညိုဟန်ဆောင်သူတွေ’ များသည်ထက် များလာတယ်။ (၂ တိမောသေ ၃:၅) ဘုရားအလိုတော်ကို နာခံမဲ့အစား ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဘာသာရေးခေါင်းဆောင်တွေနောက်ကို လိုက်ကြတယ်။—၂ တိမောသေ ၄:၃၊ ၄

 အတ္တဆန်သူတွေက တခြားသူတွေကို ဘယ်လို ထိခိုက်စေသလဲ။

 အတ္တသမားတွေ များလာလေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရသူတွေ များလာလေပါပဲ။ (ဒေသနာ ၇:၇) ဥပမာ၊ ငွေတပ်မက်သူတွေဟာ တခြားသူတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြတယ်။ မိသားစုသံယောဇဉ် မရှိသူတွေကြောင့် မိသားစုဝင်တွေ စိတ်ဆင်းရဲရတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်စေနိုင်တယ်။ သစ္စာဖောက်သူ၊ သစ္စာမဲ့သူတွေကြောင့် သေရာပါ စိတ်ဒဏ်ရာရသွားသူတွေလည်း ရှိတယ်။

 လူတွေ ဘာကြောင့် ဆိုးသည်ထက် ဆိုးလာသလဲ။

 အကြောင်းရင်းတွေကို ကျမ်းစာမှာ ရှင်းပြထားတယ်။

  •   ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ လျော့နည်းလာတယ်။ (မဿဲ ၂၄:၁၂) ဒါကြောင့် အတ္တစိတ်တွေ တိုးများလာတယ်။

  •   စာတန်မာရ်နတ်ဟာ ကောင်းကင်က နှင်ချခံရပြီး မြေကြီးပေါ် ရောက်လာတယ်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) ဆိုးညစ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ စာတန်ကြောင့် လူ့လောကလည်း ပိုအတ္တဆန်လာတယ်။—၁ ယောဟန် ၅:၁၉

 လူတွေ ဆိုးသည်ထက် ဆိုးလာတာကို ဘယ်လို တုံ့ပြန်သင့်သလဲ။

 “အဲဒီလူတွေကို ရှောင်ပါ” လို့ ကျမ်းစာက ဆိုတယ်။ (၂ တိမောသေ ၃:၅) လူ့အသိုင်းအဝိုင်းထဲက ထွက်ပြီး သီးခြားနေရမယ်လို့ မဆိုလိုပါဘူး။ အတ္တကြီးသူ၊ ဘုရားတရားမဲ့သူတွေနဲ့ တရင်းတနှီး မပေါင်းသင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။—ယာကုပ် ၄:၄

 လူတိုင်း ဆိုးသွားမလား။

 မဟုတ်ပါဘူး။ “လုပ်နေတဲ့ ရွံစရာတွေကြောင့် သက်ပြင်းချသူတွေ၊ ညည်းတွားသူတွေ” ရှိမယ်လို့ ကျမ်းစာ ကြိုပြောတယ်။ (ယေဇကျေလ ၉:၄) သူတို့ဟာ အတ္တစိတ်ကို တွန်းလှန်ပြီး ဘုရားရဲ့စံနှုန်းအတိုင်း နေထိုင်ကြမယ်။ သူတို့ရဲ့ အပြောအဆို၊ လုပ်ရပ်တွေဟာ လူအများနဲ့ သိသိသာသာ ကွာခြားတယ်။ (မာလခိ ၃:၁၆၊ ၁၈) ဥပမာ၊ လူအားလုံးနဲ့ တည့်အောင် နေတယ်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေမှာ မပါဝင်ကြဘူး။—မိက္ခာ ၄:၃

 လူ့ဘောင်တစ်ခုလုံး ပရမ်းပတာအခြေအနေ ဆိုက်သွားမလား။

 လူ့ဘောင်တစ်ခုလုံး ပရမ်းပတာဖြစ်သွားမှာ မဟုတ်ဘူး။ ဘုရားသခင်က မိမိရဲ့စံနှုန်း မလိုက်နာသူတွေကို ဖယ်ရှားပါတော့မယ်။ (ဆာလံ ၃၇:၃၈) “မြေကြီးသစ်၊” တစ်နည်းအားဖြင့် လူ့ဘောင်သစ်ကို ထူထောင်မယ်။ စိတ်နူးညံ့သူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရတော့မယ်။ (၂ ပေတရု ၃:၁၃။ ဆာလံ ၃၇:၁၁၊ ၂၉) ဒီမျှော်လင့်ချက်က စိတ်ကူးသက်သက် မဟုတ်ပါဘူး။ အခုကတည်းက ဘုရားရဲ့ ဖြောင့်မတ်တဲ့စံနှုန်းနဲ့အညီ နေထိုင်နိုင်အောင် ပြုပြင်ပြောင်းလဲဖို့ ကျမ်းစာ ကူညီပေးနေပါတယ်။—ဧဖက် ၄:၂၃၊ ၂၄

a “အလွန်ခက်ခဲကျပ်တည်း၊” “အန္တရာယ်များ” တဲ့ “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ကျမ်းစာကြိုဟောချက်နဲ့ ကမ္ဘာ့အခြေအနေတွေက ဖော်ပြတယ်။ (၂ တိမောသေ ၃:၁) ပိုသိချင်ရင် “‘နောက်ဆုံးသောနေ့ရက်များ’ ဒါမှမဟုတ် ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်လက္ခဏာက ဘာလဲ” ကို ကြည့်ပါ။