မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာအကြောင်း နားလည်နိုင်ပါ့မလား

သိနားလည်သင့်တဲ့ စာအုပ်တစ်အုပ်

သိနားလည်သင့်တဲ့ စာအုပ်တစ်အုပ်

ကျမ်းစာဟာ ရှေးဟောင်းစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါဆို သက်တမ်းဘယ်လောက်ကြာပြီလဲ။ ကျမ်းစာကို အရှေ့အလယ်ပိုင်းဒေသမှာ လွန်ခဲ့တဲ့အနှစ် ၃,၅၀၀ ဝန်းကျင်မှာ စတင်ရေးသားခဲ့တာပါ။ အဲဒီအချိန်က ရှေးအကျဆုံး တရုတ်ရှန်မင်းဆက် တန်ခိုးကြီးထွားချိန်၊ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာမပေါ်ထွန်းခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်တယ်။—“ သမ္မာကျမ်းစာ အချက်အလက်” လေးထောင့်ကွက်ကိုကြည့်ပါ။

ဘဝအတွက် အရေးကြီးတဲ့မေးခွန်းတွေရဲ့ ကျေနပ်ဖွယ်အဖြေတွေ ကျမ်းစာမှာရှိ

လူတွေအတွက် အကျိုးရှိပြီး လမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဟာ နားလည်လွယ်ရမယ်၊ အသုံးဝင်ရမယ်။ သမ္မာကျမ်းစာဟာ အဲဒီလိုစာအုပ်မျိုးပါ။ ဘဝအတွက် အရေးကြီးတဲ့မေးခွန်းတွေရဲ့ ကျေနပ်ဖွယ်အဖြေတွေ ကျမ်းစာမှာရှိတယ်။

ဥပမာ၊ ‘ငါတို့ ဘာကြောင့် အသက်ရှင်နေရတာလဲ’ ဆိုပြီး စဉ်းစားဖူးသလား။ ဒီမေးခွန်းကြောင့် လူတွေ နှစ်ချီ ခေါင်းခြောက်ခဲ့သလို အခုထိလည်း ခေါင်းခြောက်နေရဆဲပါ။ ဒါပေမဲ့ အဲဒီမေးခွန်းရဲ့အဖြေကို သမ္မာကျမ်းစာပါ ဦးဆုံးကျမ်း၊ ကမ္ဘာဦးကျမ်းရဲ့ ပထမအခန်းကြီးနှစ်ခန်းမှာ တွေ့နိုင်တယ်။ အဲဒီမှာ “အစအဦး၌” ဆိုပြီး ကျမ်းစာဖော်ပြထားတာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကို ရည်ညွှန်းနေတာဖြစ်တယ်။ အဲဒီတုန်းက ကြယ်တွေ၊ ဂလက်ဆီတွေနဲ့ ကမ္ဘာမြေကြီးအပါအဝင် ရုပ်ပိုင်းစကြဝဠာကြီး စဖြစ်တည်လာတယ်။ (ကမ္ဘာဦး ၁:၁) ပြီးနောက် သက်ရှိတွေနေထိုင်ဖို့ ကမ္ဘာမြေကြီးကို အဆင့်ဆင့်ပြင်ဆင်ပေးပုံ၊ သက်ရှိမျိုးစုံဖြစ်တည်လာပုံ၊ လူသားဖြစ်ပေါ်လာပုံနဲ့ အဲဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားတယ်။

နားလည်လွယ်အောင် ရေးထား

နေ့စဉ်ဘဝပြဿနာတွေအတွက် ဖြေရှင်းနည်း ကျမ်းစာမှာရှိပြီး အဲဒီဖြေရှင်းနည်းတွေက နားလည်ရလွယ်ကူတယ်။ နားလည်ရလွယ်ဖို့ အဆင့်နှစ်ဆင့်လိုတယ်။

ပထမ၊ သမ္မာကျမ်းစာသုံးစကားတွေဟာ ရှင်းလင်း၊ တိကျပြီး နှစ်သက်စဖွယ်ဖြစ်တယ်။ ရှုပ်ထွေးနက်နဲတဲ့ အသုံးအနှုန်းတွေသုံးမယ့်အစား အလွယ်တကူ နားလည်နိုင်တဲ့ အသုံးအနှုန်းတွေကို အသုံးပြုထားတယ်။ ခက်ခဲတဲ့အကြောင်းအရာတွေကို နေ့စဉ်သုံးစကားလုံးတွေနဲ့ ဖော်ပြထားတယ်။

ဥပမာ၊ ယေရှုဟာ လူတွေရဲ့ စိတ်ကိုထိမိစေဖို့ သူတို့နေ့စဉ်လုပ်နေကျ ကိစ္စတွေကိုအခြေခံတဲ့ ဥပမာရိုးရိုးလေးတွေပေးပြီး ပြောခဲ့တယ်။ အဲဒီဥပမာအများစုကို မဿဲကျမ်းအခန်းကြီး ၅ ကနေ ၇ မှာ မှတ်တမ်းတင်ထားတဲ့ လူသိများတဲ့တောင်ပေါ်တရားတော်မှာ တွေ့နိုင်တယ်။ ဝေဖန်သူတစ်ဦးက တောင်ပေါ်တရားတော်ကို “လက်တွေ့ကျတဲ့ ဟောပြောချက်” လို့ခေါ်ပြီး အဲဒါက “ကျွန်တော်တို့ကို ဗဟုသုတပေးရုံသာမက ကျင်ကြံနေထိုင်ပုံကိုပါ ထိန်းကျောင်းပေးတယ်” လို့ ဆိုတယ်။ အဲဒီကျမ်းချက်တွေကို ၁၅ မိနစ်၊ မိနစ် ၂၀ အတွင်း အပြီးဖတ်နိုင်တယ်။ ယေရှုစကားတွေက ရိုးရိုးလေးဆိုပေမဲ့ ဘယ်လောက် အစွမ်းထက်မှန်းသိလာရင် မှင်သက်သွားနိုင်တယ်။

ဒုတိယ၊ ကျမ်းစာထဲကအကြောင်းအရာတွေဟာ နားလည်ရလွယ်တယ်။ ကျမ်းစာက ဒဏ္ဍာရီလာ ပုံပြင်စာအုပ် မဟုတ်ပါဘူး။ ကျမ်းစာပါအကြောင်းအရာတွေဟာ “ကျော်ကြားသူ၊ သာမန်လူတွေအကြောင်း၊ သူတို့ရဲ့ ကြိုးစားရုန်းကန်မှု၊ အောင်မြင်မှု၊ ရှုံးနိမ့်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း” ဖြစ်တယ်လို့ The World Book Encyclopedia မှာဆိုထားတယ်။ ကျမ်းစာထဲမှာ တကယ်ရှိခဲ့တဲ့ လူတွေ၊ တကယ့်အဖြစ်အပျက်တွေ၊ ကျိုးကြောင်းဆက်နွှယ်နေတဲ့ အရေးကြီးသင်ခန်းစာတွေအကြောင်း ရေးထားတာမို့ နားလည်ရလွယ်ကူတယ်။—ရောမ ၁၅:၄

လူတိုင်းရရှိနိုင်

စာအုပ်တစ်အုပ်ကို နားလည်ဖို့ဆိုရင် သင့်ဘာသာစကားနဲ့ရေးထားမှ ဖြစ်မယ်။ ဒီနေ့ခေတ်မှာ သင် ဘယ်မှာပဲနေနေ၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် သင် နားလည်နိုင်တဲ့ဘာသာစကားနဲ့ ကျမ်းစာကို ရရှိနိုင်တယ်။ အဲဒီလိုရနိုင်အောင် ဘာတွေလုပ်ရသလဲဆိုတာ သုံးသပ်ကြည့်ပါ။

ဘာသာပြန်ဆိုခြင်း– သမ္မာကျမ်းစာကို မူလက ဟီးဘရူး၊ အာရမိတ်၊ ဂရိဘာသာစကားတွေနဲ့ ရေးခဲ့တာပါ။ အဲဒီစကားတွေကို လူတိုင်း နားလည်နိုင်မှာ မဟုတ်ပါဘူး။ တခြားဘာသာစကားတွေနဲ့ ကျမ်းစာကို ထုတ်နိုင်အောင် စိတ်ရင်းမှန်တဲ့ ဘာသာပြန်သူတွေက မမောနိုင်မပန်းနိုင် ကြိုးစားခဲ့ကြရတယ်။ သူတို့ရဲ့အားထုတ်မှုကြောင့် အခုဆိုရင် ကျမ်းစာကို တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ၊ တစ်အုပ်လုံးအနေနဲ့ဖြစ်စေ ဘာသာစကား ၂,၇၀၀ ခန့်နဲ့ရနိုင်ပါပြီ။ ဒါက ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကျမ်းစာကို မိခင်ဘာသာစကားနဲ့ ဖတ်ရှုနိုင်ကြောင်း ဖော်ပြတယ်။

ပုံနှိပ်ထုတ်ဝေခြင်း– မူရင်းကျမ်းစာသားတွေကို သားရေ၊ ကျူစာတို့လို ပျက်စီးလွယ်တဲ့ပစ္စည်းတွေပေါ်မှာ ရေးသားခဲ့တာပါ။ ကျမ်းစာကို လက်ဆင့်ကမ်းနိုင်ဖို့ ကျမ်းစာသားတွေကို အကြိမ်ကြိမ် ဂရုတစိုက် လက်နဲ့ကူးရေးခဲ့ကြရတယ်။ အဲဒီလိုလက်ရေးစာမူတွေဟာ စျေးကြီးလွန်းလို့ လူအနည်းစုပဲ ဝယ်နိုင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် ၅၅၀ ကျော်မှာ ဂူတင်ဘာ့ဂ်က ပုံနှိပ်စက်ကို တီထွင်လိုက်လို့ ကျမ်းစာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်လာတယ်။ လေ့လာချက်တစ်ခုအရ ကျမ်းစာ တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အုပ်ရေပေါင်း ၅ ဘီလီယံကျော်ထုတ်ခဲ့မှန်း သိရတယ်။

ဖော်ပြခဲ့တဲ့ကဏ္ဍတွေမှာ ကျမ်းစာကို ဘယ်ဘာသာရေးစာအုပ်မှ မနှိုင်းယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကျမ်းစာဟာ သိနားလည်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျမ်းစာကိုနားလည်နိုင်ဖို့ အခက်အခဲရှိနိုင်ပေမဲ့ အကူအညီလည်း ရှိပါတယ်။ ဘယ်က အကူအညီရမလဲ။ သင်ကော ဘယ်လိုအကျိုးရနိုင်မလဲ။ နောက်ဆောင်းပါးမှာ အဖြေရှာကြပါစို့။