မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြိုင်ဘက်​ကင်း​သော စာအုပ်​တစ်အုပ်

ပြိုင်ဘက်​ကင်း​သော စာအုပ်​တစ်အုပ်

“သမ္မာကျမ်းစာ​သည် သမိုင်း​တွင် အဖြန့်ဝေရဆုံး​စာအုပ် ဖြစ်၏။”—ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း။

လွန်ခဲ့သော​နှစ်ပေါင်း ၅၅၀ ကျော်​က ဂျာမန်​လူမျိုး တီထွင်သူ ယို​ဟန်​နတ်​စ် ဂူ​တင်​ဘာ့ဂ်​သည် ခဲ​စာလုံး​အရှင်​ဖြင့် ပုံနှိပ်ခြင်း​ကို အစပြု​ခဲ့​သည်။ ၎င်း​၏​ပုံနှိပ်​စက်​မှ​ထွက်ပေါ်​လာသော ပထမ​ဆုံး အထင်ကရ​စာအုပ်​မှာ သမ္မာကျမ်းစာ​ပင်​ဖြစ်သည်။ * ထို​အချိန်​မှ​စ၍ အကြောင်းအရာ​မျိုးစုံ​ဖြင့် စာအုပ်​ဘီလီယံပေါင်း​များစွာ ပုံနှိပ်​ထုတ်ဝေ​ခဲ့​ကြသည်။ သို့သော် ရှိရှိသမျှ​သော​စာအုပ်​များ​တွင် သမ္မာကျမ်းစာ​သည် အသာလွန်ဆုံး​ဖြစ်၏။

  • သမ္မာကျမ်းစာ​ကို (တစ်အုပ်လုံး​ဖြစ်စေ၊ အစိတ်အပိုင်း​လိုက်​ဖြစ်စေ) အုပ်ရေ ၄.၇ ဘီလီယံ​ကျော် ပုံနှိပ်​ထုတ်ဝေ​ခဲ့​ပြီး​ဖြစ်သည်ဟု ခန့်မှန်း​ရ၏။ ယင်းသည် ဒုတိယ​အဖြန့်ဝေရဆုံး​စာအုပ် (Quotations From Chairman Mao) ၏​အရေအတွက်​ထက် ငါး​ဆ​ကျော်​ပို​များသည်။

  • မကြာသေးမီ​က တစ်နှစ်​အတွင်း​၌​ပင် သမ္မာကျမ်းစာ​ကို တစ်အုပ်လုံး​ဖြစ်စေ၊ အစိတ်အပိုင်း​လိုက်​ဖြစ်စေ အုပ်ရေ သန်း ၅၀ ကျော် ဖြန့်ဝေ​ခဲ့​၏။ “သမ္မာကျမ်းစာ​သည် ယင်း​နှစ်​တွင်​သာမက နှစ်စဉ်​ပင် အရောင်း​ရ​ဆုံး​စာအုပ်​ဖြစ်၏” ဟု The New Yorker မဂ္ဂဇင်း​ပါ သတင်း​တစ်ပုဒ်​က​ဆို​သည်။

  • သမ္မာကျမ်းစာ​ကို တစ်အုပ်လုံး​ဖြစ်စေ၊ အစိတ်အပိုင်း​လိုက်​ဖြစ်စေ ဘာသာ​စကား​ပေါင်း ၂,၄၀၀ ကျော်​ဖြင့် ဘာသာ​ပြန်ဆို​ခဲ့ပြီ။ မည်သို့​ပင်​ဖြစ်စေ သမ္မာကျမ်းစာ​အစိတ်အပိုင်း​တချို့​ကို လူ့​မိသားစု ၉၀ ရာခိုင်နှုန်း​ကျော် ပြောဆို​ကြ​သည့် ဘာသာ​စကား​ဖြင့် ရရှိနိုင်​ပါ​သည်။

  • သမ္မာကျမ်းစာ​ကို​ရေးသားသူ ထက်ဝက်​ခန့်​သည် ၎င်းတို့၏ ကျမ်းစောင်​များ​ကို ထင်ပေါ်​ကျော်ကြား​သော တရုတ်​ပညာရှိ ကွန်ဖြူးရှပ်​နှင့် ဗုဒ္ဓ​ဘာသာ​ကို​တည်ထောင်​ခဲ့​သူ သိ​ဒ္ဓတ္ထ​ဂေါတမ​တို့ မမွေး​မီ​ကတည်းက ရေးသား​ပြီးစီး​ခဲ့​သည်။

  • သမ္မာကျမ်းစာ​သည် ကမ္ဘာ့​အပြောင်မြောက်ဆုံး​သော ပန်းချီကား​များ၊ တေးဂီတ​နှင့် စာပေ​များ​အပါအဝင် အနု​သု​ခု​မ​ပညာ​အပေါ် အလွန်​သြဇာညောင်း​ခဲ့ပြီ။

  • သမ္မာကျမ်းစာ​သည် အာဏာပိုင်​များ​၏ တားမြစ်​ပိတ်ပင်​မှုများ၊ ဘာသာရေး​ဆန့်ကျင်သူ​များ​၏ မီးရှို့​ဖျက်ဆီးမှု​များနှင့် ဝေဖန်ရေး​သမားများ​၏ တိုက်ခိုက်မှု​များ​ကို ကြံ့ကြံ့ခံ​ခဲ့ပြီ။ သမိုင်း​တွင် အခြား​မည်သည့်​စာအုပ်​မျှ ဤမျှ​ကြီးမားသော​ဆန့်ကျင်မှု​နှင့် မကြုံ​ခဲ့​ရသကဲ့သို့ ဤမျှ​တည်တံ့​နိုင်စွမ်း​လည်း မရှိခဲ့​ကြ​ပေ။

အထက်​ဖော်ပြ​ပါ​အချက်အလက်​များ​မှာ အလွန်​ထူးခြား​သည်မဟုတ်​ပေ​လော။ သမ္မာကျမ်းစာ​သည် ယုံကြည်​စိတ်ချ​ထိုက်​ကြောင်း မှတ်သား​လောက်​သော အသေးစိတ်​အချက်အလက်​များနှင့် ကိန်း​ဂဏန်း​များ​က​သာ သက်သေထူ​သည်မဟုတ်​ပါ။ နောက်​ဆောင်းပါး​တွင် သမ္မာကျမ်းစာ​သည် ယုံကြည်​စိတ်ချ​ထိုက်​ကြောင်း သန်းပေါင်း​များစွာသော​သူတို့ လက်ခံရ​သည့် အကြောင်းရင်း​ငါး​ရပ် ကို သုံးသပ်ပါ​မည်။

^ အပိုဒ်၊ 3 ဂူ​တင်​ဘာ့ဂ်​ပုံနှိပ်​ခဲ့​သည့်​သမ္မာကျမ်းစာ​သည် လက်တင်​ဘာသာ​ဖြင့်​ဖြစ်​ပြီး ၁၄၅၅ ခုနှစ်​ခန့်​တွင် ပြီးစီး​ခဲ့​၏။