မြန်မာ
သမ္မာကျမ်းစာပါ အကြံပြုချက်များကို သင် အားထားနိုင်သလော
/assets/ct/d71826a198/images/syn_placeholder_sqr.png
န ၁၁/၀၇ စာ. ၁၉-၂၁
သမ္မာကျမ်းစာပါ အကြံပြုချက်များကို သင် အားထားနိုင်သလော

သမ္မာ​ကျမ်းစာ​ပါ အကြံပြုချက်များ​ကို သင် အားထား​နိုင်​သလော

‘ဒီ​ပုဂ္ဂိုလ်​ပြော​တာတွေကို ငါ ယုံ​သင့်​သလား။’ အရောင်း​ဝန်ထမ်း​တစ်ဦး​က သင့်​အား ကားဟောင်း​တစ်စီး​ရော​င်း​ရန် ကြိုးစား​သောအခါ၊ နိုင်ငံရေးသမား​တစ်ဦး​က ရွေးကောက်​ပွဲ​အတွက် စည်းရုံး​ရေး​ကင်ပိန်း​တစ်ခု​တွင် ကတိ က​ဝတ်များ​ပြုသော​အခါ သင့်ကိုယ်​သင် အထက်ပါ​အတိုင်း​မေး​ပေမည်။ တန်ဖိုး​မရှိသော ပစ္စည်း​များနှင့် အချက်အလက်​များ​အတွက် သင့်ငွေ သို့​မဟုတ် အချိန်ကို အလဟဿ​ဖြုန်းတီး​လို​မည်​မဟုတ်​ချေ။

သင် ဤသို့​တွေး​ပေမည်– ‘သမ္မာကျမ်းစာ​မှာ ငါ​သင်ယူ​သင့်တဲ့​အချက်​တွေ ရှိသလား။ အကယ်၍ ဒီ​စာအုပ်​ကို ငါ​ဖတ်ရှု​လေ့လာ​မယ်​ဆိုရင် ငါ့​အချိန်နဲ့ အားထုတ်မှု​အတွက် အကျိုးနပ်​မယ်​ဆိုတာ သေချာ​ပါ့​မလား။ ဤ​မေးခွန်း​၏​အဖြေကို ကျမ်းစာ​ကိုယ်တိုင် ကျမ်းပိုဒ်​တစ်​ပိုဒ်​တွင် ဤသို့​ဖြေဆို​သည်– “ဉာဏ်ပညာ​တော်​သည် မှန်ကန်ကြောင်း​ကို ထို​ပညာတော်​မှ သက်ရောက်​လာ​သည့်​အကျိုး​တရား​များ​က သက်သေပြ​ကြ​၏။” (မဿဲ ၁၁:၁၉ခ​မ) မှန်ပါသည်၊ တစ်စုံတစ်ရာ​သော အကြံပြုချက် သို့​မဟုတ် “ဉာဏ်ပညာ” ကို လူ​တို့​ဆည်းပူး​၍ ကျင့်သုံး​ခြင်း​မှ ရရှိသော​အကျိုးကျေးဇူးများ​က ယင်း​အကြံပြုချက် အကျိုးရှိ​မရှိ​ကို သက်သေပြ​သည်။ အောက်ပါ​တို့​မှာ သမ္မာကျမ်းစာ​ကို အချိန်​ယူ​လေ့လာ​ခဲ့​ကြ​သည့်​ပုဂ္ဂိုလ်​တို့၏ ကိုယ်တိုင်​ပြောဆိုချက်​များ​ဖြစ်သည်။ သူတို့၏​စကား​များ​က ထူးခြားသည့် ၎င်း​စာအုပ်​ကို သင် ဖတ်ရှု​လေ့လာ​သင့်​မသင့် ဆုံးဖြတ်​ရန် အထောက်အကူ​ပြု​ပါ​လိမ့်​မည်။

သေခြင်း၊ သေလွန်​ပြီး​နောက်​နှင့်​ပတ်သက်သော မေးခွန်းများ

များ​မကြာမီ​အချိန်​က ကယ်​ရင်​၏​မိခင် ဆုံးပါး​သွားခဲ့သည်။ အမေရိကန်​တွင် နေထိုင်ခဲ့​သူ​ကယ်​ရင်​သည် လူကောင်း​များ​သေလွန်​သွားသော​အခါ ကောင်းကင်ဘုံ​သို့​ရောက်သွား​ကြသည်​ဟု ငယ်​စဉ်​ကတည်းက ယုံကြည်ခဲ့​၏။ ဤ​ယုံကြည်ချက်​က သူ့ကို နှစ်သိမ့်မှု​အနည်းငယ် ပေး​သည်။ ‘အခု အမေက ကောင်းကင်ဘုံ​ရောက်သွား​ပြီ​ဆိုတော့ သူ​ဘယ်လို​ပုံစံ​ရှိနေ​မလဲ။ ငါ အဲဒီကို ရောက်သွား​ရင်၊ အကယ်၍ ရောက်သွား​ခဲ့ရင် သူ့ကို ဘယ်လို​ရှာ​ရမလဲ။ ငါ​သေသွား​ရင် တခြား​တစ်​နေရာ​ရာ​ကို​များ ရောက်သွား​မလား’ ဟု​သူ​စဉ်းစားမိ​သည်။

ကယ်​ရင်​သည် ယေဟောဝါသက်သေ​များနှင့်​အတူ ကျမ်းစာ​ကို သေသေချာချာ စတင်​လေ့လာ​ခဲ့​သည်။ သေ​သွန်​သူများ​သည် ကောင်းကင်ဘုံ​သို့​မသွား​ဘဲ နှစ်နှစ်​ခြိုက်​ခြိုက်​အိပ်ပျော်​နေသည်​နှင့်​တူ​ကြောင်း သူ​လေ့လာ​သိရှိ​ခဲ့​ရသည်။ ဒေ. ၉:၅ တွင် “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ” ဟု​ဖော်ပြ​ထား​သည်။ သို့​ဆိုလျှင် သူ မိခင်​နှင့် ပြန်တွေ့​နိုင်​ပါ​ဦး​မည်​လော။

“ဤ​အမှုအရာ​ကို​အံ့သြခြင်း​မရှိကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော် [ခရစ်တော်] ၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့” ဟူသော သမ္မာကျမ်းစာ​မှ ရှင်းလင်း​သည့်​ဖော်ပြချက်​က သူ့​အား နှစ်သိမ့်မှု​နှင့် မျှော်လင့်ချက်​ရရှိစေ​သည်။ (ယောဟန် ၅:၂၈၊ ၂၉) သမ္မာကျမ်းစာ​ကို မှုတ်သွင်း​တော်​မူ​သော ဘုရားသခင်​သည် သေလွန်သူ​များ​အား မိမိ၏​သားတော်​အားဖြင့် ဤ​မြေကြီးပေါ်​တွင် အသက်ပြန်ရှင်​စေမည်​ဆို​သည်ကို ကယ်​ရင် သိခဲ့​၏။ “သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနဲ့​ပတ်သက်​တဲ့ သမ္မာကျမ်းစာ​သွန်သင်ချက်​တွေ​က အလွန်​အဓိပ္ပာယ်​ရှိပြီး ကျိုးကြောင်း​ညီညွတ်မှု​ရှိတယ်” ဟု​သူက ဆို​ခဲ့​သည်။

မည်သည့်​ဝတ်ပြုနည်း​က မှန်ကန်​သနည်း

ရိုမေးနီးယား​မိန်းကလေး​တစ်ဦး​ဖြစ်သူ အင်​ဂျဲ​လာ​သည် အသက် ၁၄ နှစ်အရွယ်​တွင် ပဲ​န်​တီ​ကော​စ​တယ်​လ်​ဓမ္မ​ဆရာ​တစ်ဦး​က သူ့​အား သန့်ရှင်းသော​စွမ်းအားတော်​ရ​ရန် ဆုတောင်းပေး​ခဲ့​ပြီး​နောက် သူသည် ဘာသာ​စကား​အမျိုးမျိုးကို စတင်​ပြောဆို​တော့​သည်။ သို့သော် သူ၏​မိဘများ​က ပဲ​န်​တီ​ကော​စ​တယ်​လ်​သွန်သင်ချက်​များသည် သမ္မာကျမ်းစာ​နှင့်​မကိုက်ညီ​ကြောင်း နားလည်​လာ​သည်။ ဤ​မိသားစု​သည် ဘာသာရေး​အခမ်းအနား​များ​တွင် မပါဝင်တော့​ဘဲ ယေဟောဝါ သက်သေ​များနှင့် ကျမ်းစာ​စလေ့လာ​သည်။

အစပိုင်း​တွင် အင်​ဂျဲ​လာ​စိတ်ပျက်​ခဲ့​သော်လည်း မကြာမီတွင် သူ၏​ယခင်​ဘာသာရေး​ဓလေ့​ထုံးတမ်းများ​သည် သမ္မာကျမ်းစာ​သွန်သင်ချက်​များနှင့် မကိုက်ညီ​ကြောင်း သိလာ​လေ​သည်။ ဥပမာ “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟူသော ယောဟန် ၁၇:၃ ကို​သူ​ဖတ်​ရသည်။ ဘုရားသခင့်​နှစ်သက်​လက်ခံမှု​ရသူ​သည် ဦးစွာ ကိုယ်တော်​နှင့်​ပတ်သက်သော​အသိပညာ​ရှိ​ရမည်ကို အင်​ဂျဲ​လာ သဘောပေါက်​လာ​သည်။ “ဘုရားသခင်​အကြောင်း ဘာမှ​မသိတဲ့​ကျွန်မ​က ဘယ်လို​လုပ်ပြီး ဘုရားသခင့်​စွမ်းအားတော်​ကို ထူးခြားတဲ့​နည်းနဲ့ ရရှိ​မှာ​လဲ” ဟု​သူ​မေးခွန်းထုတ်​ခဲ့​သည်။ “ယေဟောဝါ​ဟာ သူ့​နှုတ်မြွက်တော်​အားဖြင့် စစ်မှန်​တဲ့​ဝတ်ပြုရေးကို တွေ့ရှိ​နိုင်အောင် ကျွန်မ​ကို ကူညီ​ပေး​ခဲ့​တဲ့​အတွက် ကိုယ်တော်​ကို ကျေးဇူး​တင်​တယ်” ဟု​ပြော​ခဲ့​သည်။

အသက်တာကို​ပြောင်းလဲ​စေသော အကြံပြုချက်

“ကျွန်တော်​က အရမ်း​စိတ်​တို​တတ်တယ်” ဟု​အိန္ဒိယ​မှ ဂါ​ဘရီ​ရ​ယ်​က​ပြော​သည်။ “ကျွန်တော်​စိတ်​တို​လာတဲ့အခါ အသံကုန်အော်​ဟစ်​တယ်၊ ပစ္စည်း​တွေ​ကို လွှင့်ပစ်​တဲ့​အပြင် လူတွေကိုလည်း ကိုယ်​ထိ​လက်ရောက်​ရိုက်ပုတ်​တယ်။ သမ္မာကျမ်းစာ​ကို​လေ့လာ​တာ​က ကျွန်တော့်​ဒေါသကို ထိန်းချုပ်​နိုင်​ဖို့ အကူအညီ​ဖြစ်စေ​တယ်။ အခု​ဆိုရင် အခြေအနေ​တင်းမာ​နေရင်တောင် ကျွန်တော် တည်တည်ငြိမ်ငြိမ်​ရှိတယ်။”

“စိတ်ရှည်သော​သူသည် ခွန်အား​ကြီးသော​သူ​ထက်​လည်းကောင်း၊ မိမိ​စိတ်​ကို​ချုပ်တည်း​သော​သူသည် မြို့ကို​တိုက်ယူ​သော​သူ​ထက်​လည်းကောင်း သာ၍​ကောင်း​၏” ဟူ​သည့် နယပုံပြင် ၁၆:၃၂ ကဲ့သို့​သော​ကျမ်းချက်​များ​ကို ဂါ​ဘရီ​ရ​ယ် ဖတ်ရှု​သည်။ ဒေါသ​စိတ်​ကို ချိုးနှိမ်​နိုင်​ခဲ့​သော ဒီ​ရာ့ခ်ျ​အမည်​ရှိ နောက်​ပုဂ္ဂိုလ်​တစ်ဦး​က “စိတ်​တိုတယ်​ဆိုတာ ပျော့​ညံ့​ခြင်း​ရဲ့​လက္ခဏာ​ဖြစ်​ပြီး ထိန်းချုပ်​နိုင်တယ်​ဆိုတာ ကြံ့ခိုင်​ခြင်း​ရဲ့​လက္ခဏာ​ဖြစ်တယ်​ဆိုတာ သိမြင်​လာအောင် အဲဒီ​ကျမ်းချက်​က​ပဲ ကျွန်တော့်​ကို ကူညီ​ပေး​ခဲ့​တယ်။”

ဖိလစ်​သည် တောင်​အာဖရိက​မှ လူဆိုးဂိုဏ်း​ဝင်​တစ်ဦး​ဖြစ်သည်။ တိုက်ခိုက်​ခြင်း၊ လုယက်​ခြင်း​နှင့် ရင့်သီး​ရိုင်းစိုင်း​စွာ ပြောဆိုခြင်း​သည် သူ့​ဘဝ​လမ်းစဉ်​၏ အစိတ်အပိုင်း​ဖြစ်​ခဲ့​သည်။ ပြစ်မှု​များ​ကြောင့် ထောင်​နန်းစံ​ခဲ့​ရ၏။ သို့သော် ဖိလစ်​သည် မိမိ၏​ဘဝ​ပုံစံ မည်သို့​ဖြစ်နေ​စေ​ကာ​မူ ဘုရားသခင်​အား သိလိုစိတ်​ပြင်းပြ​ခဲ့​သည်။ သူသည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​ပြီး​နောက် ဘုရားသခင်​၏​အမှုတော်​ဆောင်​လို​သည့်​ဆန္ဒ ပေါ်ပေါက်​လာပြီး သူ့​အသက်တာကို ပြုပြင်​ပြောင်းလဲ​ရန် ဆုံးဖြတ်​ခဲ့​သည်။ အကျင့်ဆိုး​များ​ကို ဆက်​မကျင့်​တော့​ဘဲ သူ၏​ရာဇဝတ်ဂိုဏ်း​သား​အပေါင်းအသင်း​များနှင့် အဆက်အသွယ်​ဖြတ်လိုက်​သည်။ အဘယ်​သမ္မာကျမ်းစာ​အမှန်တရား​များ​က သူ့​အား ဤသို့​ပြောင်းလဲ​အောင် လှုံ့ဆော်ပေး​ခဲ့​သနည်း။

ယေဟောဝါသက်သေ​များသည် သူ့​အား ယောဟန် ၆:၄၄ ပါ​ယေရှု၏​စကား​များ​ကို ပြ​ခဲ့​သည်။ “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်” ဟု​ဖတ်​ရ၏။ “ယေဟောဝါ​က ကျွန်တော့်​မှာ​ရှိတဲ့ ကောင်းကွက်​တစ်ခုခု​ကို မြင်တွေ့ခဲ့​ပြီး ကျွန်တော့်​ကို ကိုယ်တော့်​လူမျိုး​ဖြစ်​တဲ့ ဒီ​ညီအစ်ကို​အသင်းအပင်း​ဆီ​ကို ပို့ဆောင်​ခဲ့​တယ်” ဟု​ဖိလစ်​က​ပြော​သည်။ ဖိလစ်​သည် နောင်တ​ရသော အမှား​ပြုသူ​များ​အပေါ်​ထား​သည့် ယေဟောဝါ​၏​ကြင်နာ​မှု​နှင့်​ပတ်သက်သော ကျမ်းစာ​မှတ်တမ်းများ​ကိုလည်း နှလုံး​သွင်း​ခဲ့​သည်။ “ဒီ​မှတ်တမ်းတွေက နောင်တ​ရတဲ့​မစုံလင်သူ​တွေ​နဲ့ ဆက်ဆံ​ရာ​မှာ ယေဟောဝါ​ရဲ့ အကျိုးသင့်အကြောင်းသင့်​ရှိ​မှု​ကို မြင်​လာအောင် ကျွန်တော့်​ကို ကူညီ​ပေး​တယ်” ဟု​ဖိလစ်​က​ပြော​သည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၁-၁၄; ဆာလံ ၅၁

ဝိတ်ဒ်​အမည်​ရှိ ဩစတြေးလျ​လူငယ်​တစ်ဦး​သည် အရက်​နှင့် မူးယစ်​ဆေးဝါး​များ​ကို အလွန်အကျွံ​သုံးစွဲ​ကာ လောင်းကစားခြင်း​နှင့် အကျင့်ပျက်​ပြား​မှုများ​စွာ​တွင် ပါဝင်​ခဲ့​သည်။ သို့သော် သူ မပျော်ရွှင်​ခဲ့​ချေ။ တစ်နေ့​တွင် ဝိတ်ဒ်​သည် ယေဟောဝါသက်သေ​များနှင့် စကားပြော​ခဲ့​ပြီး အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကို လက်ခံခဲ့သည်။ သူ အဘယ်အရာကို သင်ယူ​ခဲ့​သနည်း။

“တခြား​သူတွေနဲ့ ယေရှု ဆက်ဆံပုံ​က ကျွန်တော့်​ကို အရမ်း​ထိမိ​ခဲ့​တယ်” ဟု​ဝိတ်ဒ်​က ပြောပြ​သည်။ “ကိုယ်တော်​ဟာ ကလေး​အပါအဝင် လူအားလုံးကို ကြင်ကြင်နာနာ​ဆက်ဆံ​ပြီး မေတ္တာပြ​ခဲ့​တယ်။ သူ့​အကြောင်း​လေ့လာ​လေ သူနဲ့ ပို​တူ​ချင်​လေ ဖြစ်လာ​တယ်။ တကယ့်​ယောက်ျား​ပီသ​အောင် ဘယ်လို​နေ​ရမယ်၊ ကျွန်တော့်​ရဲ့ အကျင့်​စရိုက်​တွေ​ကို ဘယ်လို​ပြုပြင်​ပြောင်းလဲ​ရမယ်ဆိုတာ​တွေ​ကို သမ္မာကျမ်းစာ​က သင်ပေးတယ်” ဟု ဝိတ်ဒ်​က​ဆို​သည်။ သူ​ပြုလုပ်​ခဲ့​သော မကောင်းမှု​များနှင့်​ပတ်သက်​၍​ကော မည်သို့​ဆို​မည်​နည်း။ “အကယ်၍ အမှားတွေ​အတွက် ကျွန်တော်​တကယ်​နောင်တ​ရပြီး အကျင့်ဆိုးတွေကို ပြုပြင်​မယ်​ဆိုရင် ကျွန်တော့်​ကို ဘုရားသခင် ခွင့်လွှတ်​မယ်​လို့ သမ္မာကျမ်းစာ​က သင်ပေးတယ်၊ တကယ်​ဆိုရင် ကျွန်တော်​ဟာ မြေကြီး​ပရဒိသု​မှာ ထာဝစဉ်​နေသွား​လို့​ရတယ်။ နောက်ဆုံး​တော့ ကျွန်တော့်​မှာ အနာဂတ်​မျှော်လင့်ချက် ရှိပြီ” ဟု ဆက်​ပြော​သည်။ (မဿဲ ၅:၅) ဝိတ်ဒ်​သည် သူ့​အသက်တာကို ပြုပြင်​ပြောင်းလဲ​ခဲ့​ပြီး ယခု​အခါ ကြည်လင်​သော​ကိုယ်ကိုကိုယ်သိစိတ်​ဖြင့် ယေဟောဝါ​အား ဝတ်ပြု​နေပြီ​ဖြစ်သည်။

သင် ယခု​ဖတ်​ခဲ့​ရာ​များ​မှာ မိမိတို့၏​အသက်တာကို တိုးတက်​ပြောင်းလဲ​လို​သည့် ပုဂ္ဂိုလ်​များ​၏ ထုတ်ဖော်​ပြောဆိုချက်​များ​ဖြစ်သည်။ ဤ​သူတို့သည် ကျမ်းစာ​သွန်သင်ချက်​များ​က မိမိတို့၏​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​နိုင်​ခြင်း​ရှိမရှိ​နှင့် မေးခွန်းများကို ဖြေဆို​ပေး​နိုင်​ခြင်း​ရှိမရှိ သိရှိ​ရန် သမ္မာကျမ်းစာ​ကို စေ့စေ့စပ်စပ် လေ့လာ​ခဲ့​ကြ​သူများ​ဖြစ်သည်။ သူတို့​ရရှိခဲ့​သော ရလဒ်ကောင်း​များ​ကြောင့် သမ္မာကျမ်းစာ​၏​လက်တွေ့ကျ​လမ်းညွှန်မှု​များသည် အားထား​ထိုက်​ကြောင်း ယုံကြည်​လက်ခံ​လာ​ကြသည်။ အသင်​လည်း အားထား​နိုင်​ပါ​သည်။

“ဉာဏ်ပညာ​ကို​ရှာ၍​ရသော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား ပညာ​ကုန်သွယ်​ခြင်း​သည် ငွေ​ကုန်သွယ်​ခြင်း​ထက် သာ၍​ကောင်း​၏။ ပညာ​ကုန်သွယ်​၍​ရသော​အမြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း​၏။ ပညာ​သည် ပတ္တမြား​ထက်​သာ၍ အဖိုးထိုက်​ပေ​၏။ နှစ်သက်ဖွယ်​သမျှ​သော​အရာ​တို့သည် ထို​ရတနာ​ကို မ​ပြိုင်​နိုင်​ကြ။ သူ၏​လက်ယာလက်​၌ အသက်တာ​ရှည်​သော​ကာလ၊ လက်ဝဲလက်​၌ စည်းစိမ်​နှင့်​ဂုဏ်​အသရေ​ရှိ၏။ ပညာ​လမ်း​တို့သည် သာယာသော​လမ်း၊ ပညာ​လမ်းခရီး​ရှိသမျှ​တို့သည် ငြိမ်​ဝပ်​လျက်​ရှိကြ​၏။ ပညာ​ကို​ကိုင်ဆွဲ​သော​သူသည် အသက်​ပင်ကို​ရပြီ။ လက်မလွှတ်​သော​သူသည် မင်္ဂလာ​ရှိ၏” ဟု လွန်​လေ​ပြီး​သော​နှစ်များ​စွာ​ကတည်းက မှုတ်သွင်းခံကျမ်း​တွင် ဖော်ပြ​ထား​၏။—သု. ၃:၁၃-၁၈

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သမ္မာကျမ်းစာ​က အကျဉ်းသား​တစ်ဦး​အား ကူညီ​ပေး​ခဲ့​ပုံ

ဘီလ်​အမည်​ရှိ အမျိုးသား​တစ်ဦး​သည် အလွန်​ပျော်ရွှင်သော အိမ်ထောင်သည်​တစ်ဦး​ဖြစ်၏။ သို့သော် ပထမ မင်္ဂလာ​နှစ်ပတ်လည်​နေ့​မရောက်မီ​ပင် သူသည် ယခင်​နှစ်များ​က ကျူးလွန်​ခဲ့​သော​ပြစ်မှု​များ​ကြောင့် ထောင်ကျ​သွားလေသည်။

လွတ်လပ်မှု​မရှိသည့်​အခြေအနေ​နှင့် အသားကျ​သွားသော​အခါ ဘီလ်​သည် ရှည်လျား​လှ​သည့်​အချိန်​များ​ကို အကျိုးရှိရှိ​အသုံးချ​ရန် ဆုံးဖြတ်​လိုက်​သည်။ “ကျွန်တော့်​ရဲ့ ခုတင်​ကျဉ်း​ကျဉ်း​လေး​ပေါ်မှာ​ပဲ​နေပြီး သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​တယ်” ဟု​သူက​ဆို​၏။ ထို့ ပြင် လေ့လာ​သိရှိ​ခဲ့​သမျှ​ကို လက်တွေ့​ကျင့်သုံး​ခဲ့​သည်။ “ကျွန်တော် သူတို့​လို မကောင်းမှုတွေ မလုပ်ချင်ဘူး​ဆိုတာ​ကို သိမြင်​လာတဲ့ အကျဉ်းသား​ဖော်​တွေ​နဲ့ ကြင်ကြင်နာနာ ရင်းရင်းနှီးနှီး​ဆက်ဆံ​တယ်။ ‘ဘီလ်​က ဘုရားသခင်​ကို သိကျွမ်း​အောင်​လုပ်ဖို့ သူ့​အချိန်တွေကို အသုံးပြုတယ်၊ တခြား​လူတွေကို ပြဿနာ​မ​ရှာ​ဘူး’ ဆိုပြီး ကျွန်တော့်​အကြောင်း သူတို့​ပြောတတ်​ကြတယ်။

“ကျွန်တော့်​ရဲ့​နာမည်​ကောင်း​ကြောင့် တခြား​အကျဉ်းသားတွေ​က သူတို့ရဲ့ အငြင်းပွားမှုတွေ၊ တခြား ပြဿနာ​တွေ​မှာ ကျွန်တော့်​ကို ဆွဲ​မ​ထည့်ကြ​ဘူး။ ကျွန်တော် သူတို့ကို အခက်တွေ့​အောင်​မ​လုပ်​ဘူးဆို​တာ အစောင့်​တွေ​သိ​လာကြတယ်။ ရလဒ်အနေနဲ့ တစ်နေ့တာ​ရဲ့ အချိန်​အတော်များများကို အကျဉ်းသား​အများစု​နဲ့ ဝေး​တဲ့​နေရာမှာ အလုပ်လုပ်​ခွင့်​ရအောင် ကျွန်တော့်​ကို ထောက်ခံ​ပေး​ကြတယ်။ ကျွန်တော့်​ရဲ့​အသက်တာမှာ သမ္မာကျမ်းစာ​သွန်သင်ချက်​တွေ​ကို လက်တွေ့​ကျင့်သုံး​တဲ့​အတွက် အကာအကွယ်​အများကြီး​ရရှိခဲ့တယ်။”

ဘီလ်​သည် ထောင်​ထဲ​တွင်​ကျင်းပ​သော ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​ကို​တက်ပြီး သူ လေ့လာ​ခဲ့​ရ​သမျှ​ကို အခြား​အကျဉ်းသားများအား ထက်ထက်သန်သန်​ဝေမျှ​သည်။ သူသည် ထောင်ကျ​နေစဉ်​ပင် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် နှစ်ခြင်း​ခံ​ခဲ့​သည်။ ရှေးဟောင်း​နှောင်း​ဖြစ်​များ​ကို ပြန်ပြောင်း​ပြောပြ​ရာ​တွင် သူက “ကျွန်တော် အနှစ် ၅၀ နီးပါး အချိန်ဖြုန်း​ခဲ့​ပြီးပြီ၊ ကျွန်တော် တိုးတက်​အောင်​လုပ်ချင်​တယ်။ အကျဉ်းသား​တစ်ဦး​လုပ်နိုင်တဲ့ တစ်ခု​တည်း​သော​အရာ​က သမ္မာကျမ်းစာ​သွန်သင်ချက်​တွေ​ကို ကျင့်သုံး​ခြင်း​ပဲ​ဆိုတာ ကျွန်တော်​ယုံကြည်တယ်။ သမ္မာကျမ်းစာ​ကို တိကျ​မှန်ကန်​စွာ သင်ယူနိုင်တဲ့​နည်းလမ်း​က ယေဟောဝါသက်သေ​တွေ​နဲ့ လေ့လာခြင်း​ပဲ​ဖြစ်တယ်။ သမ္မာကျမ်းစာ​အမှန်တရားကို သွန်သင်​ပေး​တဲ့ တစ်ခု​တည်း​သော ဘာသာ​တရား​က သူတို့ရဲ့​ဘာသာ​ပဲ။ အဲဒါ ရှင်းရှင်း​လေး​ပါ။”

ဘီလ်​သည် ထောင်​မှ​လွတ်​လာပြီး​နောက် ယခု အမေရိကန်​ရှိ ယေဟောဝါသက်သေ​များ​၏​အသင်းတော် တစ်ခု​တွင် တက်တက်ကြွကြွ အမှုဆောင်​နေသည်။ သူနှင့် သူ၏​ဇနီးသည် ဘုရားသခင့်​နှုတ်မြွက်တော်​ကို ဆက်လက်​လေ့လာ​ကြ​ပြီး ယင်း​၏​သွန်သင်ချက်​အတိုင်း နေထိုင်ကြ​သည်။ သူတို့သည် ဟေရှာယ ၄၈:၁၇၊ ၁၈ တွင် တွေ့ရ​သော​အချက်​ကို အလွန်​နှစ်သက်​ကြသည်– ‘သင့်ကို​ရွေးနုတ်သော​သူ၊ ဣသရေလ​အမျိုး​၏ သန့်ရှင်းသော​အရှင် ထာဝရ​ဘုရားသခင်​မိန့်တော်မူသည်​ကား ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ထာဝရ​ဘုရားသခင်​ဖြစ်၏။ သင်သည် ငါ​၏​ပညတ်​တို့ကို စောင့်ရှောက်​ပါစေ​သော။ သို့ ပြု​လျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​လည်းကောင်း၊ သင်၏​ဖြောင့်မတ်ခြင်း​သည် သမုဒ္ဒရာ​လှိုင်း​တံပိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ရ​လိမ့်​မည်။’

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကယ်​ရင်၊ အမေရိကန်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အင်​ဂျဲ​လာ၊ ရိုမေးနီးယား

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဂါ​ဘရီ​ရ​ယ်၊ အိန္ဒိယ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဒီ​ရာ့ခ်ျ၊ အိန္ဒိယ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖိလစ်​နှင့် သူ၏​မိသားစု၊ တောင်​အာဖရိက

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဝိတ်ဒ်၊ ဩစတြေးလျ