မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ်အမှုတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

အံ့ဖွယ်အမှုတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

အံ့ဖွယ်အမှုတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

“အံ့ဖွယ်အမှုဆိုတာ သိပ္ပံပညာရပ်ဆိုင်ရာ မူတွေကို ချိုးဖောက်တဲ့ ဖြစ်ရပ်တွေလို့ ပြောရမယ်။” —ရစ်ချတ် ဒေါ်ကင်စ်၊ သိပ္ပံပညာရပ်ဆိုင်ရာ ပါမောက္ခဟောင်း၊ အောက်စ်ဖို့ဒ်တက္ကသိုလ်။

“အံ့ဖွယ်အမှုတွေကို ယုံကြည်တာက ဆင်ခြင်တုံတရားနဲ့ ညီတယ်။ အံ့ဖွယ်အမှုတွေက ဘာသာရေးယုံကြည်ချက်တွေနဲ့ မဆန့်ကျင်ဘူး။ ဘုရားသခင်က သူဖန်ဆင်းထားရာတွေအပေါ် မေတ္တာရှိတယ်၊ ဖန်ဆင်းခြင်းလုပ်ငန်းမှာ ဘုရားသခင် ဆက်ပါဝင်နေတယ်ဆိုတာကို ဖော်ပြတဲ့အရာတွေပါ။” —ရောဘတ် အေ. လာမာ၊ အတွေးအခေါ်ဆိုင်ရာ ပါမောက္ခ၊ ကနေဒါ။

“အံ့ဖွယ်အမှုတွေကို သင်ယုံကြည်ပါသလား။” အထက်ပါကိုးကားချက်တွေကိုကြည့်ရင် အမြင်အမျိုးမျိုးရှိနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သင်ကော

“ယုံပါတယ်” လို့ ဖြေဆိုဖို့ သင် တွန့်ဆုတ်နေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အံ့ဖွယ်အမှုကို ယုံကြည်ရင် အယူသီးတဲ့သူ ဒါမှမဟုတ် ပညာမတတ်တဲ့သူဆိုပြီး အထင်ခံရမှာစိုးလို့ ဖြစ်နိုင်ပါတယ်။ လူအတော်များများ အဲဒီလိုပဲ ခံစားကြရတယ်။

ဒါမှမဟုတ်ရင်လည်း သင်ဟာ အံ့ဖွယ်အမှုတွေ တကယ်ဖြစ်ပျက်ခဲ့တယ်လို့ ယုံကြည်တဲ့သူ ဖြစ်ပါလိမ့်မယ်။ ပင်လယ်နီကို မောရှေ နှစ်ခြမ်းခွဲလိုက်တဲ့ ဖြစ်ရပ်လိုမျိုး ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို သင် ယုံကြည်ပါလိမ့်မယ်။ အခုချိန်မှာလည်း အံ့ဖွယ်အမှုတွေ ဖြစ်နေတယ်ဆိုပြီးတော့ သင် ယုံကြည်တယ်။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ “အနောက်နိုင်ငံတွေမှာရှိတဲ့ လူအများစုက အံ့ဖွယ်အမှုကို ယုံကြည်ကြတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ အံ့ဖွယ်အမှုကို ယုံကြည်နေတဲ့သူက လူဦးရေရဲ့ လေးပုံသုံးပုံလောက်ရှိပြီး ဗြိတိန်မှာ ၃၈ ရာခိုင်နှုန်းရှိတယ်။” (The Cambridge Companion to Miracles, edited by Graham H. Twelftree) ဒါ့အပြင် ခရစ်ယာန်တွေလောက်ပဲ အံ့ဖွယ်အမှုကို ယုံကြည်တာမဟုတ်ပါဘူး။ စွယ်စုံကျမ်းတစ်ကျမ်း (Britannica Encyclopedia of World Religions) အရ အံ့ဖွယ်ဖြစ်ရပ်တွေကို ယုံကြည်တာက “ဘာသာတရားအားလုံးရဲ့ ထူးခြားတဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်။”

ဒါမှမဟုတ်ရင်လည်း သင်ဟာ ဒီလိုပြန်ဖြေမယ့် အုပ်စုထဲမှာ ပါဝင်နေပါလိမ့်မယ်– “အံ့ဖွယ်အမှုကို ငါ မသိဘူး။ ဂရုလည်း မစိုက်ဘူး။ ငါ့ဘဝမှာ အံ့ဖွယ်အမှုကို တစ်ခါမှလည်း မကြုံဖူးဘူး။” ဘယ်အုပ်စုထဲမှာပဲ သင် ပါဝင်နေပါစေ၊ အံ့ဖွယ်အမှုတွေနဲ့ပတ်သက်ပြီး သင် စိတ်ဝင်စားသင့်တဲ့ အကြောင်းရင်းရှိပါတယ်။

ဒီအခြေအနေကို သုံးသပ်ကြည့်ပါ– သင့်မှာ ကုသလို့မရတဲ့ ရောဂါတစ်ခု ရှိနေတယ်ဆိုပါစို့။ သင့်ရောဂါကို ကုသပေးနိုင်တဲ့ ဆေးအသစ်တစ်မျိုး ပေါ်လာပြီဆိုတဲ့အကြောင်း နာမည်ကြီး ဆေးဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ အနည်းဆုံးတော့ အဲဒီသတင်းမှန်မမှန် သိနိုင်အောင် အချိန်နည်းနည်းပေးပြီး လေ့လာကြည့်သင့်တယ် မဟုတ်ဘူးလား။ အဲဒီလိုပါပဲ၊ မကြာခင် အံ့ဩစရာဖြစ်ရပ်တချို့ ဖြစ်လာတော့မယ်ဆိုပြီး ကျမ်းစာမှာ ကတိပြုထားတယ်။ အဲဒီအံ့ဖွယ်အမှုတွေက ကမ္ဘာမှာရှိတဲ့လူတိုင်းအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။ ဒါကြောင့် အဲဒီကတိတွေကို ယုံကြည်စိတ်ချလို့ရမရဆိုတာ သိနိုင်အောင် သင့်အချိန်နဲ့ခွန်အား နည်းနည်းစိုက်ထုတ်ပြီး မလေ့လာသင့်ဘူးလား။

ဒါပေမဲ့ ကျမ်းစာမှာ ဖြစ်လာမယ်လို့ ကတိပြုထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေအကြောင်း မသုံးသပ်ခင် အံ့ဖွယ်အမှုတွေနဲ့ပတ်သက်ပြီး လူပြောအများဆုံး ကန့်ကွက်ချက်သုံးခုကို သုံးသပ်ကြည့်ကြစို့။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

အံ့ဖွယ်အမှုဆိုတာ ဘာလဲ

လူတွေသိထားတဲ့ ဖြစ်ရိုးဖြစ်စဉ်အတိုင်းမဟုတ်ဘဲ သာမန်ထက် ထူးခြားတဲ့ဖြစ်ရပ်ကို ခေါ်ဆိုပါတယ်။ များသောအားဖြင့် သဘာဝလွန် စွမ်းအားတစ်ခုခုလို့ လူတွေ ယူမှတ်ကြတယ်။