အိမ်ထောင်ရေး ဘာကြောင့် ပြိုကွဲရ

အိမ်ထောင်ရေး ဘာကြောင့် ပြိုကွဲရ

အိမ်ထောင်ရေး ဘာကြောင့် ပြိုကွဲရ

“ဖာရိရှဲတို့သည် [ယေရှု] ထံချဉ်းကပ်၍ ‘ယောက်ျားသည် မည်သည့်အကြောင်းဖြင့်မဆို မိမိမယားကို ကွာရှင်းအပ်သလော’ ဟုပရိယာယ်ဆင်၍ မေးမြန်းကြ၏။”—မဿဲ ၁၉:၃

ယေရှုခေတ်မှာ အသက်ရှင်ခဲ့သူတချို့က အိမ်ထောင်ရေးကို တည်မြဲစေရမလား ဒါမှမဟုတ် တည်မြဲစေသင့်သလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်။ သူတို့ကို ယေရှု ဒီလိုပြောခဲ့တယ်– “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်’ ဟုမိန့်တော်မူကြောင်းကိုလည်း မဖတ်ဖူးသလော။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” * (မဿဲ ၁၉:၄-၆) ဘုရားသခင်ဟာ အိမ်ထောင်ရေးကို ရာသက်ပန်တည်မြဲစေဖို့ ရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

ကနေ့ နိုင်ငံအတော်များများမှာ အိမ်ထောင်သည် ၄၀ ရာခိုင်နှုန်းနဲ့အထက်ဟာ “ခွဲ” နေကြပြီး ကွာရှင်းခြင်းနဲ့ အဆုံးသတ်လိုက်ကြတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကျမ်းစာအကြံပြုချက်က ခေတ်နောက်ကျနေပြီလား။ အိမ်ထောင်ရေးအစီအစဉ်ကိုယ်နှိုက်က ချွတ်ယွင်းချက်ရှိနေလို့ အောင်မြင်မှုမရနိုင်ကြတာလား။

ဒီဥပမာကို သုံးသပ်ကြည့်ပါ– ဇနီးမောင်နှံ နှစ်စုံဟာ အမျိုးအစားတူတဲ့ကားကို ကိုယ်စီဝယ်စီးကြတယ်။ တစ်တွဲက ကားကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းပြီး ဂရုတစိုက် မောင်းတယ်။ အဲဒါကြောင့် သူတို့ကားက မပျက်ဘူး။ နောက်တစ်တွဲကတော့ ကားကိုပြုပြင်ထိန်းသိမ်းဖို့ လုံ့လစိုက်ထုတ်ခြင်းမရှိဘူး၊ ကားကိုလည်း မဆင်မခြင် မောင်းတယ်။ အဲဒါကြောင့် သူတို့ကား ပျက်သွားတယ်။ ဒီလိုဖြစ်ရတာ ဘယ်သူ့ကြောင့်လဲ။ ကားကြောင့်လား၊ ပိုင်ရှင်ကြောင့်လား။ ပိုင်ရှင်မှာ တာဝန်ရှိတယ်ဆိုတာ သိပ်သိသာပါတယ်။

အဲဒီလိုပဲ၊ အိမ်ထောင်ရေးအတော်များများ ပြိုကွဲရတာဟာ အိမ်ထောင်ရေးအစီအစဉ်က တစ်နည်းနည်းနဲ့ ချွတ်ယွင်းနေလို့ဆိုတဲ့ သဘောမသက်ရောက်ပါဘူး။ အိမ်ထောင်ရေးအစီအစဉ်က မချွတ်ယွင်းနေဘူးဆိုတာကို အောင်မြင်နေတဲ့ အိမ်ထောင်သည် သန်းပေါင်းများစွာက သက်သေထူနေပါတယ်။ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကနေ တစ်ဦးချင်းစီ၊ မိသားစုတိုင်း၊ လူတိုင်းပါမကျန် အကျိုးရယူနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေး တည်မြဲချင်တယ်ဆိုရင် ကားတစ်စီးလိုပဲ ကောင်းကောင်း ဂရုစိုက်ပေးဖို့၊ အမြဲ ထိန်းသိမ်းသွားဖို့လိုပါတယ်။

သင်တို့ရဲ့အိမ်ထောင်သက်တမ်း ဘယ်လောက်ပဲရှိနေပါစေ ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် အိမ်ထောင်ရေးသာယာပြီး ခိုင်မြဲနေမှာဖြစ်ပါတယ်။ ဥပမာတချို့ကို နောက်စာမျက်နှာတွေမှာ သုံးသပ်ထားပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 သမ္မာကျမ်းစာအရ ကွာရှင်းဖို့ ခွင့်ပြုထားသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းဖြစ်သည်။—မဿဲ ၁၉:၉