မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

ကောက်သင်းကောက်တဲ့ဓလေ့ဆိုတာ ဘာလဲ၊ အဲဒီကနေ ဘယ်သူတွေ အကျိုးခံစားခဲ့ရသလဲ။

မောရှေပညတ်အရ လယ်သမားတွေ ကောက်ရိတ်သိမ်းတဲ့အခါ ပြောင်တလင်းခါအောင် မရိတ်သိမ်းရဘူး၊ လယ်ထောင့်တွေကို ချန်ပြီး ရိတ်သိမ်းရတယ်။ စပျစ်သီးဆွတ်ခူးတဲ့အခါမှာလည်း မြေကြီးပေါ်မှာ ပြန့်ကြဲပြီး ကျနေတဲ့ စပျစ်သီးတွေကို မကောက်သိမ်းရဘူး။ ပထမအကြိမ် ဆွတ်ခူးချိန်မှာ မမှည့်သေးလို့ဆိုပြီး ချန်ထားခဲ့တဲ့ စပျစ်သီးတွေကိုလည်း ပြန်မဆွတ်ရတော့ဘူး။ သံလွင်သီးတွေ ရိုက်ခြွေတဲ့အခါမှာလည်း မကြွေဘဲကျန်ခဲ့တဲ့ အသီးတွေကို ချန်ထားခဲ့ရတယ်။ (ဝတ်ပြုရာ ၁၉:၉၊ ၁၀; တရားဟောရာ ၂၄:၁၉-၂၁) အဲဒီလိုလုပ်တဲ့အတွက် ဆင်းရဲသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေနဲ့ တိုင်းတစ်ပါးသားတွေက အကြွင်းအကျန်တွေကို စုသိမ်း ဒါမှမဟုတ် ကောက်သင်းကောက်လို့ရသွားတယ်။

အစ္စရေးတစ်မျိုးသားလုံးဟာ ကောက်သင်းကောက်ခြင်းပညတ်ကနေ အကျိုးခံစားခဲ့ရပါတယ်။ မြေပိုင်ရှင်တွေလည်း ရက်ရောဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့၊ ဘုရားသခင့်ကောင်းချီးတွေကို အားထားတတ်ဖို့ အဲဒီပညတ်ကနေ အားပေးခံရကြတယ်။ ကောက်သင်းကောက်ခြင်းက ပင်ပန်းတဲ့အလုပ်ဖြစ်တဲ့အတွက် ကောက်သင်းကောက်တဲ့သူတွေအနေနဲ့လည်း အလုပ်ကြိုးစားဖို့ အားပေးခံရကြပါတယ်။ (ရုသ ၂:၂-၁၇) ကောက်သင်းကောက်ခြင်း အစီအစဉ်ကြောင့် မရှိဆင်းရဲသားတွေအနေနဲ့ ဆာလောင်မွတ်သိပ်မှု မခံစားရတော့သလို တခြားသူတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပါဘူး။ သူတို့ဟာ တောင်းစားရတဲ့အတွက် တန်ဖိုးမရှိသူလို့ မခံစားရတော့တဲ့အပြင် သူများ ပေးစာကမ်းစာအပေါ်မှာလည်း မှီခိုနေစရာမလိုတော့ပါဘူး။

ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ဟာ ဂျေရုဆလင်ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ရေးအတွက် သစ်တွေကို အရမ်းဝေးတဲ့ လက်ဘနွန်ကနေ ဘာကြောင့် တင်သွင်းခဲ့တာလဲ။

ဘုရင်ရှောလမုန်နဲ့ တုရုမင်းကြီး ဟိရံတို့ ပြုခဲ့တဲ့ သဘောတူညီချက်အကြောင်းကို ၃ ဓမ္မရာဇဝင် ၅:၁-၁၀ မှာ ဖော်ပြထားပါတယ်။ သဘောတူညီချက်အရ လက်ဘနွန်ကနေ အာရဇ်သစ်ဖောင်တွေနဲ့ ထင်းရှူးသစ်ဖောင်တွေကို ပင်လယ်မှာမျောပြီး အစ္စရေးနိုင်ငံကို တင်ပို့ခဲ့ကြတယ်။ အဲဒီသစ်တွေကို ဝတ်ပြုရာအိမ်တော်တည်ဆောက်ရေးမှာ အသုံးပြုခဲ့ကြပါတယ်။

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာ အာရဇ်သစ်ဟာ အရေးပါတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားဒေသတွေမှာ ဘုရားဝတ်ပြုကျောင်းတွေ၊ နန်းတော်တွေ တည်ဆောက်တဲ့အခါ ထုပ်တန်းတွေ၊ မှန်ပုံကွက်တွေလုပ်ဖို့ အာရဇ်သစ်တွေကို အသုံးပြုတတ်ကြတယ်။ အာရဇ်သစ်တွေကို မက်ဆိုပိုတေးမီးယားတောင်ပိုင်းဒေသရှိ မြို့ကြီးတွေဆီ မပြတ်တင်ပို့ပေးရကြောင်း၊ တစ်ခါတလေ စစ်ပွဲမှ လက်ရပစ္စည်း ဒါမှမဟုတ် လက်ဆောင်ပဏ္ဏာအဖြစ် အသုံးပြုကြောင်း တော်ဝင်မော်ကွန်းတွေ၊ ကမ္ပည်းစာတွေနဲ့ စာပေတွေက အခိုင်အမာသက်သေထူတယ်။ အီဂျစ်နိုင်ငံမှာတော့ ဘုရင့်ဖောင်တော်၊ တလားနဲ့ စျာပနသုံးပစ္စည်းတွေ ပြုလုပ်ရာမှာ အာရဇ်သစ်ကို အသုံးပြုကြပါတယ်။

လက်ဘနွန်အာရဇ်သစ်ဟာ အထူးသဖြင့် တာရှည်ခံခြင်း၊ လှပခြင်းနဲ့ မွှေးကြိုင်တဲ့ရနံ့ရှိခြင်းအပြင် ပိုးမထိုးနိုင်ခြင်းတို့ကြောင့် နာမည်ကြီးတယ်။ ဒါကြောင့် ဘုရင်ရှောလမုန်က ဝတ်ပြုရာအိမ်တော်အတွက် အကောင်းဆုံးသစ်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။ တစ်ချိန်က လက်ဘနွန်တောင်တန်းတွေကို ဖုံးလွှမ်းထားခဲ့တဲ့ အာရဇ်သစ်တောတွေဟာ ကနေ့အချိန်မှာတော့ အနည်းအကျဉ်းပဲ ကျန်တော့တဲ့အပြင် သီးခြားတောအုပ်ကလေးတွေအဖြစ်နဲ့သာ ကျန်ပါတော့တယ်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လက်ဘနွန်အာရဇ်သစ်တွေ တင်ပို့နေပုံ ရုပ်လုံးဖော်ထားတဲ့ သာဂုန်နန်းတော်က အဆီးရီးယားရုပ်ကြွ

[အသိအမှတ်ပြုစာ]

Erich Lessing/Art Resource, NY