မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွေးချယ်ရမည့်အချိန်

ရွေးချယ်ရမည့်အချိန်

ရွေးချယ်ရမည့်အချိန်

“ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း . . . တော်မူ၏။”—ကမ္ဘာဦး ၁:၂၇

ကျမ်းစာ၏နိဒါန်းပိုင်းမှ ထိုစကားများသည် “အချိန်တန်မှ” ဘုရားသခင် “လျောက်ပတ်စွာဖန်ဆင်းတော်မူ” သော အကြီးကျယ်ဆုံးအရာများမှတစ်ခုဖြစ်သည့် စုံလင်သည့်လူသားမောင်နှံ၊ အာဒံနှင့်ဧဝကို ဖန်ဆင်းခြင်းအကြောင်း ဖော်ပြသည်။ (ဒေ. ၃:၁၁) ယေဟောဝါဘုရားသခင်သည် သူတို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့် သူတို့ကို ဤသို့ဆို၏– “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈

ပထမလူသားမောင်နှံကို မိန့်ဆိုသည့် အထက်ပါစကားများတွင် ဘုရားသခင်သည် သူတို့နှင့်ပတ်သက်သည့် မိမိရည်ရွယ်ချက်ကို ဖော်ပြတော်မူခဲ့သည်။ သူတို့သည် သားသမီးများစွာ မွေးဖွားရမည်၊ ကမ္ဘာမြေကို ပြုစုစောင့်ရှောက်ရမည်၊ ယင်းကို မိမိတို့နှင့်သားစဉ်မြေးဆက်များအတွက် ကမ္ဘာချီဥယျာဉ်စံအိမ်ဖြစ်စေရမည်။ သို့သော် သူတို့အသက်ရှင်ရမည့်အချိန်နှင့် သေရမည့်အချိန်ကိုမူ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေ။ ယင်းအစား ဘုရားသခင်သည် သူတို့ရှေ့တွင် အံ့မခန်းဖွယ်အလားအလာကို ချထားပေးတော်မူသည်။ မှန်ကန်စွာရွေးချယ်ပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်နေခြင်းဖြင့် သူတို့သည် ငြိမ်းချမ်းမှုအတိပြီးသောကမ္ဘာပေါ်တွင် ပျော်ရွှင်စွာ ထာဝစဉ်အသက်ရှင်နိုင်မည်ဖြစ်သည်။

သို့သော် သူတို့သည် မှားယွင်းစွာရွေးချယ်ခဲ့ရာ ရလဒ်အနေဖြင့် လူသားအားလုံး အိုမင်းလာပြီး သေဆုံးကြရသည်။ ထို့ကြောင့် “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏” ဟုရှေးခေတ်မှဘိုးဘေးယောဘ အသိအမှတ်ပြုခဲ့သည်။ (ယောဘ ၁၄:၁) အဘယ်အရာ မှားယွင်းခဲ့၍နည်း။

“အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” ဟုကျမ်းစာကရှင်းပြသည်။ (ရောမ ၅:၁၂) ထို “တစ်ယောက်သောသူ” မှာ အာဒံမှလွဲ၍ အခြားမဟုတ်ပေ၊ သူသည် ရှင်းလင်းပြတ်သားပြီး လွယ်ကူလှသော ဘုရားသခင်၏အမိန့်ကို မနာခံရန် တမင်တကာရွေးချယ်ခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) အာဒံသည် သူ၏ရွေးချယ်မှုကြောင့် ကမ္ဘာ့ပရဒိသုဥယျာဉ်တွင် ထာဝစဉ်အသက်ရှင်နိုင်မည့်အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ သူ၏သားစဉ်မြေးဆက်များကိုလည်း ထိုအဖိုးတန်အမွေကို လက်လွတ်ဆုံးရှုံးစေပြီး အပြစ်နှင့်သေခြင်းတရားကိုသာ လက်ဆင့်ကမ်းခဲ့သည်။ အရာအားလုံး ဆုံးရှုံးသွားပုံရသည်။ သို့သော် အမှန်ဆုံးရှုံးသွားပြီလော။

အသစ်ပြုလုပ်မည့်အချိန်

နှစ်ပေါင်းထောင်ချီကုန်လွန်ပြီးနောက် ဘုရားသခင်သည် ဆာလံဆရာအား ဤသို့ရေးရန် စွမ်းအားတော်ဖြင့်ညွှန်ကြားခဲ့သည်– “ဖြောင့်မတ်သောသူတို့သည် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဧဒင်ဥယျာဉ်တွင် ဘုရားသခင်ပေးခဲ့သောကတိတော် ပြည့်စုံလာမည်ဟူသောအချက်ကို အာမခံသည့်အနေနှင့် ကိုယ်တော်မကြာမီလုပ်ဆောင်မည့်အရာကို ကျမ်းစာတွင် ဤသို့လှပစွာဖော်ကျူးထား၏– “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” ထို့နောက် “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” ဟုဘုရားသခင်ကိုယ်တိုင် မိန့်ဆိုတော်မူ၏။—ဗျာ. ၂၁:၄၊ ၅

အရာရာတိုင်းတွင် သူ့အချိန်နှင့်သူရှိသောကြောင့် ဘုရားသခင်၏ ကောင်းမြတ်လှသောကတိတော်များ ပြည့်စုံလာမည့် ထိုအသစ်ပြုလုပ်မည့်အချိန်သည် မည်သည့်အချိန်တွင် ရောက်လာမည်နည်းဟူ၍ မေးစရာပေါ်လာသည်။ ကျွန်ုပ်တို့သည် “နောက်ဆုံးသောနေ့ရက်များ” ဟုကျမ်းစာကခေါ်ဆိုထားသည့်အချိန်ကာလတွင် အသက်ရှင်နေကြောင်း၊ “အရာခပ်သိမ်းကို အသစ်ပြုလုပ်” ရန် ဘုရားသခင်အရေးယူဆောင်ရွက်တော့မည့်အချိန် အလွန်နီးနေပြီဖြစ်ကြောင်း ဤမဂ္ဂဇင်းထုတ်ဝေသူများဖြစ်သည့် ယေဟောဝါသက်သေများက လူတို့ကိုအသိပေးလျက်ရှိသည်။ (၂ တိမောသေ ၃:၁) သမ္မာကျမ်းစာကို လေ့လာဆန်းစစ်ရန်နှင့် သင် ရရှိနိုင်သည့် အံ့ဖွယ်အလားအလာများအကြောင်း သင်ယူရန် သင့်ကို ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ထို့ပြင် ‘တွေ့နိုင်သည်ကာလတွင် ယေဟောဝါကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း . . . ကြလော့’ ဟူသောဖိတ်ခေါ်ချက်ကို လက်ခံရန်လည်း အားပေးပါသည်။ (ဟေရှာယ ၅၅:၆) သင့်အသက်နှင့် ထာဝရအလားအလာများကို ကံကြမ္မာက ကြိုတင်သတ်မှတ်ထားမည့်အစား ယင်းတို့သည် သင့်လက်ထဲတွင်သာရှိပါသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

“ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏”