မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝတရားတွင် ပေါ်လွင်နေသော ဘုရားသခင်၏ဉာဏ်ပညာ

သဘာဝတရားတွင် ပေါ်လွင်နေသော ဘုရားသခင်၏ဉာဏ်ပညာ

သဘာဝတရားတွင် ပေါ်လွင်နေသော ဘုရားသခင်၏ဉာဏ်ပညာ

‘မြေတိရစ္ဆာန်နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်ထက်ပင် ထူးဆန်းသောပညာနှင့်လည်းကောင်း ငါတို့ကိုပြည့်စုံစေတော်မူသော ဘုရားသခင်ဖြစ်၏။’—ယောဘ ၃၅:၁၁

ငှက်တို့သည် အံ့ဖွယ်စွမ်းရည်များ ပိုင်ဆိုင်ထားသည်။ လေယာဉ်ဒီဇိုင်းဆွဲသူများက ငှက်တို့၏အားစိုက်မှုမပါသော ပျံသန်းပုံကို အထင်ကြီးအားကျကြ၏။ ငှက်မျိုးစိတ်အချို့သည် ကမ်းမမြင်လမ်းမမြင်အောင် ကျယ်ပြန့်သော သမုဒ္ဒရာတွင် မိုင်ထောင်နှင့်ချီပျံသန်းပြီးနောက် ၎င်းတို့လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကြသည်။

ငှက်တို့၏ နောက်ထပ်ထူးခြားသောစွမ်းရည်တစ်ခုမှာ အော်မြည်သံနှင့်တေးသီကျူးသံဖြင့် ဆက်သွယ်နိုင်စွမ်းရှိခြင်းဖြစ်ပြီး ယင်းက ဖန်ဆင်းရှင်၏ဉာဏ်ပညာကို ပေါ်လွင်စေသည်။ သာဓကအချို့ကို သုံးသပ်ကြည့်ပါ။

ငှက်တို့၏ဆက်သွယ်ပြောဆိုချိန်

ငှက်မျိုးစိတ်အချို့သည် ဥမပေါက်မီကပင် စတင်ဆက်သွယ်ပြောဆိုနေကြပြီ။ ဥပမာ၊ ငုံးငှက်အမတစ်ကောင်သည် ဥရှစ်လုံးကို တစ်နေ့တစ်လုံးနှုန်းဖြင့် ဥချသည်။ ထိုဥအားလုံးသည် တူညီသောနှုန်းဖြင့်ကြီးထွားခဲ့လျှင် ဥပေါက်ချိန်မှာ ရှစ်ရက်ကြာမြင့်ပေမည်။ သို့ဆိုလျှင် ငှက်မသည် မပေါက်သေးသောဥများကိုဝပ်နေရင်း တစ်ပတ်သားအရွယ်ငုံးပေါက်များကိုလည်း ကြည့်ရှုစောင့်ရှောက်ရသည့်တာဝန်ကို ခက်ခက်ခဲခဲလုပ်ဆောင်ရပေမည်။ သို့သော် ငုံးငှက်ရှစ်ကောင်စလုံးသည် ခြောက်နာရီအတွင်း ဥခွံကိုဖောက်ထွက်လာသည်။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။ အဓိကအကြောင်းရင်းမှာ ငုံးငှက်များသည် ဥတွင်း၌ရှိနေစဉ်ပင် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်ပြောဆိုကြပြီး တစ်ချိန်တည်းနီးပါး ဥမှပေါက်ရန် တစ်နည်းနည်းဖြင့်စီစဉ်ခဲ့ကြောင်း သုတေသီများက ဆိုသည်။

ငှက်များ ကြီးပြင်းလာသောအခါ ငှက်ထီးများသာ တေးသီကျူးလေ့ရှိသည်။ ငှက်ထီးသည် အထူးသဖြင့် မိတ်လိုက်ရာသီတွင် မိမိ၏နယ်နိမိတ်ကို မှတ်သားဖော်ပြရန် သို့မဟုတ် ငှက်မကိုဆွဲဆောင်ရန် တေးသီဆိုသည်။ ထောင်နှင့်ချီသောငှက်မျိုးစိတ်များတွင် ဘာသာစကားကိုယ်စီရှိကြပြီး ယင်းက ငှက်မများအား မိမိတို့မျိုးစိတ်မှငှက်ထီးများကို ခွဲခြားသိရှိစေနိုင်သည်။

ငှက်တို့သည် နံနက်စောစောနှင့် နေဝင်ချိန်များတွင် တေးသီကျူးလေ့ရှိပြီး ထိုသို့ပြုရာတွင် ခိုင်လုံသောအကြောင်းရင်းရှိသည်။ ထိုအချိန်များတွင် လေငြိမ်နေပြီး ဝန်းကျင်ဆူညံမှုလျော့နည်းသည်။ ငှက်တေးသီကျူးသံသည် အခြားအချိန်များတွင်ထက် နံနက်စောစောနှင့်နေဝင်ချိန်တွင် အဆ ၂၀ ပိုမိုကြည်လင်ပြတ်သားကြောင်း သုတေသီများတွေ့ရှိခဲ့ကြသည်။

ငှက်ထီးများသည် အများအားဖြင့် တေးသီကျူးလေ့ရှိသော်လည်း အထီးကော၊ အမများပါ အသံမျိုးစုံဖြင့်အော်မြည်ပြီး ယင်းတို့သည် အဓိပ္ပာယ်အမျိုးမျိုးကွဲပြားသည်။ ဥပမာ၊ ဥရောပမှစာငှက်တစ်မျိုးသည် အော်မြည်သံ ကိုးမျိုးရှိသည်။ ဝေဟင်တွင်ပျံဝဲနေသော သားစားငှက်များ၏အန္တရာယ်ကို သတိပေးရန် အော်မြည်သံတစ်မျိုး၊ မြေပြင်မှလာသောအန္တရာယ်များကို သတိပေးရန် အော်မြည်သံတစ်မျိုး အသုံးပြုကြသည်။

ထူးခြားသာလွန်သော ဆုလက်ဆောင်

ငှက်တို့၏ပင်ကိုအသိဉာဏ်သည် အလွန်ပင် စိတ်စွဲမှတ်ဖွယ်ဖြစ်၏။ သို့သော် ပြောဆိုဆက်သွယ်နိုင်စွမ်းနှင့်ပတ်သက်လျှင် လူတို့မှာ ပို၍ထူးခြားသာလွန်သည်။ ဘုရားသခင်သည် လူတို့အား ‘မိုးကောင်းကင်ငှက်ထက်ပင် ထူးဆန်းသောပညာနှင့် ပြည့်စုံစေသည်’ ဟု ယောဘ ၃၅:၁၁ တွင်ဖော်ပြသည်။ လူသားတို့၏ပြိုင်စံရှားထူးခြားချက်မှာ ခက်ခဲရှုပ်ထွေးသောအယူအဆများကို အသံနှင့်အမူအရာတို့ဖြင့် ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။

အခြားသတ္တဝါများနှင့်မတူဘဲ ကလေးသူငယ်များသည် မွေးစကပင် ရှုပ်ထွေးလှသောဘာသာစကားများကို သင်ယူနိုင်သောအရည်အသွေး ရှိပုံရသည်။ အမေရိကန်သိပ္ပံပညာရှင်အမည်ရှိ အွန်လိုင်းဂျာနယ်တစ်စောင်က ဤသို့ဆိုသည်– “လမ်းလျှောက်သင်ခါစ ကလေးငယ်များသည် မိဘများက ၎င်းတို့အား တိုက်ရိုက်မပြောဆိုသည့်တိုင် ဘာသာစကားကို သိရှိနားလည်ကြသည်၊ နားမကြားသောကလေးများသည် လက်ဟန်ပြဘာသာစကားကို အိမ်တွင်သင်ကြားခြင်းမခံရလျှင် သူတို့ကိုယ်ပိုင်လက်ဟန်ပြစကားများကို တီထွင်ကြသည်။”

ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ခံစားချက်များကို အပြောအဆို၊ အမူအရာတို့ဖြင့် ထုတ်ဖော်နိုင်စွမ်းရှိခြင်းသည် ဘုရားသခင်ထံမှအံ့ဖွယ်ဆုလက်ဆောင်ဖြစ်သည်။ သို့သော် ပို၍သာလွန်သောလက်ဆောင်မှာ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ဆက်သွယ်ပြောဆိုနိုင်စွမ်းဖြစ်သည်။ အမှန်မှာ၊ ယေဟောဝါဘုရားသခင်သည် မိမိနှင့်စကားပြောဆိုရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်ထားသည်။ ‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့’ ဟုသမ္မာကျမ်းစာက ဖော်ပြသည်။—ဖိလိပ္ပိ ၄:၆

ကျွန်ုပ်တို့သည် ခက်ခဲသောဆုံးဖြတ်ချက်များ ချရသည့်အခါ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော အတိုင်းအဆမဲ့ဉာဏ်ပညာမှ အကျိုးရယူရန် ယေဟောဝါလိုလားတော်မူသည်။ ထိုတွင်တွေ့ရသော လမ်းညွှန်မှုကို ကျွန်ုပ်တို့ မည်သို့လိုက်နာနိုင်ကြောင်း သိရှိရန် ကိုယ်တော်ကူညီပေးပါလိမ့်မည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်” ဟုကျမ်းရေးသူယာကုပ်က ဆိုသည်။—ယာကုပ် ၁:၅

သင့်ကို မည်သို့အကျိုးသက်ရောက်သနည်း

သာယာသောငှက်တေးသံ သို့မဟုတ် ကလေးငယ်တစ်ဦး ဦးဆုံးအကြိမ်စကားပြောဆိုသံကို နားထောင်ရသောအခါ သင့်ကို မည်သို့အကျိုးသက်ရောက်သနည်း။ ဘုရားသခင်၏ဖန်ဆင်းရာများမှ ကိုယ်တော့်ဉာဏ်ပညာကို သင်သတိပြုမိသလော။

ဆာလံဆရာဒါဝိဒ်သည် မိမိဖန်ဆင်းခံရပုံကို တွေးတောဆင်ခြင်ပြီးနောက် ဘုရားသခင်အား ဤသို့ပြောဆိုရန် လှုံ့ဆော်ခံရသည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၄) ဖန်ဆင်းခြင်းတွင် ပေါ်လွင်နေသော ဘုရားသခင်၏ဉာဏ်ပညာကို တန်ဖိုးထားစိတ်ဖြင့် ဆန်းစစ်သည်နှင့်အမျှ ကိုယ်တော်၏ကောင်းစွာလမ်းညွှန်နိုင်စွမ်းကို သင် ပို၍ယုံကြည်စိတ်ချလာပါလိမ့်မည်။

[စာမျက်နှာ ၅ ပါ အကြောင်းအရာအကျဉ်း]

ဆက်သွယ်ပြောဆိုနိုင်စွမ်းသည် ဘုရားသခင်ထံမှ ဆုလက်ဆောင်ဖြစ်

စာမျက်နှာ ၄ ပါအသိအမှတ်ပြုစာ]

© Dayton Wild/Visuals Unlimited