မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

ပြဿနာများကို ဖြေရှင်းခြင်း

ပြဿနာများကို ဖြေရှင်းခြင်း

ခင်ပွန်းသည် အပြော– “သမီးတွေ ဘယ်မှာလဲ။”

ဇနီးသည် အပြော– “အဝတ်အစားအသစ်တွေ ဝယ်ဖို့ ဈေးသွားကြတယ်။”

ခင်ပွန်းသည် အပြော– [စိတ်ဆိုးပြီး အသံကျယ်လောင်စွာဖြင့်] “‘အဝတ်အစားအသစ်တွေ ဝယ်ဖို့’ ဟုတ်လား။ ပြီးခဲ့တဲ့လကပဲ သူတို့ ဝယ်ခဲ့တယ် မဟုတ်လား!”

ဇနီးသည် အပြော– [စိတ်ထိခိုက်သွားပြီး အပြစ်တင်ခံရသည်ဟု ခံစားရသောကြောင့် မိမိကိုယ်ကို ကာကွယ်လျက်] “ဒါပေမဲ့ အခုက လျှော့ဈေးနဲ့ ရောင်းနေတာ။ ပြီးတော့ ကျွန်မကို အရင်ခွင့်တောင်းပြီး ကျွန်မက ခွင့်ပြုလို့ သွားကြတာ။”

ခင်ပွန်းသည် အပြော– [ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်လျက်] “ငါ့ကိုမပြောဘဲ သမီးတွေ ငွေဖြုန်းတာကို ငါလုံးဝမကြိုက်ဘူးဆိုတာ မင်းသိတာပဲ။ ငါ့ကိုမတိုင်ပင်ဘဲ မင်းဘာလို့ ဒီလောက်အမြန် ဆုံးဖြတ်ရတာလဲ။”

ထက်တွင်ဖော်ပြထားသော ဇနီးမောင်နှံသည် အဘယ်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ဟု သင်ထင်သနည်း။ ခင်ပွန်းသည် သူ၏ဒေါသကို မချုပ်ထိန်းနိုင်ကြောင်း ထင်ရှားသည်။ ထို့ပြင် သားသမီးများကို မည်မျှလွတ်လပ်ခွင့် ပေးသင့်သည်နှင့်ပတ်သက်ပြီး အငြင်းပွားနေပုံလည်း ရသည်။ ပြောဆိုဆက်သွယ်ရေးတွင်လည်း ပြဿနာရှိနေပုံ ရသည်။

စုံလင်ကောင်းမွန်သည့် အိမ်ထောင်ရေးဟူ၍ မရှိပါ။ အိမ်ထောင်သည် အားလုံးသည် ပြဿနာ တစ်မျိုးမဟုတ်တစ်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။ ပြဿနာ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ခင်ပွန်းနှင့် ဇနီးအနေဖြင့် ယင်းတို့ကို ဖြေရှင်းတတ်ရန် သင်ယူဖို့ အလွန်အရေးကြီးသည်။ အဘယ်ကြောင့်နည်း။

မဖြေရှင်းဘဲထားသော ပြဿနာများသည် အချိန်ကြာလာသည်နှင့်အမျှ ပြောဆိုဆက်သွယ်ရေးအတွက် အတားအဆီးများ ဖြစ်လာနိုင်သည်။ “ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့” ဖြစ်ကြောင်း ပညာရှိဘုရင်ရှောလမုန် တွေ့ရှိခဲ့သည်။ (သု. ၁၈:၁၉) သို့ဆိုလျှင် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းချိန်တွင် ပိုထိရောက်စွာ ပြောဆိုဆက်သွယ်နိုင်ရန် မည်သို့ လမ်းခင်းနိုင်သနည်း။

အိမ်ထောင်တွင် ပြောဆိုဆက်သွယ်ရေးသည် အသက်သွေးကြောဖြစ်ပါက မေတ္တာနှင့် လေးစားမှုသည် နှလုံးနှင့် အဆုတ်များ ဖြစ်သည်၊ ထို့ကြောင့် ကောင်းစွာ ဆက်သွယ်ပြောဆိုနိုင်ရန် မေတ္တာနှင့် လေးစားမှု လိုအပ်သည်။ (ဧဖက် ၅:၃၃) ပြဿနာများဖြေရှင်းရာတွင် မေတ္တာသည် အတိတ်မှအမှားများနှင့် ယင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာများကို မေ့ပျောက်ပစ်ရန် စေ့ဆော်ပေးပြီး လက်ရှိပြဿနာကိုသာ အာရုံစိုက်စေပါလိမ့်မည်။ (၁ ကောရိန္သု ၁၃:၄၊ ၅။ ၁ ပေတရု ၄:၈) အချင်းချင်း လေးစားမှုရှိသော အိမ်ထောင်သည်များသည် ပွင့်လင်းစွာ ပြောဆိုခွင့်ပြုပြီး ပြောဆိုသည့်အရာကိုသာ မဟုတ်ဘဲ ဆိုလိုသည့်အရာကိုပါ နားလည်နိုင်ရန် ကြိုးစားကြသည်။

ပြဿနာများဖြေရှင်းရန် အဆင့်လေးဆင့်

အောက်တွင် ဖော်ပြထားသော အဆင့်လေးဆင့်ကို သုံးသပ်ပြီး ကျမ်းစာမူများသည် ပြဿနာများကို မေတ္တာနှင့် လေးစားမှုဖြင့် ဖြေရှင်းရန် မည်သို့ ကူညီပေးနိုင်ကြောင်း သတိပြုပါ။

၁။ ပြဿနာကို ဆွေးနွေးရန် အချိန် ဖယ်ထားပါ။

“ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ . . . တိတ်ဆိတ်စွာ နေရသောအချိန်နှင့် စကားပြောရသောအချိန်လည်း ရှိ၏။” (ဒေ. ၃:၁၊ ၇) အစောပိုင်းတွင် ကိုးကားခဲ့သော အငြင်းပွားမှုက ဖော်ပြသည့်အတိုင်း ပြဿနာအချို့ကြောင့် အကြီးအကျယ် ဒေါသထွက်မိနိုင်သည်။ ထိုသို့ဖြစ်ပါက အမျက်ချောင်းချောင်းမထွက်မီ ကိုယ့်ကိုယ်ကို ချုပ်ထိန်းပြီး “တိတ်ဆိတ်စွာနေ” နိုင်ရန် ဆွေးနွေးမှုကို ခဏရပ်လိုက်ပါ။ “ရန်တွေ့စအမှုသည် ရေကန်ဘောင် ပေါက်စကဲ့သို့ ဖြစ်သောကြောင့် ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့” ဟူသော ကျမ်းစာ အကြံဉာဏ်ကို သင်လိုက်နာပါက သင်တို့၏ ဆက်ဆံရေးကို ထိခိုက်နစ်နာမှုများစွာမှ ကယ်တင်နိုင်ပါလိမ့်မည်။—သု. ၁၇:၁၄

သို့သော် “စကားပြောရသော အချိန်လည်း” ရှိ၏။ ပြဿနာများကို မဖြေရှင်းဘဲထားပါက ပေါင်းပင်များကဲ့သို့ အလျင်အမြန် ကြီးထွားလာနိုင်သည်။ ထို့ကြောင့် အလိုလိုပြေလည်သွားမည်ဟု မျှော်လင့်ကာ ယင်းတို့ကို လျစ်လျူရှုမထားပါနှင့်။ ဆွေးနွေးမှုကို သင်ရပ်လိုက်ပါက ပြဿနာအကြောင်း ပြန်ဆွေးနွေးမည့်အချိန်ကို ရွေးချယ်ခြင်းဖြင့် သင့်အိမ်ထောင်ဖက်ကို လေးစားကြောင်း ပြပါ။ ထိုသို့ပြန်ဆွေးနွေးမည်ဟု ကတိပေးခြင်းက “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသော ကျမ်းစာအကြံဉာဏ်ကို သင်တို့နှစ်ဦးစလုံး လိုက်နာရန် ကူညီပေးနိုင်ပါလိမ့်မည်။ (ဧဖက် ၄:၂၇) ထို့နောက် သင် ကတိတည်ဖို့ လိုသည်။

ဤအရာကို ကြိုးစားကြည့်ပါ– မိသားစု ပြဿနာများကို ဆွေးနွေးနိုင်ရန် အပတ်စဉ် ပုံမှန်အချိန် ဖယ်ထားပါ။ သင်သည် အလုပ်မှအိမ်သို့ ရောက်ရောက်ချင်း သို့မဟုတ် အစာမစားမီစသော တစ်ချိန်ချိန်တွင် ပို၍အငြင်းပွားတတ်ကြောင်း သတိပြုမိပါက ထိုအချိန်များတွင် မဆွေးနွေးပါနှင့်။ ယင်းအစား သင်တို့နှစ်ဦးစလုံး စိတ်ဖိစီးမှု အနည်းဆုံးဖြစ်မည့် အချိန်ကို ရွေးချယ်ပါ။

၂။ သင့်သဘောထားကို ရိုးသားစွာ၊ လေးစားစွာ ထုတ်ပြောပါ။

“လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။” (ဧဖက် ၄:၂၅ကဘ) သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင်နှင့်အရင်းနှီးဆုံး လူသားမှာ သင့်အိမ်ထောင်ဖက် ဖြစ်သည်။ ထို့ကြောင့် သင့်အိမ်ထောင်ဖက်နှင့် စကားပြောဆိုချိန်တွင် သင့်ခံစားချက်များကို ရိုးရိုးသားသား၊ တိတိကျကျ ဖော်ပြပါ။ အိမ်ထောင်သက် ၂၆ နှစ်ရှိပြီဖြစ်သော မာဂရီတာ * ဤသို့ဆို၏– “ကျွန်မ အိမ်ထောင်ကျစတုန်းက ပြဿနာပေါ်လာတိုင်း ကျွန်မ ဘယ်လို ခံစားရတယ်ဆိုတာကို ကျွန်မယောက်ျား သိလိမ့်မယ်လို့ ထင်ထားတယ်။ ဒါပေမဲ့ အဲဒီလိုထင်တာက လက်တွေ့မကျဘူးဆိုတာ သိလာတယ်။ အခုတော့ ကျွန်မရဲ့သဘောထားနဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြောဖို့ ကြိုးစားနေတယ်။”

ပြဿနာတစ်ခုအကြောင်း ဆွေးနွေးသောအခါ သင့်ပန်းတိုင်မှာ စစ်ပွဲအောင်ရန် သို့မဟုတ် ရန်သူတစ်ဦးကို အနိုင်ရရန် မဟုတ်ဘဲ သင့်သဘောထားကို သင့်အိမ်ထောင်ဖက် သိစေရန်သာ ဖြစ်ကြောင်း အမှတ်ရပါ။ ထိုသို့ထိထိရောက်ရောက် ပြုနိုင်ရန် ပြဿနာမှာ အဘယ်အရာ ဖြစ်သည်ဟု သင်ထင်ကြောင်း ဖော်ပြပါ၊ ထို့နောက် အဘယ်အချိန်တွင် ပြဿနာ အစပြုကြောင်း ပြောပါ၊ ပြီးနောက် ယင်းကြောင့် သင်မည်သို့ ခံစားရကြောင်း ရှင်းပြပါ။ ဥပမာ၊ သင့်အိမ်ထောင်ဖက်၏ စည်းကမ်းမရှိမှုကြောင့် သင်စိတ်ဆိုးနေလျှင် ဤသို့လေးစားစွာ ပြောနိုင်သည်– ‘ရှင်အိမ်ပြန်ရောက်တာနဲ့ အဝတ်တွေကို ကြမ်းပေါ်ပစ်ခဲ့တာက [ပြဿနာမှာ အဘယ်အချိန်တွင် စပြီး အဘယ်အရာ ဖြစ်ကြောင်း] အိမ်ကို ကျွန်မ သန့်ရှင်းအောင်လုပ်ထားတာကို အလေးမထားသလိုပဲ ခံစားရတယ် [သင်မည်သို့ ခံစားရသည်ကို တိတိကျကျ ရှင်းပြပါ]။’ ထို့နောက် ပြဿနာဖြေရှင်းနည်းမှာ အဘယ်အရာ ဖြစ်သည်ဟု သင်ထင်ကြောင်း လိမ္မာပါးနပ်စွာ ဖော်ပြပါ။

ဤအရာကို ကြိုးစားကြည့်ပါ– သင့်အိမ်ထောင်ဖက်နှင့် မဆွေးနွေးမီ သင့်သဘောထားကို အသေအချာ သိနိုင်ရန် ပြဿနာမှာ အဘယ်အရာ ဖြစ်သည်ဟု သင်ထင်ကြောင်း၊ မည်သို့ ဖြေရှင်းလိုကြောင်း ချရေးပါ။

၃။ သင့်အိမ်ထောင်ဖက်၏ ခံစားချက်များကို နားထောင်ပြီး အသိအမှတ်ပြုပါ။

ခရစ်ယာန်များသည် ‘နားကြားခြင်းငှာ လျင်မြန်ပြီး စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေး’ သင့်သည်ဟု တပည့်ဖြစ်သူယာကုပ် ရေးခဲ့သည်။ (ယာကုပ် ၁:၁၉) ပြဿနာတစ်ခုနှင့်ပတ်သက်၍ သင် မည်သို့ ခံစားရသည်ကို သင့်အိမ်ထောင်ဖက် နားမလည်ဟူသောစိတ်အထင်ထက် အိမ်ထောင်ကို ပို၍မသာမယာဖြစ်စေသောအကြောင်း မရှိသလောက်ပင်။ ထို့ကြောင့် သင့်အိမ်ထောင်ဖက်တွင် ထိုသို့သောအထင်အမြင်မျိုး မဝင်လာမိစေရန် စိတ်ပိုင်းဖြတ်ထားပါ။—မဿဲ ၇:၁၂

အိမ်ထောင်သက် ၃၅ နှစ်ရှိပြီဖြစ်သော ဝူဖ်ဂန် ဤသို့ဆို၏– “ပြဿနာတွေကို ဆွေးနွေးတဲ့အခါ၊ အထူးသဖြင့် ကျွန်တော့်စဉ်းစားပုံကို ကျွန်တော့်ဇနီး နားမလည်ဘူးလို့ ခံစားရတဲ့အခါ အရမ်းစိတ်ညစ်တယ်။” အိမ်ထောင်သက် ၂၀ ရှိပြီဖြစ်သော ဒိုင်ယာနာကလည်း “ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ကျွန်မပြောတာကို ကျွန်မယောက်ျား သေချာနားမထောင်ပေးဘူးလို့ သူ့ကို ကျွန်မ အမြဲပြောလေ့ရှိတယ်” ဟုဝန်ခံသည်။ ယင်းကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။

သင့်အိမ်ထောင်ဖက်၏ အတွေး သို့မဟုတ် ခံစားချက်ကို သင် သိပါသည်ဟု မထင်မှတ်ပါနှင့်။ “မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ [“အတူတကွ ဆွေးနွေးသောသူတို့မူကား၊” ကဘ] ပညာရှိ၏” ဟု ဘုရားသခင့်နှုတ်မြွက်တော်က ဆိုသည်။ (သု. ၁၃:၁၀) သင့်အိမ်ထောင်ဖက်၏ သဘောထားကို လွတ်လပ်စွာ ပြောဆိုခွင့် ပေးခြင်းဖြင့် လေးစားမှု တင်ပြပါ။ ထို့နောက် သူပြောသည့်အရာကို သင် နားလည်ကြောင်း သေချာစေရန် ယင်းကို ပြန်ပြောပြပါ။ ခနဲ့တဲ့တဲ့ မဟုတ်ဘဲ၊ ဒေါသ မထွက်ဘဲ ပြန်ပြောပါ။ သင့်အိမ်ထောင်ဖက် ပြောသည့်အရာတစ်ခုခုကို သင် နားလည်မှုလွဲသွားပါက သူ့အား ပြန်ပြင်ပေးစေပါ။ သင့်ခံစားချက်ကိုသာ ဒိုင်ခံ မပြောပါနှင့်။ ကိစ္စရပ်အပေါ် တစ်ဦးစီ၏ သဘောထားနှင့် ခံစားချက်ကို နားလည်ပြီဟု သင်တို့နှစ်ဦးစလုံး ယူမှတ်သည့်အထိ ထိုပုံစံအတိုင်း တစ်လှည့်စီ ပြောဆိုသွားပါ။

သင့်အိမ်ထောင်ဖက်၏ စကားကို အာရုံစိုက်နားထောင်ပြီး သူ၏သဘောထားကို အသိအမှတ်ပြုရန် နှိမ့်ချမှုနှင့် စိတ်ရှည်မှု လိုသည်မှာ မှန်ပါသည်။ သို့သော် သင့်အိမ်ထောင်ဖက်ကို ထိုသို့ဂုဏ်တင်ရာတွင် သင် ဦးဆောင်မည်ဆိုပါက သူလည်း သင့်ကို ပို၍ဂုဏ်တင်လိုပါလိမ့်မည်။—မဿဲ ၇:၂။ ရောမ ၁၂:၁၀

ဤအရာကို ကြိုးစားကြည့်ပါ– သင့်အိမ်ထောင်ဖက် ပြောဆိုရာကို ပြန်ပြောသည့်အခါ သူပြောသည့်အတိုင်း အတိအကျ ပြန်ပြောရုံသာ မပြုပါနှင့်။ သင့်အိမ်ထောင်ဖက် ပြောဆိုရာနှင့် ခံစားချက်ကို သင် မည်သို့ နားလည်ကြောင်း ကိုယ်ချင်းစာသည့်ပုံစံဖြင့် ဖော်ပြရန် ကြိုးစားပါ။—၁ ပေတရု ၃:၈

၄။ ဖြေရှင်းနည်းကို သဘောတူပါ။

“လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက် ထူလိမ့်မည်။” (ဒေ. ၄:၉၊ ၁၀) အိမ်ထောင်ဖက်နှစ်ဦးစလုံး အတူတကွ ကြိုးစားအားထုတ်ပြီး တစ်ဦးကိုတစ်ဦး ထောက်မမှသာ အိမ်ထောင်ရေး ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ယေဟောဝါသည် ယောက်ျားများကို အိမ်ထောင်ဦးစီးအဖြစ် ခန့်အပ်ထားသည်မှာ မှန်ပါသည်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃) သို့သော် ဦးစီးမှုသည် အာဏာရှင်စနစ် မဟုတ်ပေ။ ပညာရှိသော ခင်ပွန်းသည် ဇနီး၏သဘောထားများကို ထည့်မစဉ်းစားဘဲ နိုင်လိုမင်းထက် ဆုံးဖြတ်မည် မဟုတ်ပေ။ အိမ်ထောင်သက် ၂၀ ရှိပြီဖြစ်သော ဒေးဗစ်က “ကျွန်တော့်ဇနီးနဲ့ သဘောတူနိုင်မယ့် အချက်ကလေးကို ကြိုးစားရှာတယ်၊ ကျွန်တော်တို့နှစ်ယောက်စလုံး လက်ခံနိုင်မယ့် ဆုံးဖြတ်ချက်ကိုပဲ ရအောင်ရှာတယ်” ဟုဆိုသည်။ အိမ်ထောင်သက် ခုနစ်နှစ်ရှိပြီဖြစ်သော တန်ယာက “ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာ အဓိက မဟုတ်ဘူး။ တစ်ခါတလေ ပြဿနာတစ်ခုကို ဖြေရှင်းနည်းနဲ့ပတ်သက်ပြီး သဘောထားအမျိုးမျိုး ရှိတတ်တယ်။ ပြောင်းသာလဲသာရှိပြီး အကျိုးသင့်အကြောင်းသင့်ရှိတာက အောင်မြင်ဖို့ သော့ချက်ဖြစ်တယ်ဆိုတာ ကျွန်မ တွေ့ရှိခဲ့တယ်” ဟုဆိုသည်။

ဤအရာကို ကြိုးစားကြည့်ပါ– သင်တို့ တွေးမိနိုင်သမျှ ဖြေရှင်းနည်းများကို ချရေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်ကို တည်ဆောက်ပါ။ အကြံကုန်သွားသောအခါ သင်တို့စာရင်းကို ပြန်ဆန်းစစ်ပြီး သင်တို့နှစ်ဦးစလုံး သဘောတူသော ဖြေရှင်းနည်းအတိုင်း ဆောင်ရွက်ပါ။ ထို့နောက် ဆုံးဖြတ်ချက်အတိုင်း လုပ်မလုပ်နှင့် မည်မျှအောင်မြင်သည်ကို ကြည့်ရန် အချိန်တစ်ချိန်ကို ရွေးချယ်ပါ။

တသီးတခြားစီ မဟုတ်ဘဲ အတူတကွ လုပ်ဆောင်ပါ

ယေရှုသည် အိမ်ထောင်ရေးကို ထမ်းပိုးနှင့် ခိုင်းနှိုင်းခဲ့သည်။ (မဿဲ ၁၉:၆) ကိုယ်တော့်ခေတ်တွင် ထမ်းပိုးဟူသည် တိရစ္ဆာန်နှစ်ကောင် အတူတကွ အလုပ်လုပ်နိုင်ရန် သူတို့ကို ချိတ်ဆက်ထားသည့် သစ်သားချောင်း ဖြစ်သည်။ တိရစ္ဆာန်နှစ်ကောင်သည် အတူတကွ ပူးပေါင်းမလုပ်ဆောင်ပါက အလုပ်ကောင်းစွာ မပြီးမြောက်နိုင်သကဲ့သို့ ထမ်းပိုးကလည်း သူတို့ကုပ်ပိုးကို ပွတ်တိုက်ကာ နာကျင်စေမည် ဖြစ်သည်။ အတူတကွ လုပ်ဆောင်ပါက လေးလံသောဝန်များကို ဆွဲနိုင်မည် သို့မဟုတ် လယ်ထွန်နိုင်မည် ဖြစ်သည်။

အလားတူ၊ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသော ခင်ပွန်းနှင့် ဇနီးသည်လည်း အိမ်ထောင်ရေးထမ်းပိုးအောက် ပွတ်တိုက်ခံရနိုင်သည်။ တစ်ဖက်တွင်မူ အတူတကွ လုပ်ဆောင်တတ်ပါက မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်ပြီး ကောင်းကျိုးများစွာ ဖြစ်မြောက်စေနိုင်မည် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကာလာလာအမည်ရှိ ပျော်ရွှင်သောအိမ်ထောင်သည်တစ်ဦး ဤသို့ဆိုသည်– “ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောဆိုတယ်၊ တစ်ယောက်ရဲ့နေရာမှာ တစ်ယောက်က ဝင်ကြည့်တယ်၊ ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းပြီး ကျမ်းစာမူတွေကို လိုက်နာခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းခဲ့တာ ၂၅ နှစ်ရှိပြီ။” သင်လည်း ထိုသို့ ပြုနိုင်မည်လော။

မိမိကိုယ်ကို မေးပါ . . .

  • ငါ့အိမ်ထောင်ဖက်နဲ့ အဆွေးနွေးချင်ဆုံး ပြဿနာက ဘာလဲ။

  • ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့အိမ်ထောင်ဖက်ရဲ့ ခံစားချက်တွေကို သေချာနားလည်အောင် ငါ ဘယ်လို လုပ်ရမလဲ။

  • ကိစ္စရပ်တွေကို ငါ့စိတ်ကြိုက်လုပ်ဖို့ အမြဲတောင်းဆိုနေမယ်ဆိုရင် ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်မလဲ။

^ အပိုဒ်၊ 17 နာမည်အချို့ ပြောင်းထားသည်။