မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ဝတ်ပြုရာကျမ်း​အခန်းကြီး ၂၅ ၌​ဖော်ပြ​ထားသော ယုဘိလ​နှစ်​အစီအစဉ်​က အဘယ်အရာကို ကြိုတင်​ညွှန်ပြ​သနည်း။

မောရှေ​ပညတ်​က “သတ္တမ​နှစ်​သည် . . . တစ်ပြည်လုံး​ငြိမ်​ဝပ်​စွာ​နေ၍ ဥပုသ်​စောင့်​ရသော​နှစ်​ဖြစ်၏” ဟု​ပြဋ္ဌာန်း​သည်။ ထို​နှစ်​နှင့်​ပတ်သက်​၍ ဣသရေလ​လူမျိုး​တို့သည် ဤသို့​မိန့်မှာ​ခံရ​ကြသည်– “လယ်​မ​လုပ်​ရ။ စပျစ်​ဥယျာဉ်​ကို​မ​သုတ်သင် [“မ​တိ​ညှပ်၊” က​ဘ] ရ။ လယ်​၌​အလိုလို​ပေါက်​သော အသီးအနှံ​ကို​မျှ​မ​ရိတ်​ရ။ မ​သုတ်သင်​သော စပျစ်​ဥယျာဉ်​အသီးကို​မျှ​မ​ဆွတ်​ရ။ တစ်ပြည်လုံး ငြိမ်​ဝပ်​စွာ​နေရ​သော​နှစ်​ဖြစ်၏။” (ဝတ်ပြုရာ ၂၅:၄၊ ၅) ထို့​ကြောင့် သတ္တမ​နှစ်​တိုင်း​သည် တစ်ပြည်လုံး​ဥပုသ်​စောင့်​ရသည့်​နှစ်​ဖြစ်​ရ၏။ ထို့​ပြင် ခု​နစ်​ကြိမ်​မြောက်​ဥပုသ်နှစ်​ပြီး​သည့် နောက်​တစ်နှစ်​ဖြစ်သော အနှစ် ၅၀ မြောက်​သော​နှစ်​တိုင်း​သည် ယုဘိလ​နှစ်​ဖြစ်​ရ၏။ အဆိုပါ​နှစ်​တွင် အဘယ်အရာ​ဖြစ်ပျက်​ရမည်​နည်း။

မောရှေ​မှ​တစ်ဆင့် ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ၏– “ငါးဆယ်​မြောက်​သော​နှစ်ကို သန့်ရှင်း​စေ​သဖြင့် တစ်ပြည်လုံး​၌ ပြည်သား​အပေါင်း​တို့အား လွတ်​ရာ​အခွင့်​ကို​ကြွေးကြော်​ရမည်။ ယုဘိလ​နှစ်​ဖြစ်၍ လူတိုင်း​မိမိ​ပိုင်​သော​မြေ [“အသီးသီး​ပိုင်ဆိုင်ရာ​ကို ပြန်ပေး​ရမည်၊” က​ဘ]၊ မိမိ​အဆွေအမျိုး​ထံ​သို့​ပြန်​ရမည်။ ငါးဆယ်​မြောက်​သော​နှစ်​သည် ယုဘိလ​နှစ်​ဖြစ်သော​ကြောင့် လယ်​မ​လုပ်​ရ။ အလိုလို​ပေါက်​သော​အပင်ကို​မျှ မ​ရိတ်​ရ။ မ​သုတ်သင်​သော​စပျစ်​ဥယျာဉ်​အသီးကို​မျှ မ​ဆွတ်​ရ။” (ဝတ်ပြုရာ ၂၅:၁၀၊ ၁၁) ယုဘိလ​ဟူသည် မြေကြီး​အတွက် ဥပုသ်​ထပ်​နှစ်ကို​ဆိုလို​သည်။ ပြည်သူပြည်သား​များ​အတွက်​မူ လွတ်လပ်ခွင့်​ရသော​နှစ်​ဖြစ်သည်။ ကျွန်​အဖြစ် ရောင်းချ​ခံရ​သော မည်သည့်​ဂျူး​မဆို ထို​နှစ်​တွင်​လွတ်မြောက်​၏။ မလွှဲ​မရှောင်​သာ ရောင်းလိုက်​ရသော ဘိုးဘွားပိုင်​မြေယာ​ပစ္စည်း​ကို ထို​နှစ်​တွင် သက်ဆိုင်ရာ​မိသားစု​ထံ ပြန်အပ်​ရန်ဖြစ်​၏။ ယုဘိလ​နှစ်​သည် ရှေးခေတ်​ဣသရေလ​လူမျိုး​အတွက် ပြန်လည်​ထူထောင်​ရာ​နှစ်၊ လွတ်မြောက်ခြင်း​နှစ်​ဖြစ်​ရ၏။ ယင်းက ခရစ်ယာန်​များ​အတွက် အဘယ်အရာ၏​ရှေ့ပြေး​ပုံရိပ်​ဖြစ်သနည်း။

ပထမ​လူသား​အာဒံ​၏ ပုန်ကန်မှု​က လူသား​အပေါင်း​ကို အပြစ်​တရား​၏​ကျွန် ဖြစ်စေ​ခဲ့​သည်။ အပြစ်​၏​ချုပ်နှောင်​မှု​မှ လူသား​တို့ကို​လွတ်မြောက်​စေဖို့ ဘုရားသခင်​ပြင်ဆင်​ပေး​သည့်​အစီအစဉ်မှာ ယေရှု​ခရစ်​၏ ရွေးဖိုး​ပူဇော်ရာ​ယဇ်​ဖြစ်သည်။ * (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ယောဟန် ၂:၁၊ ၂) ခရစ်ယာန်​များသည် အပြစ်​တရား​အောက်​မှ အဘယ်​အချိန်တွင် လွတ်မြောက်သွား​ကြ​သနည်း။ ဝိညာဉ်​တော်​ဖွား​များ​ကို တမန်​တော်​ပေါလု​က ဤသို့​ဆို​သည်– “ယေရှု​ခရစ်​၌​တည်​၍ အသက်ရှင်​စေသော​ဝိညာဉ်​တော်​၏​တရားသည် အပြစ်​တရား​၏​လက်​မှ​လည်းကောင်း၊ သေခြင်း​တရား​၏​လက်​မှ​လည်းကောင်း ငါ့ကို​ကယ်လွှတ်​ပြီ။” (ရောမ ၈:၂) ကောင်းကင်​အသက်တာ​ရဖို့ မျှော်လင့်​သူများ​သည် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံရ​ချိန်​တွင် ထို​လွတ်မြောက်မှု​ကို ရရှိ​ကြသည်။ သူတို့သည် အသွေးအသား​ကိုယ်ခန္ဓာ​ဖြင့် အသက်ရှင်နေ​ပြီး မစုံလင်သူ​ဖြစ်နေ​ကြ​သေး​သော်လည်း ဘုရားသခင်​သည် သူတို့ကို ဖြောင့်မတ်​သူများ​အဖြစ် ကြေညာ​ပြီး ဝိညာဉ်​ရေးသား​များ​အဖြစ် မွေးစား​လိုက်​သည်။ (ရောမ ၃:၂၄; ၈:၁၆၊ ၁၇) အုပ်စု​လိုက်​အနေ​နှင့် ဝိညာဉ်​တော်​ဖွား​များ​၏ ခရစ်ယာန်​ယုဘိလ​သည် စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် စတင်​ခဲ့​သည်။

မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်​ကြ​သူ “အခြားသိုး” များနှင့်​ပတ်သက်​၍​ကော။ (ယောဟန် ၁၀:၁၆) အခြားသိုး​များ​အတွက်​မူ ခရစ်တော်​၏​အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​သည် ပြန်လည်​ထူထောင်ခြင်း​နှင့် လွတ်မြောက်ခြင်း အခါသမယ​ဖြစ်ပါ​လိမ့်​မည်။ ဤ​အနှစ်​တစ်ထောင်​ကြာ ယုဘိလ​အတောအတွင်း ယေရှုသည် ကိုယ်တော်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​၏ အကျိုးကျေးဇူးများ​ကို ယုံကြည်သူ​လူသားများ​အပေါ် အကျိုး​သက်ရောက်​စေပြီး အပြစ်​၏​အကျိုးဆက်များ​ကို ချေဖျက်​ပစ်​မည်။ (ဗျာ. ၂၁:၃၊ ၄) ခရစ်တော်​၏​အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အဆုံး​တွင် လူအပေါင်း​တို့သည် စုံလင်​သည့်​အဖြစ်သို့​ရောက်ရှိ​ပြီး မွေးရာပါ အပြစ်​နှင့်​သေခြင်း​မှ​လည်း လုံးလုံး​လွတ်မြောက်သွား​မည်။ (ရောမ ၈:၂၁) အဆိုပါ​ပြီးမြောက်​အောင်မြင်မှု​နှင့်အတူ ခရစ်ယာန်​ယုဘိလ ကုန်ဆုံး​သွားပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အမှန်​မှာ၊ ယေရှုသည် “ဖမ်းသွား​ချုပ်​ထား​လျက်​ရှိသောသူ​တို့အား လွှတ်​ခြင်း​အကြောင်း . . . ကို ပြ​စေခြင်း​ငှာ” စေလွှတ်​ခံ​ခဲ့​ရသည်။ (ဟေရှာယ ၆၁:၁-၇; လုကာ ၄:၁၆-၂၁) ဝိညာဉ်​ရေး​လွတ်မြောက်မှု​ကို ကိုယ်တော်​ကြေညာ​ခဲ့​၏။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အနှစ်​တစ်ထောင်​ယုဘိလ​သည် “အခြားသိုး” များ​အတွက် ပြန်လည်​ထူထောင်ခြင်း​နှင့် လွတ်မြောက်ခြင်း​အခါသမယ​ဖြစ်